နှစ်သောင်းတန်နဲ့ ကုန်ဈေးနူန်းဂယက်

SN (VOM)

နစက က လာမယ့် ဇူလိုင် ၃၁ ရက်မှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မယ်လို့ တနင်္ဂနွေရုံးပိတ်ရက်မှာ ကြေညာခဲ့ပေမယ့် နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ နေ့တွင်းချင်း ‌အရောင်းအဝယ် ရပ်တန့်တာတွေရှိခဲ့ပြီး နောက်တစ်ရက်မှာတော့ ငွေလဲနှုန်းတွေ စျေးအဆမတန် ခုန်တက်ခဲ့ပါတယ်။

နှစ်သောင်းကျပ်တန် ထုတ်မယ်လို့ မကြေညာခင် ပြင်ပဒေါ်လာဈေးဟာ အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ ကျပ်ဝန်းကျင် ရှိနေရာကနေ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပုံမှန် ဈေးဖွင့်ရောင်းသူမရှိတော့ဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ တစ်ဒေါ်လာကို ကျပ် ၃၆၀၀ ကျော်ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။

“ငွေလဲနှုန်းတွေက နစကရဲ့ နှစ်သောင်းတန် ကြေညာချက် ထွက်တဲ့နေ့မှာပဲ အရောင်းအဝယ်တွေ ရပ်ပစ်လိုက်ကြတာ။ ‌အခြေအနေတွေက ဘာမှန်းမသိတော့ ဈေးတွေလည်း မငြိမ်ဘူးလေ။ အဲ့ဒါကြောင့် အခြေအနေ ခဏစောင့်ကြည့်တဲ့သဘောနဲ့ ရပ်ထားကြတာ။ ကြေညာချက်ထွက်ပြီး နောက်တစ်နေ့ ဇူလိုင် ၂၄ ရက်မှာတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၁၀၀ ကနေ ၃၆၀၀ အထိ စျေးခုန်တက်သွားတယ်။ တရားဝင် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေကတော့ အရောင်းရပ်ထားတာပေါ့။ ဒါပေမယ့် မှောင်ခိုစျေးကွက်မှာ ကန်ဒေါ်လာ တစ်ဒေါ်လာကို ၃၆၀၀ ကျော်အထိ စျေးပေါက်နေတယ်”လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါလှတဲ့ ထိုင်းဘတ်စျေးနှုန်းဟာလည်း (ဘတ်ပေး၊ ကျပ်ယူ) ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေ ၉၇ ကျပ်အထိ စျေးမြောက်နေတယ်လို့ သိရပါတယ်။ မြန်မာငွေကနေ ဘတ်ငွေလဲမယ်ဆိုရင်တော့ (ကျပ်ပေး၊ ဘတ်ယူ) ကျပ်ငွေ တစ်သိန်းပေးမှ ထိုင်းဘတ်ငွေ ၉၄၀ ပြန်ရတာကြောင့် ရောင်းစျေး၊ ဝယ်စျေးမှာ ၃၀ ဘတ်အထိ ကွာဟနေပါတယ်။

နိုင်ငံခြားငွေလဲစျေးနည်းတူ ရွှေစျေးလည်း တက်လာနေပြီး ငွေစက္ကူအသစ်ထွက်မယ့်အကြောင်း ကြေညာပြီး ၂၄ နာရီအတွင်းမှာပဲ ရွှေစျေးက ၄ သိန်း အနည်းဆုံး ကွာဟနေပြီဖြစ်တယ်လို့ သိရပါတယ်။ ငွေစက္ကူအသစ်ကိစ္စ မကြေညာခင် စနေနေ့ ဇူလိုင် ၂၂ ရက်က ရွှေတစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင်ရှိခဲ့တာပါ။ တနင်္လာနေ့ စျေးကွက်ဖွင့်ရက် နေ့လယ်ပိုင်းမှာတော့ ၃၆ သိန်းအထိ စျေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရွှေလုပ်ငန်းရှင်တွေ ဖမ်းဆီးခံနေရတာတွေ ရှိနေတာကြောင့် တရားဝင်စျေးကြေညာပြီး ရောင်းဝယ်တာတွေတော့ ရှိမနေဘူးလို့ သိရပါတယ်။ လက်ရှိ ရွှေအရောင်းအဝယ် အခြေအနေကိုကြည့်ရင်လည်း ၁၂ ပဲရည်နဲ့ ၁၃ ပဲရည်တို့သာ ရောင်းဝယ်နေကြပြီး အခေါက်ရွှေနဲ့ ၁၅ ပဲရည်တို့ကတော့ အရောင်းရပ်ထားကြပါတယ်။

အခုလိုဖြစ်လာတဲ့ ရွှေစျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ရွှေလုပ်ငန်းရှင်အသင်းဘက်က ဇူလိုင် ၂၄ ရက်မှာ ပန်ကြားလွှာတစ်စောင် ထုတ်လာပါတယ်။ အဲ့ဒီ့ပန်ကြားလွှာမှာ ရွှေစျေးနှုန်း မတည်ငြိမ်အောင် ရောင်းဝယ်ဆောင်ရွက်တာမျိုး မလုပ်ဖို့နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ ရွှေကုန်သည်တွေနဲ့ ရွှေဆိုင်တွေဘက်က ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

“ဒီသတင်းက မြန်မာ့စီးပွားရေးကို ပိုကျုံ့လာစေနိုင်တယ်။ ပိုက်ဆံအသစ် ထပ်ထုတ်တာဟာ ငွေကြေးဖောင်းပွမှုကို လက်ရှိထက်ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာစေနိုင်တယ်။ ဒီရဲ့အကျိုးဆက်က ပြည်သူတွေအပေါ်မှာ ပိုပြီး သက်ရောက်မှု ကြီးနိုင်တယ်။ ခံစရာရှိရင် ပြည်သူတွေပဲ ခံရမှာ။ သူတို့ကတော့ ဘာသာရေးအကြောင်းပြ၊ ဆင်အကြောင်းပြပြီး အထိမ်းအမှတ်အနေနဲ့လို့ ပြောထားပေမယ့် ငွေစက္ကူအသစ်ထုတ်တယ်ဆိုတာ ဒီလို လွယ်လွယ်လေး လုပ်လို့ရတဲ့အရာ မဟုတ်ဘူး။ ထပ်ထုတ်မယ့် ငွေစက္ကူအသစ်ရဲ့ တန်ဖိုးနဲ့ညီမျှတဲ့ အပေါင်ပစ္စည်းကို ကမ္ဘာ့ဘဏ်မှာ အပေါင်ထားပြီး ထုတ်ရတာ။ အခု နစကလုပ်နေတဲ့ ပုံစံက ဂျပန်ခေတ်က ဂျပန်တွေ ပိုက်ဆံထုတ်နည်းအတိုင်း ဖြစ်နေတယ်”လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ နှစ်သောင်းတန်ဂယက်ကြောင့် အခြေခံလူတန်းစားတွေရဲ့ လုပ်ခလစာ ဝင်ငွေနှုန်းထားတွေ ဆက်တိုက်ဆိုသလို ကျဆင်းလာနေပြီး လူမှုဘဝ စီးပွားရေးတွေ ပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ အထွေထွေကုန်စည်စျေးနှုန်းတွေ တက်ရိပ်ပြနေသလို အခြေခံစားသောက်ကုန်တွေလည်း စျေးတက်လာတာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အခြေခံကုန်စည် ဈေးကွက်အတွင်းက မရှိမဖြစ် စားသောက်ကုန်တစ်ခုဖြစ်တဲ့ စားသုံးဆီစျေးနှုန်းတွေဟာ လက်ရှိမှာ ရုတ်တရက်ဆိုသလို မြင့်တက်သွားပြီး ပြင်ပဈေး တစ်ပိဿာ ၈၇၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်ဝန်းကျင်မှာရှိနေပြီး အရင်တစ်ပတ်က ၇၉၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

“စားဆီက တစ်ပိဿာ တစ်သောင်းဖြစ်နေပေမယ့် အခုအဲ့ဒီဈေးနဲ့ ဝယ်ချင်ရင်တောင် ဝယ်လို့မရဘူး။ ဆိုင်တွေ အရောင်းပိတ်ထားတယ်။ ဒီ့ထက် တက်နိုင်ချေရှိလို့ ထုတ်မရောင်းရဲသေးဘူးတဲ့၊ အခြေအနေစောင့်ကြည့်ဦးမယ် ပြောတယ်။ ဝယ်တဲ့သူတွေကျတော့လည်း ဒီ့ထက် ဈေးထပ်မတက်ခင်လေးမှာ ရသလောက် ဝယ်ထားချင်ကြတာပေါ့။ ဒါပေမယ့် ဆိုင်တိုင်းလိုလိုက မရောင်းကြတော့ အခု ဝယ်ချင်တိုင်းတောင် ဝယ်လို့ မရတော့ဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆန်ဈေးနှုန်းတွေဟာလည်း တစ်ရက်အတွင်းမှာ အတက်ဘက်ကို ဦးတည်လာခဲ့ပြီး ဈေးကွက်အတွင်း အမျိုးအစားပေါ်မူတည်ကာ ဆန်တစ်အိတ်ကို ၃၀၀၀ မှ ၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဆန်တစ်ပြည်ဈေးဟာလည်း အရင်တစ်ပတ်ထက် ကျပ် ၅၀၀ ကျော် မြင့်တက်လာတယ်လို့ သိရပါတယ်။

ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၀၀၀၀၀ ကျပ်ကနေ ၁၂၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်ချော တစ်အိတ် ၉၆၀၀၀ ကျပ်ကနေ ၁၀၂၀၀၀ ကျပ်၊ ဆန်ကြမ်း ငစိန်၊ ဇီယာ အုပ်စုဝင် တစ်အိတ် ၅၆၀၀၀ ကျပ်ကနေ ၇၈၀၀၀ ကျပ်ဖြစ်ကာ အရင်တစ်ပတ်ထက် ၄၀၀၀ ကျပ်ဝန်းကျင် အသီးသီး ဈေးထပ်တက်လာတယ်လို့ သိရပါတယ်။

“နှစ်သောင်းတန် ထုတ်တော့မယ်လို့ ကြေညာတဲ့သတင်းက တစ်ရက်ပဲ ရှိသေးတယ်။ အများစုက ဈေးတက်ကုန်ပြီ။ အရင်ကတည်းကိုက ဘာရောင်းရောင်း တွက်ခြေမကိုက်တာများနေလို့ အခုလည်း အခြေအနေက ဘာမှန်းမသိတော့ တချို့ကုန်တွေကို အရောင်းရပ်ထားရတယ်။ ကိုယ်ကအခု ထုတ်ရောင်းလိုက်ပေမယ့် အမြတ်မရတဲ့အပြင် ပြန်ဝယ်ရင် အရင်ထက်နှစ်ဆ ပိုကုန်နေတာကိုး။ အခုက လုပ်စားကိုင်စားရတဲ့ အခြေအနေ အရင်ထက်ပိုကျပ်သွားတဲ့ သဘောပေါ့”လို့ အခြေခံ စားသောက်ကုန် လက်လီ၊ လက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ့လိုပဲ လူသုံးကုန်ပစ္စည်းအများစုဟာ ဒေါ်လာဈေးကြောင့် အရင်ကတည်းကိုက အတက်ဘက်ကိုသာ သွားနေရာက အခု ကျပ် နှစ်သောင်းတန် ထပ်ထုတ်မယ့်သတင်းကြောင့် ဇူလိုင် ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက စလို့ ကျပ် တစ်သောင်းအောက် ပစ္စည်းတစ်ခုကို ၄၀၀ ကျပ်၊ ကျပ် တစ်သောင်းအထက် ပစ္စည်းတစ်ခုကို ၇၀၀ ကျပ်၊ ကျပ် နှစ်သောင်းအထက် ပစ္စည်းတစ်ခုကို ၁၂၀၀ ကျပ် စသဖြင့် တန်ဖိုးအလိုက် ဈေးတက်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပစ္စည်းတွေလိုချင်ရင် ဈေးအရင်စုံစမ်းပြီး ဝယ်ယူဖို့ ဖောက်သည်တွေကို အသိပေးနေရတယ်လို့ လူသုံးကုန်ပစ္စည်းရောင်းတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းတွေလည်း မြင့်တက်လာပြီး တစ်လီတာကို ၂၃၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ စက်သုံးဆီ အရောင်းဆိုင်တွေဆီက သိရပါတယ်။ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တွေမှာ 92 တစ်လီတာကို ၂၂၀၅ ကျပ်၊ 95 တစ်လီတာ ၂၃၂၀ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ် စသဖြင့် ဈေးနှုန်း အသီးသီးရှိတယ်လို့ သိရပါတယ်။

နေပြည်တော်နဲ့ မန္တလေးမြို့တို့မှာလည်း 92 တစ်လီတာ ၂၂၅၀ ကျပ်ကနေ ၂၂၅၅ ကျပ်၊ 95 တစ်လီတာ ၂၃၇၀ ကျပ်နဲ့ ဒီဇယ်တစ်လီတာ ၂၂၄၅ ကျပ်ကနေ ၂၂၅၀ ကျပ် စသဖြင့် ဈေးနှုန်း အသီးသီး ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ့လိုပဲ အခြားသော ဒေသတွေမှာလည်း ပြီးခဲ့တဲ့ရက်တွေကထက် စက်သုံးဆီစျေးတွေ မြင့်တက်နေပြီး ဆီအမျိုးအစားပေါ်မူတည်ကာ ကျပ် ဆယ်ဏန်းကနေ ရာဂဏန်းအထိ စျေးတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်း ကားစျေးကွက်အတွင်းမှာလည်း ကားတစ်စီးရဲ့ အခြေခံစျေးနှုန်းတွေဟာ ကျပ် သိန်း ၂၅၀ ကျော်ဝန်းကျင်ကနေ ကျပ် သိန်း ၄၀၀ ကျော်အထိ ခုန်တက်သွားတယ်လို့ ရန်ကုန်ကားစျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

လက်ရှိ ကားဈေးကွက်အတွင်း ပရိုဘောက် နံပါတ်အဟောင်းတန်း ၂၀၀၉ မော်ဒယ်လ် F တန်းလောက်ကိုတောင် သိန်း ၄၂၀ ဝန်းကျင် ဈေးခေါ်နေကြပြီး ဆူဇူကီး ဆီးရက်နဲ့ အာတီဂါတို့မှာတော့ သိန်း ၇၀၀၊ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကျော် ဖြစ်ကုန်သလို နံပါတ်အသစ်ဆိုရင် သိန်းထောင်ကျော်အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

“နှစ်‌သောင်းတန် ထုတ်ပြန်ချက် ထွက်တဲ့နေ့မှာပဲ ကားစျေးက လန့်တက် တက်တယ်။ အခုရောင်းလိုက်ပြီး ပြန်ဝယ်ရင် အဲဒီစျေးမရတော့ဘူး။ ပုံမှန်ဆိုရင် ကားတစ်စီး အခြေခံစျေးနှုန်းက သိန်း ၂၅၀ ကျော်လောက်ကနေစတာ။ အခုတော့ ကားတစ်စီး အခြေခံစျေးနှုန်းက သိန်း ၄၀၀ လောက်တက်ခေါ်နေကြပြီ။ ကားစျေးကတော့ ဒီရက်ပိုင်းထဲ ပိုတက်ဖို့ပဲရှိတယ်”လို့ ဝါရင့် ကားဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကားစျေးကွက်မှာ Honda Fit GE 6 နယ်လိုင်စင် 2009 နံပါတ် I တန်းဆိုရင် ငွေကျပ် သိန်း ၅၈၅ သိန်း၊ ရွှေငါး အင်ဂျင်ပါဝါ 2.0 2002/2003 နံပါတ်အမြင့်ဆိုပါက ငွေကျပ် သိန်း ၈၀၀ ကျော်၊ ဆူဇူကီး အာတီဂါ နောက်ဆုံးနံပါတ် S တန်းဆိုပါက ငွေကျပ် သိန်း ၁၄၀၀ ဝန်းကျင် စသဖြင့် စျေးပေါက်နေတယ်လို့ သိရပါတယ်။ ငွေကြေးတတ်နိုင်သူတွေ စီးနင်းကြတဲ့ ဘယ်မောင်း နောက်ဆုံးနံပါတ်ကားတွေကတော့ သိန်းထောင်ပေါင်းများစွာ စျေးပေါက်နေတယ်လို့ သိရပါတယ်။

အခုလို ဈေးထိုးတက်သွားတာကြောင့် ဝယ်ယူသူရှားနေသလို ဈေးနှုန်းဆက်လက်မြင့်တက်နိုင်တယ်ဆိုတဲ့ ကြိုတင် ခန့်မှန်းချက်တွေကြောင့်လည်း အရောင်းအဝယ် ရပ်ထားကြတယ်လို့ ကားဝယ်ရောင်းသမားတွေက ပြောပါတယ်။

အိမ်ခြံမြေ ဈေးကွက်မှာလည်း ဈေးကွက်အပေါ် ပိုပြီးရိုက်ခတ်မှုတွေ ရှိလာတယ်လို့ ပွဲစားအသိုက်အဝန်းက သိရပါတယ်။ ဈေးကွက်အတွင်း လက်ရှိမှာ တိုက်ခန်းအရောင်းအဝယ် အနည်းအငယ် ရှိပေမယ့် ဝယ်ရောင်းသမား အများစုမှာ အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် ဈေးကွက်ရပ်နားထားကြတယ်လို့ သိရပါတယ်။

“အခုက မဖြစ်မနေ ငွေလိုတဲ့သူတွေလောက်ပဲ ထုတ်ရောင်းကြတာရှိတယ်။ အားလုံးလိုလိုကတော့ ဈေးကွက် ခဏနားထားတယ်။ ဈေးက ဒီနေ့ဈေးနဲ့ မနက်ဖြန်ဈေးတောင် တူတာမဟုတ်ဘူးလေ။ မြေက နှစ်သောင်းတန်ထုတ်လို့ အကြောင်းအရင်းမရှိဘဲ တက်တာမဟုတ်ဘူး။နှစ်သောင်းတန်စထုတ်တော့ မြန်မာငွေတန်ဖိုးကျပြီး money exchange rate ကတက်သွားတယ်။ အဲ့ဒါကြောင့် ဒေါ်လာစျေး၊ ဘတ်စျေး၊ ရွှေစျေးနဲ့ချိန်ထိုးပြီး အိမ်ခြံမြေဈေးက လိုက်တက်ရတာ။ ဒေါ်လာစျေး၊ ရွှေစျေးပြန်ကျရင် အနည်းအကျဥ်း အကျဘက်ကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ခဏပဲ ဖြစ်နိုင်ပါတယ်။ အရင်လို ပုံမှန်စျေးတန်းကို ပြန်ရောက်ဖို့ကတော့ လက်ရှိ နိုင်ငံအနေအထားနဲ့က ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်”လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းစျေးကွက်ဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက တဖြည်းဖြည်း ပေါက်ဈေး ပျောက်လာတာဖြစ်ပြီး ငွေလက်ထဲ မကိုင်ထားသူတွေရဲ့ လိုက်ဝယ်မှုကြောင့် ပုံစံပြောင်းလာတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာလည်း ငွေစက္ကူသတင်းကြောင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးကွက်အပေါ်ပိုပြီး ရိုက်ခတ်မှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ၁၀၀၀ ကျပ်တန်ငွေစက္ကူတွေကို ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ ကောလဟာလတွေသတင်းတွေလည်း ထွက်နေတာကြောင့် ငွေလက်ထဲမထားချင်ဘဲ တစ်ခါတည်း ငွေချေပြီးဝယ်ဖို့အတွက် လိုက်ရှာနေသူတွေ များနေပြီး ပေါက်ဈေးထက် ရောင်းသူခေါ်ဈေး ဖြစ်နေတယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းနဲ့ပတ်သက်လို့လည်း အစစအရာရာ တက်ပြီးရင်းတက် ဆိုတဲ့ အခြေအနေကို ပြည်သူတွေအနေနဲ့ ကာလအတန်ကြာ ရင်‌ဆိုင်နေခဲ့ရတာပါ။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ကလည်း ကျပ်နှစ်သောင်းတန် သတင်းကြောင့် တရားမဝင်ငွေစက္ကူ ကြေညာမှာတွေ၊ အခုထက်ပိုပြီး ငွေကြေးဖောင်းပွလာမှာတွေကို စိုးရိမ်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ မြန်မာငွေတန်ဖိုးဟာ အရင်ကတည်းက ကျဆင်းပြီးဖြစ်တာကြောင့် ထပ်ကြုံရမယ့် အခြေအနေတွေကို ကြိုတင်ပြင်ဆင်ဖို့ နည်းလမ်းမရှိတော့ဘူးလို့ သုံးသပ်ထားကြပါတယ်။

“ဗဟိုဘဏ်ကတော့ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ထုတ်ဝေပြီး ဘက်ဂျက်လိုငွေကို တိုက်ရိုက် ဖြည့်ဆည်းလာတာပေါ့။ ဒါ့ကြောင့် ဈေးကွက်အတွင်းမှာ လှည့်လည်သုံးစွဲငွေ တိုးမြင့်လာနိုင်တယ်။ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာကို ပြည်သူအများ ခံစားကြရဦးမှာဖြစ်တယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဗဟိုဘဏ်ကတော့ အခုလိုအခြေအနေမှာ ကုန်စျေးနှုန်းတက်အောင် လှုံ့ဆော်တဲ့သူ၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်အောင် ကြိုးစားနေသူတွေဟာ ပြည်သူရဲ့အကျိုးစီးပွားကို ပျက်စီးအောင် ဆောင်ရွက်နေသူတွေဖြစ်ပြီး တရားဥပဒေအရ အရေးယူမယ်လို့ ငွေစက္ကူအသစ်ထုတ်မယ့်သတင်းကြေညာတဲ့ ဇူလိုင် ၂၃ ရက်နေ့မှာပဲ သတိပေးထားပါတယ်။

မြန်မာငွေ နှစ်သောင်းတန်အသစ်ဟာ အထိမ်းအမှတ်အဖြစ်သာ အကန့်အသတ်နဲ့ ထုတ်ဝေမှာဖြစ်ပြီး ငွေစက္ကူအဟောင်းတွေနဲ့ တန်ဖိုးတူ လဲလှယ်မှာဖြစ်သလို လူတစ်ဦးကို နှစ်သောင်းတန် ၃ ရွက်သာ လဲခွင့်ရှိတာကြောင့် ငွေကြေး ဖောင်းပွမှုမရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် လဲလှယ်ထားတဲ့ ဟောင်းနွမ်း ငွေစက္ကူတွေကို ဖျက်ဆီးမယ့်စာရင်းထဲထည့်ပြီး ဖျက်ဆီးမှာဖြစ်တာကြောင့် ငွေကြေးပမာဏ တိုးတက်ဖို့ အခြေအနေ လုံးဝ မရှိနိုင်ဘူးလို့ ဗဟိုဘဏ်ဘက်က အခိုင်အမာပြောထားပါတယ်။

အထိမ်းအမှတ်အဖြစ်ထုတ်တဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူဟာ နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC)အတွင်းကို ထည့်သွင်းခြင်း မဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးကို ဥပမာ-ငွေစက္ကူအဟောင်း ကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူကို ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးတဲ့အခါမှာ အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ ရွက်သာ ထည့်သွင်းလဲလှယ်ပေးဖို့ လျာထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အသစ်ထုတ်မယ့် ငွေစက္ကူနှစ်သောင်းတန်ဟာ အလုံးအရင်းနဲ့ ထုတ်မှာမဟုတ်တဲ့အပြင် ငွေစက္ကူအဟောင်းတွေနဲ့ ပြန်လဲမှာဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း ကောင်းစွာ ထိန်းသိမ်းနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဇူလိုင် ၂၄ ရက်နေ့က နိုင်ငံပိုင် ရုပ်သံလိုင်းတွေကတစ်ဆင့် အသိပေးပြောဆိုထားပြီး လက်ရှိမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ တက်သွားတဲ့အပြင် ကုန်ဈေးနှုန်းဈေးတွေပါ မြင့်တက်သွားတာဟာ မီဒီယာတချို့က ကောလဟလသတင်းတွေ ထုတ်လွှင့်တာကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကတော့ ငွေကြေးပိုမိုဖောင်းပွလာပြီး ကျပ်ငွေတန်ဖိုး ပိုမိုကျဆင်းလာတဲ့အခါ မြန်မာငွေကြေးအပေါ် ယုံကြည်မှု နည်းပါးလာပြီး အဓိကအားဖြင့် အခြေခံ လူတန်းစားတစ်ရပ်အတွက် ရှေးကထက်ပိုပြီး စိန်ခေါ်မှုများစွာ ရှိလာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ အရင်ကတည်းက နိမ့်ကျနေတာကြောင့် ပြည်တွင်း၊ ပြည်ပ ကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်နေတဲ့အပေါ်မှာ ငွေစက္ကူသစ် ပေါ်လာတဲ့အခါ ကုန်ဈေးနှုန်း ဒီ့ထက်ပိုတက်လာနိုင်ကာ ဈေးကွက်အတွင်း အရင်ကထက် အဆင်မပြေမှုများစွာ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မူဝါဒအမျိုးမျိုး ထုတ်ပြန်တာ၊ ဘဏ်တွေကတစ်ဆင့် ဒေါ်လာငွေ ရောင်းချတာ၊ ကုန်သည်လုပ်ငန်းရှင်တွေကို ထုတ်ပြန်ချက်တွေနဲ့ ထိန်းချုပ်တာတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ၂ နှစ်ကျော်ကာလအထိ နည်းလမ်းမှန်နဲ့ စီမံနိုင်ခြင်းမရှိသေးဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာလည်း ငွေစက္ကူ နှစ်သောင်းကျပ်တန်ကို “မဟာဝိဇယ” ဗုဒ္ဓ‌ရုပ်ပွားတော်ကြီး တည်ထားပြီးစီးမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က မွေးဖွားခဲ့တဲ့ ရခိုင်ပြည်မှ ယူဆောင်ထားသော ဆင်ဖြူတော်ရတနာ “ရဌနန္ဒာက” တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ အကန့်အသတ်နဲ့ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒီကြေညာချက်ကြောင့် မြန်မာ့စီးပွားရေးကဏ္ဍ အသီးသီးမှာ အရင်ကထက်ပိုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနေတာကြောင့် အခြေခံလူတန်းစား ပြည်သူတွေအတွက်ကတော့ ဘူးလေးရာ ဖရုံဆင့် ဆိုသလို အခက်အခဲ အကျပ်အတည်းနွံထဲမှာ နစ်သထက်နစ်ဖို့ အလားအလာတွေ ရှိနေကြပြီး ဒီနွံထဲက ရုန်းထွက်နိုင်ဖို့အတွက်ကတော့ ရွှေပြည်တော် မျှော်တိုင်း ဝေးနေဦးမှာပဲ ဖြစ်ပါတယ်။ ။

#voiceofmyanmar #VOM #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW