နတ်စည်ငယ် ရွမ်းပါလို့

ဆူးငှက်

ဇဋ္ဌစန်းမြိုင် ကြိုင်ထုံမွှေးသည်

မြူလေးလေဝှေ့ ချပ်ရိုးငုံညှာတံ

မေထုန်နယ်ခေတ် ခါဝဿန်မှာ

စာမေးစာပြန် ဝါတော်လှမ်းမို့

ရွေသန်းရံခ သီဟာဘုံပြင်

လူမှူးရာနန်းရှင် . . .

နတ်နှုန်းတမွတ် ညာထွတ်တင်ငယ်

သုဓမ္မာခွင် လှူပွဲခံရှင့်လေး။ ။

လေကငြိမ်သည်။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေးသွးသည်။ နဖူးဆံစလေး တစ်စ ကနွဲ့ကလျလေးသာ လှုပ်သည်။ လေကအငြိမ် နေကအပူမို့ ကြွက်ကြွက်သာဆူ ပူပါဘိ၏။

တွင်းရေတွေခမ်း၊ ကန်ရေတွေခြောက်ကုန်ကြပြီ။ သစ်ရွက်တို့ အစိမ်းဆုတ်၏။ ရှားစောင်း၊ဆူးခြုံ၊ ကိုင်းပင်၊ မိုးနှံတို့ ပြိုင်းပြိုင်းထလာကြသည်။ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှားဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဗြန်းဗြန်းမြည်၏။ ကိစ္စမရှိ။

ဤအပူမျိုး ၄ရက်၊ ၅ရက်၊ တစ်ပတ်မျှ ကြိတ်မှိတ်၊ ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်ထလာကြသည်။​ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည်။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှာ်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။မကြာမီ . . . မကြာမီ။

မကြာမီ . . . မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးက ရွာ မိုးသားအညို့… ဝမ်းသာလုံးဆို့ လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။

မိုးလား လေလား ထွေပြားနေဆဲ . . .ဝေါခနဲ မိုးပြေးတစ်ပြိုက် ရွာချလိုက်သည်။ တံခါးပိတ်သူပိတ်၊ မိုးရေခံသူခံဖို့ပြင်ဆင်ဆဲ မိုးအရှိန်ကလည်း စဲသွားပြန်သည်။ကောင်းကင်သည် သူမဟုတ်သလို စောစောက အခြေအနေနှင့် ဘာမျှ မဆိုင် လင်းထိန်ကျဲတောက် လာပြန်တော့၏။ နေကြောင့် ပူသည်၊ မစို့မပို့ မိုးကြောင့် ပူသည်။ ရေငွေ့ကြောင့် ပူသည်။ နယုန်သည် ဤသို့ ကလူကျီစယ် လှည့်စား တတ်ချေ၏။ နှောင်း မိုးအကူးကာလမို့က လေလည်း အားလျှော့၊ မိုးကလည်း မိုးမပီ၊ နွေမဟုတ် မိုးမဟုတ် အခါရာသီ။ ဒါပေမယ့် စပယ်ပွင့်သည်။မြတ်လေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်း တုတ်မျှ စပယ်မြတ်လေး ခိုင်သီကာကုံးပြီး . . . ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စပယ်မြတ်လေးရနံ့ ကြူကြူလှိုင်တော့သည်။ တော်သေးသည်။ နယုန်မှာ စပယ်မြတ်လေးပွင့်ပေလို့။ စပယ်ရနံ့ မြတ်လေးရနံ့ သင်းသင်းတွေကို ခံစားရင်းမြက်သားမွေးစေမည့် မိုးသေးမိုးမွှားကို မျှော်မိနေသည်လေ…။

