မြို့ကြီး၏ အရှေ့မြောက်အရပ်မှာ…

ဆူးငှက်

မန္တလ ပဗ္ဗတေ ဋ်ဌိတဗုဒ္ဓါနံ အဟံ ဝန္တာမိ သဗ္ဗဒါ။
ဣဒံ ဝစနံသစ္စံဧတနေ သစ္စဝဇ္ဇနေ သာတ္ထိမဟောမိ သဗ္ဗဒါ။
အရှေ့မြောက်ကျုံးထောင့် သုဓမ္မာဇရပ်ထိပ် မန်ကျည်းပင်ကြီးအောက်မှာ ရပ်ရင်း မန္တလေးတောင် ဘုရားရှိခိုးကို ရွတ်ဆိုနေမိ၏။မ-အကျွန်ုပ်အား။ သဗ္ဗဒါ-အခါခပ်သိမ်း။သာတ္ထိ-
ချမ်းသာခြင်းသည်။ ဟောမိ-ဖြစ်ရပါလို၏။ တဲ့…။

တကယ်တော့ ဟောသည် မန္တလေးတောင်ရိပ်က မန်ကျည်းပင်အောက်မှာပင် ချမ်းသာခြင်းကို ခံစာနေရချေပြီ။ တစ်ဖက်မှာ ကျုံးရိပ် ရေရိပ် ကြာရိပ်…၊ဟောသည်မှာ သုဓမ္မာဇရပ်တန်း…။ရှေ့တူရူမှာ စန္ဒာမုနိမြတ်စွာဘုရား…။ ဟိုမှာ ကုသိုလ်တော်…၊ရှေ့မှာ စိမ်းရောင်စုံခြယ် မန္တလေးတောင်တော်က အုပ်မိုး…။ မန္တလေးတောင်တော်နှင့် မန်ကျည်းပင်ရိပ်ကြားမှာ ကျောက်တော်ကြီးဘုရားပရိဝုဏ်။ မန္တလေးတောင်၊ စန္ဒာမုနိနှင့်ကျောက်တော်ကြီး ဖိုခုံလောက်ဆိုင် အလယ်မှာက ဆီးဘန်နီဆရာတော် အထိမ်းအမှတ်ဗိမာန်…။ သည်နေရာက မန္တလေး၏ဇာတိချက်မ ဗဟိုနေရာဖြစ်၏။ သည်နေရာက မန္တလေးရနံ့ အထုံမွမ်းဆုံးနေရာလည်းဖြစ်သည်။ သည်နေရာက ဇာတိပုည ဂုဏ်မာနတို့ တက်ကြွဖွယ်ရာ နေရာလည်းဖြစ်ချေသည်။

အရိပ်ကောင်းသော မန်ကျည်းပင်ကြီးတွအောက်မှာ ဖျော်ရည်သည်လေးတွေ ရှိမည်။ အကြော်သည်လေးတွေရှိမည်။ တစ်ခါတစ်ရံ မန္တလေးမြီးရှည်သည်ပင် ရှိနိုင်ပါ၏။ စန္ဒာမုနိဘုရား အနောက်မုခ်အနီး ထနောင်းပင်ထက်မှ ချိုးကူသံက ဘိုးဘိုးကြီး နတ်နန်းမှ နတ်ဒိုးသံနှင့် အပြိုင်ဖြစ်သည်။ မန္တလေးတောင်အစိမ်းနှင့ကျောက်တော်ကြီးဘုရား ထုံးဖြူဖြူနောက်ခံတွင် ဟင်္သပြဒါးရောင် အမိုးများနှင့် တညီတညာတည်းသော သုဓမ္မာဇရပ်တန်းက ကျုံးရေပြင်မှာ ပုံရိပ်ထင်နေသည့် မြင်ကွင်းကား မန္တလေး၏ တသသစွဲမက်ဖွယ်မြင်ကွင်းဖြစ်သည်။ ဘယ်သောအခါမှ မပျောက်ပျက်စေလိုသော မြင်ကွင်းလည်းဖြစ်ချေသည်။

ထိုနေရာတစ်ဝိုက်ကို မန္တလေးသားတိုင်း စွဲမက်သတိရရှိနေသည့် နေ့များလည်း
ရှိပါသေးသည်။ ထိုနေ့များကား နှစ်စဉ် သီတင်းကျွတ်လပြည့် ပတ်ဝန်းကျင် ရက်များပင်တည်း။ ကျောက်တော်ကြီး၊ ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားပွဲတော်ရက်များပင်ဖြစ်ပါသည်။ အရှေ့ကျုံးလမ်း စတင်ရာ မန္တလေးတောင်ခြေက လမ်းပေါ်မှာ ယာယီဈေးတန်းများ ထိုးထားသည်။ ဘုရားသုံးဆူကြားမှာ ဈေးတန်းတွေက အသွယ်သွယ်…။ ထိုဈေးတန်းများတွင် မုန့်ခေါင်းအုံး၊ ကရေကရာ စသော မြန်မာ့ရိုးရာမုန့်စုံများ ရောင်းချဈေးတန်းကြီးများ၊ သင်ဖြူးဖျာ၊တောင်းနှင့် ရိုးရာလူသုံးကုန်ပစ္စည်းရာင်းချရာ ဆိုင်တန်းကြီးများ သီချင်းသံ တညံညံ ဈေးဝယ်သူအုတ်အုတ်ကျက်ကျက်ဖြင့် စည်ကားကျပ်ညပ်နေတတ်သည်။ မုန့်လင်မယား ၊ချွေတာရေးမုန့်၊ မုန့်သိုင်းခြုံသည်များဆီမှ မုန့်ကြော်နံ့များကလည်း ပွဲခင်းအနှံ့ သင်းပျံ့နေတော့၏။ကျောက်တော်ကြီတောင်ဘက်မုခ်၊ ကုသိုလ်တော် အနောက်မုခ်နှင့် စန္ဒာမုနိအရှေ့မုခ်ရှိ ဇာတ်ရုံကြီးများရှေ့ တွင် စပယ်ပန်းနံ့၊ဇွန်ပန်းနံ့တွေ ဝေနေတော့သည်။ ငါးဆင့်ကြွေချိုင့်၊ ကတ္တီပါနားကွပ် သင်ဖြူးဖျာ၊ မှီအုံး၊ ခေါင်းအုံးအစုံဖြင့် ပွဲကြိုက်သူ မန္တလေးသူကြီးတွေက ဇာတ်ရုံနောက်ဖေးပေါက်မှ မင်းသားထံဆီသို့ ပန်းကုံးပေး ဟန်ပြင်နေကြ၏။

မင်္ဂလာသိမ်တော်ကန်တွင်းတွင် ကရဝိက်ဖောင်တော်သည် မီးရောင်စုံ ထွန်းညှိကာ ရေခင်းသံ ဗုံတောင်ခေါက်လျက် လှည့်လည်နေ၏။ ကုသိုလ်တော် တောင်ဘက်စောင်းတန်းတွင် မြို့သာကုန်းသူတွေ ဆွမ်းချက်ရန်ပြင်ဆင်နေကြသည်။ တံတိုင်းတောင်ဘက်က သစ်သားဇရပ်ကြီးမှာတော့ နန်းဦးလွင်ရွာက ကြက်တူရွေးနှုတ်သီး၊ ဆီးဖြူသီးနှင့်ငါးပိကြော်ကို ရေနွေးကြမ်းနှင့် ဧည့်ခံနေသည်။ မျက်နှာချင်းဆိုင် လှည်းဝိုင်းတွင် ကာလသား တစ်ယောက်က မျက်နှာချေ မိုးပွင့်ပွတ်ရင်း မနေ့ညက ကြည့်ခဲ့ရသည့် ရွှေဘိုတင်မောင်ရုပ်သေးထဲက သစ္စာတိုင်တစ်ပုဒ်ကို တိုးတိုး ဆိုညည်းနေ၏။
''…ဝဇိပရမာ ရည်ဆရာ၊ ကြည်လှအသဝါ ကတိုးမြ ကလေးကိုလ
သည်ဘဝမှာ တည်မကျတာ သည်မျှကသာ အကျိုးကပေးတာမို့ အစိုးရ မသေးနိုင်ဘု တစ်ပါးဆွေ မဟာငယ်လေး …'' ဟူ၍ ။

စန္ဒာမုနိဘုရားပေါ်က အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ အုတ်ဂူပေါ်တွင် ဖယောင်းတိုင်မီးများ
ပူဇော်ထားသည်။ စိန်တောင်ပတ် ပစ္စယာအဆင့်ဆင့်များပေါ်တွင် လပြည့်လရောင်က စိုစွတ်အေးမြနေစေ၏။ ထိုပစ္စယာပေါ် သမံတလင်အေးအေးမှာထိုင်ရင်း ဘုရားပွဲလာသူတွေကိုစေ့ငုသည်။ နန်းရှေ့သူလေးတွေကလည်း စန္ဒာမုနိပစ္စယာပေါ်မှာ လာထိုင်သူတွေမှန်သမျှ မလစ်လပ်ရအောင် ဆီးဖြူသီးနှင့်ငါးပိကြော်ဖြင့် ဧည့်ခံ၏။မြောက်ပြင် ထားဝယ်ရပ် ကာလသား တစ်သိုက်က ပစ္စယာတနင်္ဂနွေထောင့်မှာ မယ်ဒလင်တစ်လက် တာပရာဗုံတစ်လုံးဖြင့် ပဉ္စသိင်္ခသီချင်းကို ဆိုတီးနေကြသည်။ စန္ဒာမုနိဘုရား အနောက်ဘက် သံစောင်းတန်းတွင် ဖယောင်းတိုင်မီးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့် မှန်ဘီလူးမှ ချောင်းကြည့်ရသော ဓာတ်ပုံကားပြပွဲကို စည်းဝါးအဆိုဖြင့် ပြသနေသည်။
''ရွှေတိဂုံ ရွှေတိဂုံ ဘုရားမှာလ
ကျားတက်တာ ငါးရက်ကြာသဗျ…
ကျားတက်တာ ငါးရက်ကြာသဗျ…''တဲ့။

စန္ဒာမုနိဘုရား အနောက်ဘက်မုခ်မှသည် ကျောက်လမ်းအစအထိက အကြော်ဆိုင်တန်းကြီးဖြစ်သည်။ ဘူးသီးကြော်၊ ဘယာကြော်၊ ပဲခြမ်းကြော်များနှင့်အတူ ဆီထမင်းလည်းရနိုင်၏။ အကြော်ကို မန်ကျည်းမှည့် အချဉ်ရေနှင့် တို့ကာစားရ၏။ကျောက်တော်ကြီး ဘုရားပွဲခင်းကြီးကားသိမ့်သိမ့်လှုပ်။ မန္တလေး လေးပြင်ရပ်က စက်ဘီး၊မြင်းလှည်း၊ ဘတ်စ်ကားများနှင့် လာကြသည်။ ပုသိမ်ကြီး၊ မတ္တရာ နယ်ဘက်ဆီက လှည်းများနှင့်လာကြသည်။ လှည်းများသည် ပွဲအစ အဆုံးနေကြသဖြင့် ဧရာမလှည်းဝိုင်းတွေ ကုသိုလ်တော်အနောက်မုခ်မှာ၊ အရှေ့မုခ်၊ တောင်မုခ်မှာ ရှိနေသည်။ မန္တလေးသားတွေက ကျောက်တော်ကြီးဘုရားပွဲကို အမြဲသတိရနေတာ အစဉ်အဆက်ဖြစ်သည်။

ဦးလေးတွေက အစ်ကိုတွေက ကျွန်တော့်ကို ကျောက်တော်ကြီးပွဲခေါ်သွားသည်။ အစ်ကိုတွေက
ကျွန်တော်တို့ကို စန္ဒာမုနိပစ္စယတွေဆီလိုက်ပါစေသည်။ ဤသို့ဖြင့် ကျွန်တော်တို့လည်း
ဝါဝင်ကတည်းက ကျောက်တော်ကြီးပွဲကို မျှော်လင့်နေမိတော့သည်။

အတိတ်သည် ကျဉ်းကျပ်မှုနှင့် ဖိဆီးမှုများသည်နှင့်အမျှ ပိုမိုသတိရ လွမ်းဆွတ်စေသည်ကို အခုတော့ သိရချေပြီလေ..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW