ကလေးငယ်တွေအဖြစ်များနေတဲ့ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါနဲ့ ပက်သက်ပြီး အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

“အခုက ရောဂါအရ ခေါင်းစဉ်တပ်တာက flu ပေါ့၊ ရာသီတုပ်ကွေးမှာ အဆုတ်ရောင်ရမ်းမှုကို ပိုပြီး ဖြစ်စေတယ် အဲ့ဒီလိုပုံစံမျိုးပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတာဆိုတော့ ပြောလို့မရဘူး။ ခုဖြစ်နေတာတွေက ကိုဗစ်လည်း ဖြစ်နိုင်တယ်လေ။ ကိုဗစ်က ဘယ်သူစစ်မလဲဆိုတော့လည်း ဘယ်သူမှ မစစ်ကြဘူး၊ အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်”
 
ဇူလိုင် ၁၂-၂၀၂၃
SN (VOM)
 
လက်ရှိ ကလေးငယ်အများစုမှာ ပြင်းထန်အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းဆိုတဲ့ ရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေမှာလည်း ဒီ အဆုတ်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြစ်ပွားနေတာကြောင့် International Preschool အပါအဝင် တချို့ မူကြိုကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေကို ငါးရက်ကနေ တစ်ပတ်အထိ ပိတ်ထားကြတယ်လို့ ကလေးမိဘတွေဆီက သိရပါတယ်။
 
ဒါ့အပြင် ချောင်းဆိုး၊ ရင်ကြပ်နေတဲ့ ကလေးတွေကို တစ်ပတ် (ဒါမှမဟုတ်) ၁၀ ရက်ခန့် ကျောင်းမပို့ဖို့နဲ့ လူများတဲ့နေရာ၊ ကစားကွင်းတွေဆီ ခေါ်ဆောင်သွားခြင်း မပြုကြဖို့ မူကြိုကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း တချို့က သတိပေးစာတွေ ထုတ်ပြန်လာကြသလို တချို့သော ပုဂ္ဂလိကျောင်းတွေမှာတော့ ကျောင်းရှေ့မှာ Mask တပ်ပြီး၊ လက်ဆေးခိုင်းရုံသာမက အဖျားတိုင်းတာတွေကိုပါ လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။
 
တုပ်ကွေးရာသီမှာ ဖြစ်ပွားတတ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်ပိုးနဲ့ လေပြွန်ရောင်ဗိုင်းရပ်စ်ပိုးကြောင့် ကျောင်းစဖွင့်ချိန် ဇွန်လ အစပိုင်းကတည်းက ကလေးအများစု ဖျားနာနေကြတာဖြစ်ပါတယ်။ ဒီရောဂါကြောင့် တချို့သော ဆေးရုံတွေမှာ အခန်းတွေပြည့်တဲ့အထိ ဖြစ်နေသလို တချို့သော ကလေးငယ်တွေမှာတော့ အောက်ဆီဂျင် ပေးရတဲ့အထိ ရောဂါပြင်းထန်တယ်လို့ သိရပါတယ်။
 
အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါဟာ အလွန်အဖြစ်များတဲ့ ရောဂါဖြစ်ပြီး အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတတ်သလို အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ချေရှိတဲ့ ရောဂါလို့လည်း သိရပါတယ်။
 
လက်ရှိ တုပ်ကွေးရာသီအတွင်း ကလေးငယ်တွေမှာ အဖြစ်များနေတဲ့ အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း (Bronchiolitis) ရောဂါအကြောင်းနဲ့ ကုသမှုပေးနိုင်တဲ့ နည်းလမ်းတွေ၊ ကြိုတင်ကာကွယ်ကုသမှုပိုင်းတွေနဲ့ ပတ်သက်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းကို VOM က ဆက်သွယ်မေးမြန်းထားတာပါတယ်။
 
မေး- အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းရောဂါက ဘယ်လို ရောဂါမျိုးလဲ သိချင်ပါတယ်ဆရာ။
 
ဖြေ- သူက ရာသီတုပ်ကွေးလို့ပဲ ပြောရမှာပေါ့။ ရာသီတုပ်ကွေး (Flu) ဗိုင်းရပ်စ်ကနေ စလိုက်တဲ့ ပြဿနာ‌ပေါ့။ အဲ့ဒီါရာသီတုပ်ကွေးကနေ ပြင်းထန်ပုံစံဖြစ်ပြီးတော့ နည်းနည်းလေး ရက်ရှည်ဖျားတယ်၊ ချောင်းဆိုးတယ်၊ ချောင်းဆိုးတာ ခါတိုင်းလိုပုံစံ မဟုတ်ဘဲနဲ့ ကျပ်ပြီး ချောင်းဆိုးတာမျိုးပေါ့၊ အဓိက က လေပြွန်ရောင်တာပေါ့။ လေပြွန်ရောင်ပြီး ချောင်းဆိုးတာဖြစ်တဲ့အတွက် အဲ့ဒီရောဂါ ခံစားရတဲ့ ကလေးတွေက ချောင်းဆိုးရင် ကြာတယ်။ ကျပ်ပြီးမောတယ်။ တချို့ကျတော့ ဆေးရုံတင်ပြီး ကုသရတဲ့အဆင့်အထိ ရောက်တယ်ပေါ့။ ရာသီတုပ်ကွေးက နှာစေး၊ ချောင်းဆိုး၊ ဖျားတယ်လေ။ အခုတစ်ခေါက် ရာသီတုပ်ကွေး strains က ချောင်းဆိုးအရမ်းကြာပြီးတော့ လေပြွန်ရောင်ပြီး ကျဉ်းတဲ့ပြဿနာအထိရောက်တယ်။ ဒီ strains က ခါတိုင်း Flu strains ပဲ၊ ဒါပေမယ့် နည်းနည်းပိုပြီး ပြင်းထန်ပုံစံမျိုး ဖြစ်သွားပြီး ပိုပြီး ချောင်းဆိုးပြီးတော့ လေပြွန်ရောင်တဲ့အထိ ဖြစ်တာမျိုးပေါ့။
 
မေး- ဒီရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲဆရာ။
 
ဖြေ- ရောဂါလက္ခဏာကတော့ ရာသီတုပ်ကွေးလိုပဲ ဖျားတယ်၊ နှာချေတယ်၊ နှာစေးတယ်၊ တချို့ကျ နှာခေါင်းပိတ်တယ်၊ တချို့ကျ အနံ့ပျောက်တဲ့ လူနာတွေလည်း ရှိတယ်။ ချောင်းဆိုးတာက ပုံမှန် လည်ချောင်းယားပြီး ချောင်းဆိုးတာရှိသလို တချို့ကျ ရင်ကျပ်ပြီးဆိုးတာမျိုး အသက်ရှူမဝဘူး၊ မောတယ်၊ ကျပ်တယ် အဲ့လိုပုံစံမျိုးတွေလည်း ရှိတယ်။ တချို့ အသက်ကြီးပိုင်းတွေကျတော့ အရမ်း လေပြွန်ရောင်တာမျိုးရှိရင် အောက်ဆီဂျင်ကျတဲ့ အခြေအနေမျိုးအထိ ရှိတယ်။ အရမ်းကြီးတော့မကျဘူး၊ နည်းနည်းလေး ပုံမှန်ထက်ကျတာမျိုး၊ အဲ့ဒီလို လက္ခဏာမျိုး ရှိတယ်။ နောက် ဖျားပြီး ကိုယ်လက် နာကျင်ကိုက်ခဲတာရှိတယ်။ ရောဂါလက္ခဏာတွေက အဲ့ဒါပါပဲ။ အဓိက လေပြွန်ရောင်ပြီး ချောင်းဆိုးတဲ့ ပြဿနာက ချောင်းဆိုး ရက်ရှည်ကြာတယ်၊ ချောင်းဆိုးရင် မောတယ်၊ အသက်ရှူလို့မဝဘူး။ အဲ့ဒါပါပဲ။
 
မေး- ဒီရောဂါက လူကြီးတွေမှာလည်း ဖြစ်တတ်တယ်ဆိုတော့ အသက်အရွယ် အပိုင်းအခြားအလိုက် ဘယ်အရွယ်မှာ ပိုပြီး အဖြစ်များတတ်ပါသလဲဆရာ။
 
ဖြေ- အသက်အရွယ်အပိုင်းအခြား ပြောမယ်ဆို ဒီရောဂါက ကလေးတွေမှာ ပိုတွေ့တယ်။ ၅ နှစ်နဲ့ ၂ နှစ်၊ ၃ နှစ် အဲ့ဒီ့ကြားပေါ့၊ two to five မှာတော့ ပိုပြီး အဖြစ်များကြတယ်။ အဲ့ဒီ့အရွယ်တွေမှာကျတော့ အဓိက က ဖျားတာ ရက်ရှည်တာလေး တွေ့ရတာပေါ့။ တချို့ကလေးတွေက ချောင်းဆိုးတယ်၊ ရက်ရှည်တာလေးတွေ့တယ်။ လူကြီးတွေလည်း မတွေ့ဘူးမဟုတ်ဘူး တွေ့တယ်၊ ဒါပေမယ့် ကလေး‌တွေလောက် မများဘူးပေါ့။
 
မေး- ဒီရောဂါက ဘာကြောင့် ကလေးတွေမှာပိုပြီး အဖြစ်များတာပါလဲဆရာ။
 
ဖြေ- ကလေးတွေက အဲ့ဒီအရွယ်တွေ နေကောင်းသွားရင် ဆော့ကြတယ်၊ အစားအသောက်ဆိုလည်း အရမ်းကြီး အချိုတွေ စားကြတယ်၊ အအေးတွေသောက်ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကို အအေးပတ်ခံတာများတယ်။ လူကြီးတွေကျတော့ နေမကောင်းရင် ထိန်းထိန်းသိမ်းသိမ်းနေတယ်။ ကလေးတွေကျတော့ လူကြီး၊ မိဘတွေလစ်ရင် သူတို့လုပ်ချင်တာ လုပ်ကြတယ်။ အဲ့ဒါတွေကြောင့် ဒီရောဂါက ကလေးတွေမှာပိုပြီး ဖြစ်တာပါ။ နောက်ပြီး လူကြီးတွေလို ကိုယ်ခံစွမ်းအား မဖွံ့ဖြိုးသေးတဲ့အတွက်ကို ကလေးတွေမှာ ပိုဖြစ်တာပေါ့။ ကိုယ်ခံစွမ်းအား လိုအပ်ချက်အရ အအေးပတ်တယ်ဆိုရင် လူကြီးလိုမျိုး လျှင်လျှင်မြန်မြန်ပျောက်ဖို့ နည်းနည်းကြာတာပေါ့။
 
မေး- ဒီရောဂါက ဘယ်လို ကလေးမျိုးတွေမှာ ပိုဖြစ်တတ်ပါသလဲဆရာ။
 
ဖြေ- များသောအားဖြင့်က ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးမှုနည်းတဲ့ ကလေးတွေမှာဖြစ်တာ ပိုများတယ်။ တချို့ကလေးတွေကျ ခဏခဏ ဖျားတတ်တယ်။ အဲ့ဒီလို ကလေးမျိုးတွေမှာ ပိုဖြစ်တယ်။ နောက်တစ်ခုကကျတော့ နဂိုကတည်းက ရင်ကျပ်တတ်တဲ့ အခံရှိတဲ့ ကလေးတွေမှာဆိုလည်း ဒီကာလမှာ ပိုပြီးတော့ လေပြွန်ယောင်ယမ်းမှုတွေ ဖြစ်နေတယ်။ တချို့ကလေးတွေက မွေးရာပါ အဆုတ်မကောင်းဘူး၊ ရင်ကျပ်တတ်တဲ့ အခံရှိတယ်‌ဆိုရင် ပိုပြီး ခံရတာပေါ့။ တချို့ကျတော့ မျိုးရိုးပေါ့၊ ရောဂါအခံ မျိုးရိုးလိုက်ပြီး ဆင်းသက်လာတဲ့ ကလေးတွေဆိုရင် ဒီရောဂါ ပိုဖြစ်စေတယ်။ ဒါပေမယ့် အခုကကျတော့ အရင်တုန်းက ဒီလို လေပြွန်ရောင်ယမ်းတာမျိုး မရှိတဲ့ ကလေးတွေတောင်မှ ဒီကာလမှာ ဖြစ်တဲ့ကလေးတွေလည်း တွေ့နေရတယ်။ အဲ့ဒီတော့ အခုချိန်မှာက ပုံသေ ပြောလို့တော့မရဘူးပေါ့။ ခုဏကပြောတဲ့ Two to Five အသက်အရွယ် အပိုင်းအခြားကတော့ ပိုပြီးဖြစ်တဲ့ ကလေးတွေပေါ့နော်။ ကိုယ်ခံအားစနစ် မကောင်းတာတို့၊ တချို့ကျ မွေးကတည်းက တရှောင်ရှောင် ဖျားတဲ့သူတွေ၊ ကျပ်တတ်တဲသူတွေမှာတော့ ပိုဖြစ်တာပေါ့။
 
မေး- ဒီရောဂါက ဘယ်ရာသီမှာ ပိုပြီးတော့ အဖြစ်များတတ်ပါသလဲဆရာ။
 
ဖြေ- များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။ ဒါပေမယ့် ပုံမှန်ဆို ဒီမိုးရာသီက အရမ်းအဖြစ်များတဲ့ရာသီ မဟုတ်သေးဘူး။ ပုံမှန်အားဖြင့် ဒါက ဖျားတဲ့ရာသီလေ၊ ဖျားတယ်၊ နှာစေး၊ ချောင်းဆိုး နည်းနည်းပါးပါးလောက်ပဲ အဖြစ်များတဲ့ရာသီ။ ဒီ အဆုတ်လေပြွန်ရောင် ရောဂါက ဆောင်းရာသီမှာ ပိုပြီး အဖြစ်များတာ။ တချို့ကျတော့ နွေရာသီမှာဖြစ်တယ်၊ ဖုန်မှုန့်တွေဘာတွေကြောင့်လေ။ အဲ့ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ဆောင်းတွင်းမှာတော့ ပိုဖြစ်တာ များတာပေါ့နော်။ မိုးတွင်းကတော့ ပုံမှန် ဖျားတာလောက်ပဲ ပိုများတယ်။ ဒါပေမယ့် အခုကတော့ မိုးတွင်းမှာ တော်တော်များများ လေပြွန်ရောင်ရမ်းမှုပြဿနာ တက်နေကြတာ တွေ့နေရတယ်။
 
မေး- အဲ့ဒါဆို ဘာကြောင့်များ ဒီရာသီမှာ ဒီရောဂါအဖြစ်များနေကြတာလဲဆရာ။ တချို့ ကလေးတွေဆိုရင် အောက်ဆီဂျင် ပေးရတဲ့အထိကို ဖြစ်နေကြတာဆိုတော့လေ။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။
 
ဖြေ- အခုက ကိုဗစ်ကလည်း နည်းနည်း တွေ့တာလေးတွေ ရှိတယ်ပေါ့နော်။ တချို့ကျတော့ ကိုဗစ်နဲ့ တချို့ကျတော့ Flu နဲ့ပေါ့နော်။ ဒီနေ့ဆို လူနာနှစ်ယောက်က အနံ့ပျောက်တယ်၊ ကိုဗစ် RT-PCR စစ်မလားဆိုတော့လည်း မစစ်ဘူး။ စစ်လိုက်ရင် positive ထွက်နိုင်တယ်၊ အဲ့ဒီလို လူနာတွေလည်းရှိတယ်။ တစ်ချက်ရှိတာက strains နှစ်ခုများ ပေါင်းပြီးတော့ ဖြစ်နေတာများလားပေါ့။ တချို့လူနာတွေကျ ကိုဗစ် RT-PCR negative ၊ ဒါပေမယ့် ဓာတ်မှန်ရိုက်လိုက်ရင် အဆုတ်က တော်တော်ကြီး Very Severe Pneumonia လို့ ခေါ်တဲ့ အဆုတ်လေပြွန်ရောင်ရမ်းမှုကို ကိုဗစ်မှာတွေ့သလိုမျိုး တွေ့တဲ့ လူနာတွေလည်းရှိတယ်။ အဲ့ဒီလို strains အမြင့်တွေပေါ့နော်၊ flu strains နဲ့ covid strains နဲ့များ ပေါင်းပြီး strains ပြောင်းပြီးတော့ ဗိုင်းရပ်စ်တစ်ခုခုများ အဲ့ဒီလိုပုံစံမျိုး ဖြစ်နေတာလား စဉ်းစားမိတာပေါ့နော်။ အခုက ရောဂါအရ ခေါင်းစဉ်တပ်တာက flu ပေါ့၊ ရာသီတုပ်ကွေးမှာ အဆုတ်ရောင်ရမ်းမှုကို ပိုပြီး ဖြစ်စေတယ် အဲ့ဒီလိုပုံစံမျိုးပေါ့။ ကိုဗစ်ကလည်း ဖြစ်နေတာဆိုတော့ ပြောလို့မရဘူး။ အခုဖြစ်နေတာတွေက ကိုဗစ်လည်း ဖြစ်နိုင်တယ်လေ။ ကိုဗစ်က ဘယ်သူစစ်မလဲဆိုတော့လည်း ဘယ်သူမှ မစစ်ကြဘူး၊ အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်။ စစ်မလားဆိုတော့လည်း ငြင်းကြတဲ့လူနာက များနေတာပေါ့။ ကျွန်တော့်ဆီမှာ အနံ့ပျောက်နှစ်ယောက် ရောက်လာတယ်။ စစ်ကြည့်လိုက်ပါလားဆိုတော့လည်း မစစ်ကြဘူး။ ဘယ်လိုမှပြောလို့ လက်မခံကြဘူး၊ သူတို့ကတော့ ကိုဗစ် မဟုတ်ဘူး၊ ရာသီတုပ်ကွေး အဲ့ဒီလိုမျိုးပဲ ပြောနေကြတယ်။ ဒါပေမယ့် နောက်ကွယ်က ကိုဗစ်ဖြစ်နိုင်ချေလည်း ရှိတယ်။ ကိုဗစ် strains တစ်ခုခုလည်း ဖြစ်နိုင်တယ်။
 
မေး- ဒီ အဆုတ်ရောင်ရောဂါဖြစ်ရင် ကြာချိန်က ဘယ်လောက်ထိ ရှိနိုင်ပါသလဲဆရာ၊ ဆိုးကျိုးတွေကိုလည်း သိချင်ပါတယ်။
 
ဖြေ- ကြာချိန်ကတော့ ပုံမှန်ဆို ရာသီတုပ်ကွေးဆိုရင် ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီးတော့ ဆေးခန်းလာတယ်၊ ဆေးထိုးလိုက်တယ်၊ တချို့ကတော့ ဆေးမထိုး၊ သောက်ဆေးယူတယ်။ များသောအားဖြင့် ၂၄ နာရီ၊ ၄၈ နာရီ ကြာတတ်တယ်။ တချို့ကျတော့ ကိုယ်ခံစွမ်းအားနည်းတဲ့သူတွေ၊ အိပ်ရေးမဝ၊ အစားမဝင်၊ ပင်ပန်းတဲ့သူတွေ အနားမရဘူးပေါ့၊ အဲ့ဒီလိုလူမျိုးတွေကျ နည်းနည်း ရက်ရှည်ဖြစ်တတ်တယ်။ တချို့ကျတော့ strains နည်းနည်း မြင့်တယ်ဆိုရင်တော့ တစ်ပတ်လောက်အထိ ကြာတာလည်း တွေ့တယ်။ အဖျားက တောက်လျှောက် ဖျားနေတာ၊ ဘာမှန်းမသိဘဲ ဖျားနေတာမျိုး။ အဲ့ဒီလို အဖျားတွေကျတော့ ပိုးသတ်ဆေး ထိုးလိုက်တဲ့အဆင့်အထိ နောက်ဆုံး ရောက်သွားတာပေါ့။ အဲ့ဒိအဆင့်ရောက်မှ သက်သာတာတွေလည်းရှိတယ်။
 
မေး- တချို့ကလေးတွေကျတော့ တငွေ့ငွေ့နဲ့ ဖျားနေတာမျိုးလည်း တွေ့နေရပါတယ်ဆရာ၊ ကိုယ်ပူတာ ကျသွားလိုက် ကိုယ်ပြန်ပူလာလိုက်နဲ့။ အဲ့ဒီလို ကလေးလေးတွေကရော ဒီ အဆုတ်လေပြွန်ရောင် ရောဂါနဲ့ ဆက်စပ်နေမလားဆရာ၊ လက်ရှိမှာ ကလေးတွေ တော်တော်များများလည်း ဖျားနေကြတယ်ဆိုတော့လေဆရာ။
 
ဖြေ- ဟုတ်တယ်၊ ဆက်စပ်မှုတော့ရှိတယ်။ အကုန်လုံးလားဆိုတော့လည်း မဟုတ်ဘူး။ ဒါပေမယ့် အများစုကတော့ ဆက်စပ်နေပါတယ်။ ကလေးတွေဖျားတိုင်း တော်တော်များများ နှာစေး၊ ချောင်းဆိုးကတော့ ရှိကြတာပဲ။ လေပြွန်ရောင်ယမ်းမှုကတော့ ခုဏပြောသလို ကလေးတိုင်း မဟုတ်ဘူး။ ဆက်စပ်မှုတော့ရှိတယ်။ များသောအားဖြင့် ဖြစ်တဲ့ပြဿနာက ချောင်းဆိုး ကြာတဲ့ ပြဿနာ၊ အဲ့လိုဖြစ်တာ။ ကလေးတွေက နေကောင်းတော့လည်း ချောင်းဆိုးကကျန်ပြီး ကြာနေတယ်၊ အဲ့လိုမျိုး။ ကလေးတွေ ဆိုတာမျိုးကလည်း လူကြီးတွေလစ်ရင်လစ်သလို သူတို့နေချင်သလို နေတတ်ကြတာဆိုတော့၊ အချိုတွေ စားလိုက်တာ၊ အချိုတွေသောက်လိုက်တာတို့၊ ရေခဲရေ သောက်လိုက်တာတို့၊ အအေးခံလိုက်တာတို့၊ ရေဆော့တာတို့ဘာတို့ပေါ့၊ အဲ့ဒီလို အကြောင်းကြောင့် ရက်ရှည်သွားတာပေါ့။
 
မေး- ကြိုတင်ကာကွယ်မှုအနေနဲ့ကရော ဘာတွေများ လုပ်ဆောင်ထားသင့်ပါသလဲဆရာ။
 
ဖြေ- ကြိုတင်ကာကွယ်မှုအနေနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးသင့်တာပေါ့။ ဒီကာကွယ်ဆေးက ၁၀၀ ရာခိုင်နှုန်းတော့ မကာကွယ်နိုင်ဘူး၊ ဒါပေမယ့် ထိုးထားရင်တော့ ဒီရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာ ကျဆင်းမှုရှိတယ်။ ဖြစ်ရင်လည်း မြန်မြန်ဆန်ဆန် သက်သာပြီး ရောဂါအပျောက်လွယ်တာပေါ့။ အဲ့ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးသင့်တယ်။ ဆောင်ရန်၊ ရှောင်ရန်အနေနဲ့က အဓိက က နှာခေါင်းစည်းတပ်ရမယ်၊ public area ထဲသွားရင် နှာခေါင်းစည်းတပ်ရမယ်။ ဖြစ်ရင် မြန်မြန်ကု၊ အိမ်မှာတစ်ယောက်ဖြစ်တာနဲ့ အဲ့တစ်ယောက်ကို မြန်မြန်ကု၊ သီးခြားခွဲနေ၊ အဲ့ဒီလိုလေးတွေ လုပ်မယ်ဆိုရင်တော့ အိမ်ကလူလည်း မကူးတော့သလို အပြင်က တခြားလူတွေလည်း မကူးနိုင်တော့ဘူး။ ဒီရောဂါ ကူးစက်တာက အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာကနေတစ်ဆင့် ကူးစက်တာဆိုတော့ နှာခေါင်းစည်းတပ်တာတို့၊ ဖြစ်နိုင်ရင် နေမကောင်းဖြစ်တဲ့အချိန် အတတ်နိုင်ဆုံး အပြင်မသွားတာတို့၊ ဖြစ်လာရင်လည်း မြန်မြန်ကုတာတို့ အဲ့လိုလေးတွေ ဆင်ခြင်မယ်ဆိုရင်တော့ အဆင်ပြေမှာပါ။
 
မေး- နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ကရော ဘာတွေဖြစ်လာနိုင်ချေ ရှိပါသလဲဆရာ။
 
ဖြေ- နောက်ဆက်တွဲကတော့ ခုဏပြောသလို ချောင်းဆိုးကြာတာတို့ဘာတို့ဆိုရင် နောက်ဆက်တွဲမှာ အသက်ရှူရခက်တာ၊ ပင်ပန်းတာ၊ အခန့်မသင့်လို့ အရမ်းကြီး လေပြွန်ရောင်လိုက်ရင် အောက်ဆီကျတဲ့ကိစ္စတွေ နောက်ပိုင်း ဖြစ်လာနိုင်တယ်။ အဓိကကြောက်တာ အောက်ဆီဂျင်ပြဿနာတစ်ခု၊ ဒါ့ကြောင့် ကလေးရော၊ လူကြီးရော အောက်ဆီတိုင်းတာမျိုး အမြဲတမ်း လုပ်ပေးနေသင့်တယ်။ နောက်တစ်ခုက Very Severe Pneumonia လို့ ခေါ်တဲ့ အဆုတ်လေပြွန်ရောင်ရမ်းတာလည်း နောက်ဆက်တွဲ ဖြစ်မှာကြောက်တယ်။ ချွဲ၊ သလိပ်တွေ အရမ်းများပြီး ပိတ်သွားရင် အဆုတ်ခဲသွားတာပေါ့နော်။ နမိုးနီးယားလက္ခဏာလေ၊ အဲ့ဒီလိုမျိုးအထိ ဖြစ်မလာအောင်တော့ စောစီးစွာ ကုသမှုခံယူဖို့ အရမ်းအရေးကြီးပါတယ်။
 
မေး- ဟုတ်ကဲ့ပါဆရာ။ ဒီရောဂါကလေ အသက်ကြီးပိုင်းတွေမှာလည်း ဖြစ်တယ်ဆိုတော့ ဘယ်အသက်အရွယ်တွေမှာ ပိုဖြစ်တတ်ပါသလဲဆရာ။
 
ဖြေ- အခုက လူကြီးတွေလည်းဖြစ်နေတယ်ဆိုတော့ လူကြီးတွေမှာဆိုရင် အသက် ၆၀ အထက် အသက်ကြီးပိုင်းတွေက ပိုပြီး ဖြစ်နိုင်ချေ ရှိတာပေါ့နော်။ အသက်ကြီးပိုင်းတွေကျတော့ တချို့ကျတော့ နာတာရှည်ဖြစ်ပြီး အိပ်ယာထဲ လဲလျောင်းနေရတာတွေ ရှိနေတယ်လေ။ တချို့ကျတော့ ကိုယ်ခံစွမ်းအား ကျဆင်းတာလည်း ရှိသလို ရောဂါအခံ ရှိနေတာတွေလည်းရှိတယ်၊ သွေးတိုး၊ ဆီးချို စတဲ့ နာတာရှည်ရောဂါအခံတွေလည်း ရှိတယ်ဆိုတော့ အဲ့လိုလူမျိုးတွေမှာ ဒီရောဂါဖြစ်ရင် ကိုယ်ခံစွမ်းအား မြန်မြန်ပြောင်းလဲတဲ့အပေါ်မှာ ရောဂါအခံလည်းရှိနေရင် သူများထက်မြန်မြန်ပြန်ကောင်းဖို့ ကြာနိုင်ပါတယ်။
 
မေး- ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးမေးခွန်းလေးပါဆရာ။ ဒီ အဆုတ်လေပြွန်ရောင်ရောဂါရဲ့ လက္ခဏာတွေက ကိုဗစ်နဲ့လည်း ခပ်ဆင်ဆင်ဆိုတော့ ဒီရောဂါနှစ်ခုအပေါ်မှာ သေချာ ဂဃနဏ ခွဲခြား မသိနိုင်တဲ့သူတွေအတွက် ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲဆရာ။
 
ဖြေ- အခုပြဿနာက ကိုဗစ်ကလည်း ရှိနေတော့လေ၊ အဲ့ဒီတော့ ဘယ်သူက ရာသီတုပ်ကွေး၊ ဘယ်သူက ကိုဗစ်ဆိုပြီး ခွဲလို့မရ ဖြစ်နေတယ်။ တကယ်တမ်း စစ်ကြည့်ဖို့ပြောရင်လည်း မစစ်ကြဘူး၊ အဲ့ဒီပြဿနာကလည်း ရှိနေတယ်။ ဒါ့ကြောင့် ပြောချင်တာက ရောဂါတစ်ခုခုဖြစ်လာရင် အတတ်နိုင်ဆုံး စောစီးစွာ ဆေးကုသမှုခံယူစေချင်တယ်။ ဆရာဝန်တွေက ဆေးစစ်ဖို့တွေ ပြောလာရင်လည်း စစ်စေချင်တယ်။ နောက်တစ်ခု ဆေးရုံ၊ ဆေးခန်းတွေမှာ မစစ်ချင်ဘူးဆိုလည်း ကိုဗစ်စစ်တဲ့ ကိရိယာတွေက အပြင်မှာလည်း လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်လေ။ အဲ့ဒီတော့ ကိုယ့်အိမ်မှာ အသာလေး စစ်လိုက်လို့ရတယ်။ တစ်ကြောင်းဆိုရင်တော့ မရှိဘူး၊ နှစ်ကြောင်းဆိုရင်တော့ ရှိနေတယ်ပေါ့နော်။ ရှိနေတယ်ဆို ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း နေပြီးတော့ ဆေးကုသမှု မြန်မြန်ဆန်ဆန်ခံယူဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ။
 
#voiceofmyanmar #VOM #ပြင်းထန်အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းရောဂါ
#အင်တာဗျူးဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW