ဇွန် ၁၀ – ၂၀၂၃
SN (VOM)
မန္တလေးမှာ ဘုန်းကြီးတပါးကို ကားနဲ့တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၆ ရက်၊ မနက် ၅ နာရီလောက်မှာ မန္တလေး၊ ရွှေတောင်ကြားကျောင်းတိုက်က သက်တော် ၉၃ နှစ်၊ ဝါတော် ၂၁ ဝါရှိ ဆရာတော်ဦးဩဘာသနဲ့ ဒုလ္လဘဦးဇင်းတစ်ပါးတို့ အရုဏ်ဆွမ်းခံထွက်လာချိန် လူ ၄ ဦးပါ လိုက်ထရပ်ယာဉ်က ဆရာတော်ဦးဩဘာသကို တိုက်မိခဲ့တာဖြစ်ပြီး ဆေးခန်းပို့ဆောင်ပေးမယ်လို့ဆိုကာ ရုပ်အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တာပါ။
ဝင်တိုက်မိတဲ့ ကားနံပါတ် MDY-8B/4277 ကို အတူပါ ဒုလ္လဘဦးဇင်းက ဓာတ်ပုံရိုက်ထားလိုက်နိုင်ပြီး အဲ့ဒီယာဉ်ကို မြင်ဖူးနေသူတွေက ဘုန်းကြီးရဲ့ မိသားစုဝင်တွေကို အသိပေးခဲ့တာကြောင့် လိုက်လံစုံစမ်းရာကနေ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အခင်းစဖြစ်တဲ့နေ့ကတည်းက တိုက်မိတဲ့ကားရဲ့ဓာတ်ပုံ နံပါတ်ပြားကို အင်တာနက်ပေါ်တင်လိုက်တယ်။ အဲ့တော့ ဒီကားကိုသိတဲ့သူတွေက သတင်းပေးတာပေါ့။ အမှန်ကတော့ အပေါ်ကျောင်းနဲ့ အောက်ကျောင်းပဲ။ ပျံတော်မူသွားတာက အပေါ်ကျောင်း၊ ကားပိုင်ရှင်က အောက်ကျောင်း။ အဲ့နေ့ကတည်းက တိုက်သွားတဲ့ကားက ဘယ်ကဆိုတာကို သိနေပြီ။ ဒါပေမယ့် ဗန်းမော်ဆရာတော်ကြီးရဲ့ ဈာပနကလည်း ရှိနေတယ်၊ အရိုးမျောတာလည်း ကျွန်တော်တို့ကပဲ တာဝန်ယူထားတာဆိုတော့ အဲ့ဒီ့ကိစ္စတွေ အားလုံးပြီးမှပဲ မေ ၈ ရက်နေ့ကျမှ အောက်ကျောင်းက ဆရာတော်နဲ့ သေသေချာချာ စကားပြောဖြစ်တယ်။ ပြောပြီးတော့ ယာဉ်ထိန်းရဲတွေကို ဖုန်းလှမ်းဆက်ပြီး အဲ့ဒီ့ကျောင်းမှာပဲ တရားခံကို ရဲလက်အပ်လိုက်တယ်” လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
တရားခံဟာ အသက် ၂၄ နှစ်အရွယ် ကိုနေမျိုးသူ (ဘ) ဦးနိုင် ဖြစ်တယ်လို့ သိရပြီး ကားပိုင်ရှင်ဘုန်းကြီးကျောင်းမှ ယာဥ်မောင်းဖြစ်ကာ လက်ရှိမှာ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေ အမှတ် (၂) ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) (ပေါ့လျော့မှုကြောင့် လူသေစေမှု) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သူက ပြောပါတယ်။
ကျူးလွန်သူ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းရာမှာ အခင်းဖြစ်ခဲ့တဲ့ ဇွန် ၆ ရက်၊ မနက်ပိုင်းက ကားမောင်းပြန်လာချိန် တောင်ခြေလမ်းမှာ ဘုန်းကြီးတစ်ပါးကို တိုက်မိခဲ့ပြီး အောင်ချမ်းသာရွာရှိ ပုဂ္ဂလိကဆေးရုံကို သွားပြကြောင်းနဲ့ စမ်းသပ်ချက်အရ ဘုန်းကြီးမှာ ပျံလွန်သွားတာကြောင့် ဆေးရုံကိုပို့ဖို့ သယ်လာချိန် လမ်းလူပြတ်တဲ့နေရာမှာ ဘုန်းကြီးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
“ကားနဲ့ တိုက်မိလိုက်တဲ့အချိန်မှာ ဘုန်းဘုန်းက ထထိုင်လိုက်သေးတယ်လို့ သိရတယ်။ အဲ့ဒါနဲ့သူတို့က သက်သာမယ်ထင်ပြီး ဆေးခန်းပြပေးမယ်ဆိုပြီး အောင်ချမ်းသာရွာက ဇီဝကဆေးရုံကိုခေါ်သွားတာ။ ဆေးရုံရောက်တော့ သူတို့က ဘုန်းကြီးတစ်ပါး လမ်းမှာမူးလဲလို့ လမ်းကြုံကုသိုလ်ယူပြီး လာပို့ပေးတာဆိုတဲ့ ပုံစံမျိုးပြောတာ။ ဆရာဝန်က စမ်းသပ်လိုက်တဲ့အခါကျတော့ အသက်ကမရှိတော့ဘူး။ အဲ့ဒါနဲ့ ဆေးရုံကြီးကိုပို့ဖို့ ဆရာဝန်ကပြောတော့ သူတို့က ဘုန်းဘုန်းကြီးကို ကားပေါ်ပြန်တင်သွားပြီး သွားစွန့်ပစ်တာ။ အခု တရားခံကိုလည်း အမှတ် ၂ ရဲစခန်းမှာ ချုပ်နှောင်ထားပြီ၊ သူနဲ့အတူပါလာသူ ၃ ယောက်ကိုလည်း စစ်ဆေးနေပါတယ်” လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဦးဩဘာသဟာ မန္တလေး ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌရဲ့ ယောက္ခထီးတော်စပ်သူလို့ သိရပြီး ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကိုတော့ ဇွန် ၈ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်က အေးရိပ်ငြိမ်သုဿန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မန္တလေး #ပရဟိတမင်းခေါင်