နတ်စည်ငယ် ရွမ်းပါလို့ ရိုက်မွှမ်းငယ် သံစုံ၊

က,မြူးငယ်ခုံသည် လနယုန်သည်ချိန်မို့

မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။ . . . တဲ့။

ယပ်တောင် တဖျပ်ဖျပ်ခတ်ရင်း နယုန်လဘွဲ့ လွမ်းချင်းကလေးအား ဆိုညည်းနေမိသည်။

နယုန်မိုးသေးမြက်သားမွေးသတဲ့ . . .၊ အခု နယုန်ကဖြင့် ပူပြန်လျှင်လည်း ခြစ်ခြစ်တောက်။ဘမိုးတဲ့ဟေ့ ဆိုပြန်လျှင်လည်း ဝုန်းဒိုင်းကြဲ။ အစွန်းနှစ်ဖက် ရောက်လှသည့် ရာသီဖြစ်သည်။ စည်းချက် ဝါးချက်ကျကျဖြင့် နရီစည်းလေးကြီးမှာ ချွဲနွဲ့စွာ တီးခတ်ရမည့် နတ်စည်ငယ်လည်း ဝုန်းဒိုင်းကြဲ ဗိန်းဗောင်းတိုက်တော့သည်။ သိကြားနှင့် အသူရာ စစ်ခင်းပုံက ကြမ်းလှချည့်။ နယုန်မြစ်ရေပြင်သည် ““တငြိမ့်ငြိမ့်””နှင့် မိုးဖွဲ မိုးသေး အားညံ့စွာ ခံယူလဲလျောင်းနေလို့ ကောင်းသော်လည်း၊ မိုးမညို့မီမှာတောင်လေပြင်းပြင်းတွင် ဒေါသကြီး၏။ သွန်ချအံ့ငှာ မိုးစက်မိုးပေါက်ကို အားကျမခံ ခုန်ပေါက်၏။ ဝါဆိုဝါခေါင် မရောက်မီမှာပင် မာန်ဟုန်ပြင်းနှင့်သာမြစ်ပြင်ပါတကား။နှင်းခဲပွင့်တို့က အရည်ပျော်ကာ ကျဉ်းမြောင်းနက်ရှိုင်း ကျောက်ကြိုကျောက်ကြားမှာ စီးဆင်းစိမ့်သောငှာ မြစ်ရေသည် ကန္တာရလွင်ပြင်၊ ကိုင်းတော၊ ယာစပ်၊ ထန်းတော၊ လယ်ကွင်း၊ဖြတ်သန်းပြီး ဓနိတော လတာပြင်ကြား စီးဆင်းကာ ကော်ဖီရောင် ရွှံ့နောက်ဒီရေဖြင့် တိုးဝှေ့ကာ စီးဆင်းရသည့် ဥတုသုံးလီတစ်လျှောက် မြေ၊လေ၊ မိုးတို့ဖြင့် အံဖက်တု ပြိုင်ရသည့် အကြိမ်ကဖြင့် မနည်းသေး။ သို့တစ်စေ နှစ်ကုဋေကုဋာဖြတ်သန်းမှု သမ္ဘာ ရန်စွယ်အပေါင်းကို တွန်းလှန်ခဲ့ရာ၏။ တိုးလိုက်ဝှေ့လိုက်၊ တွန်းလိုက် တိုက်လိုက်နှင့် အလီလီ အကြိမ်ကြိမ်နွှဲကာ မိမိကို ဥပက္ခါပြုကာ ပစ်ပယ်ထားသော လူသားများကိုပင် အပြစ်မမြင်အားဘဲ သည်လူသားများ အကျိုးအတွက်ပင်ပြန်လည် ပေးဆပ်နေသည်ကော။

လနယုန်သည် ချိန်ခါမို့ မြူတိမ်လွှာ ဆိုင်းပြန်သည်နှင့် ““ကမ္ဘာတန်ဆာပေါ် ဦးစွာ၊ အရိယာပထ၊ လေးလီမျှအောင် နာမတဂုဏ်ပေါက္ခရမိုး၊ ရွာသွန်းဖြိုး””သော်လည်း တာတစ်ပေါင် အပဲ့မခံ၊ ချောင်းတစ်ရိုး အကျိုးမခံဘဲ လူသားတို့ အကျိုးအတွက် အချိန်ပြည့် သယ်ပိုးနေသော အာဂ မြစ်ဧရာပါတကား။

မြစ်မင်း ဧရာအားနမူနာ ယူကြပါကုန်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW