၃ ရွယ်၊၃ မျိုး

ဆူးငှက်

ပြန်တွက်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ်လေးဆယ် နီးပါးကပါ။ ကျွန်တော့်အသက် ၂၀ကျော် ကာလတွေပေါ့။၂၀ကျော်ကာလဆိုတာ ယုံကြည်ချက်တစ်ခု ခိုင်မာနေချိန်။ ကိုယ်ယုံကြည်တာကို မဆုတ်မနစ် တုံးတိုက်တိုက်
ကျားကိုက်ကိုက် အမှောင်မကြောက်စတမ်း ရှေ့ချီတက်မယ်ဆိုတဲ့အချိန်။ ယုံကြည်ချက်လို့များ အထင်မကြီးလိုက်နဲ့။ ကျွန်တော်ပြောတဲ့ ယုံကြည်ချက်ဆိုတာတွေ၊ မဆုတ်မနစ်ဆိုတာတွေ၊ တုံးတိုက်တိုက်ဆိုတာတွေ ချီတက်မယ်ဆိုတာတွေကြောင့် နိုင်ငံရေး ယုံကြည်ချက်ဆိုတာ အဲဒီအရွယ်မှာ ကိုင်းခက်လက်ဝေဖြာနေတဲ့“အချစ်စိတ်” ကိုပြောတာပါ။ အချစ်ဆိုတာ ရယူခြင်းတွေရော ပေးဆပ်ခြင်းတွေေ.၊ အလင်းဆိုင်မှာ ရေနွေးကြမ်းအိုပေါင်းများစွာနဲ့ငြင်းခုန်ပြီး သက်ပြင်းတချချ လုပ်နေကြတဲ့ ကာလပေါ့။ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုထဲက စာသားတွေ၊ ငြိမ်းကျော်ဝတ္ထုထဲက စာသားတွေ တတွတ်တွတ်ရွတ်ပြီး ကိုးကားလို့ပေါ့။

“တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာ…။ဒါမှမဟုတ် တစ်ယောက်ကို စွဲစွဲမြဲမြဲ အသည်းပေါက်မတတ် ချစ်ပြီဆိုရင် သူ့အလို လိုက်ရမှာပေါ့။ သူနဲ့ကိုယ်နဲ့ တစ်သဘောတည်း တစ်သားတည်းဖြစ်ကြရမှာပေါ့။ စွယ်တော်လို နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတာမျိုးလေ။ ဘာပဲပြောပြော။ ချစ်ပြီဆိုမှတော့ ကြားလေ သွေးတာတောင်မှ မခံနိုင်ပါဘူး။ တာနောယက္ခလို အာခံတွင်းမှာ ငုံထားပြီး အသက်နဲ့ ထပ်တူထားချင်တာ” ဘာညာ
စသည်ဖြင့်ပေါ့လေ။ ချစ်တယ်ဆိုရင် ချစ်တာပဲသိတယ်။ “ချစ်တယ်” ဆိုတဲ့ စကားလုံးကပဲ ဘဝအတွက် အရာရာပြည့်စုံနေပြီ။
““ဘာလိုသေးလဲ အချစ်ရယ်….”” ဆိုတာမျိုး…….။
x x x x

(က)
ကျွန်တော် ငယ်ငယ်ကတည်းက ပန်းချီဝါသနာ ပါတယ်။ တကယ်တမ်းဖြစ်ချင်တာက ပန်းချီဆရာ….။ပန်းချီမှာမှမြန်မာ့ရိုးရာလိုင်းကို ပိုပြီး ခုံမင်မိတယ်။ ဟံသာဝတီ သတင်းစာရဲ့ အခါကြီး ရက်ကြီး အထူးထုတ် မျက်နှာဖုံးက ဆရာကြီး ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)တို့၊ မောင်ဝင်းမောင်(တမ္ပဝတီ)တို့ရဲ့ သရုပ်ဖော် ပန်းချီတွေဆိုရင် အမြဲသိမ်းထားပြီး လေ့လာဖြစ်တယ်။ အရင် လူထုသတင်းစာက အထူးထုတ် မျက်နှာဖုံးတွေကိုတော့ ကြီးမှ ပြန်တွေ့ခွင့်ရလို့ ကြက်သီမွှေးညင်း ထမျှ အံ့ဩနှစ်သက်မိတယ်။

ကျွန်တော် ကျောင်းသွားကျောင်းပြန်တိုင်း အမြဲဖြတ်သန်းရတဲ့ အိမ်တော်ရာဘုရားစောင်းတန်းတွေ ဇရပ်တွေထဲက နိပါတ်တော်ကားတွေ မဝနိုင်အောင် ကြည့်မိတယ်။ အိမ်တော်ရာ အရှေ့မုခ် အပေါက်ဘေးက ပန်းချီဆရာ ကံညွှန့်လေး ရေးနေတဲ့ နိပါတ်ကားတွေကို စိမ်ပြေနပြေ ထိုင်ကြည့်ဖြစ်တာ..။ သည်မှာတင် ကျွန်တော် လက်စွမ်းပြဖို့ အခွင့်အရေး တစ်ခု ရလာတယ်။ မင်္ဂလာဆောင်ဖိတ်စာ ဒီဇိုင်းလေး တစ်ခုပါပဲ။ ကိုယ့်စိတ်ကြိုက် ဖန်တီးရပါမယ်။ ကိုယ့်ခြေ ကိုယ့်လက် ကိုယ်ကြိုက်သလို ဆောင်ရွက်နိုင်တယ်။ ဒီတော့….အချစ်စိတ်တွေ မိုးမွှန်ရတဲ့ ကာလ၊ အချစ်အတွက်ဆို အသက်ပင်ေသသေ ဆိုတဲ့ ကာလမှာ ဒီသရုပ်တွပေါ်လွင်အောင် ကိုယ်မြတ်နိုးတဲ့ မြန်မာရိုးရာပန်းချီနဲ့ မင်္ဂလာဆောင် ဖိတ်စာကို သရုပ်ဖော်မယ်ပေါ့…။ဒါကြောင့် မြန်မာ့ရိုးရာမှာ ရှိပြီး အချစ်ကြီးသူ သင်္ကေတ ကိန္နရီ ကိန္နရာပုံကို ဇာတ်မင်းသား၊ မင်းသမီးက ကိန္နရီ ကိန္နရာ အဝတ်တန်ဆာတွေနဲ့ သရုပ်ဖော်ကပြနေတဲ့ဟန်ကို ယူပါတယ်။
““ချစ်သမျှကို မြင့်မိုရ်ရွှေတောင်လုံးသာပလေ….၊
လေးဆူဒီပါ…သီတာရေမြေဆုံးစေတော့လေ….””ဆိုတဲ့စာသားထဲလို…။

နောက်….““သံသာလေ
ကမ်းတိုင်၊တူပြိုင်လေကူးမယ်””ဆိုတဲ့စာသားလို…၊

““ရွှေဝန်းရံညီ၊ ကိန္နရီဖော်လဲ၊ ကွဲခဲ့ပြီလေး၊ သည်ပူဝန်ရေးငယ်နှင့်၊ မအေးတဲ့
ပါပြီ၊ မူးချိန်မှီ…”” ဆိုတဲ့စာသားတွေလိုပေါ့…။

အဲဒီ ကိန္နရီ ကိန္နရာမောင်နှံရဲနောက်ခံမှာ တောတွေ၊တောင်တွေ၊မြစ်တွေ ချောင်းတွေကို ရိုးရကောက်ကြောင်းနဲရေးဆွဲတယ်။ သူရိန်နေမင်းနဲ့ သီတဂူစန်းလတို့လည်း ယှဉ်တွဲပါရှိတယ်။ မိုးကြီးလေကြီးမှချောင်းခြားလို့ တစ်ညဝေးရသည်ကိုပင် ရက်ပေါင်း၇၀၀ ဆွေးရတယ်ဆိုတဲ့ သဘောလည်းပါစေချင်တာ…။အဲဒီကောက်ေကြာင်းပန်းချီ ပုံရဲ့အောက်မှာ ဘလ္လာတိယပျို့ထဲက“ကာလမြင့်ခေါင်၊ သက်ဆုံးအောင်လျှင်၊ မြဲနှောင်မကွေ…၊ ချစ်ရိုသေလျက်၊
နေကြသောလား၊ နှစ်ပါးစုံရန်၊ မျိုးကြင်တန်ကို၊ ထိုဟန်စိတ်ဖြူ၊ ချစ်နည်းယူလျက်…”” ဆိုတဲ့ စာသားကို
ထည့်ထားတယ်။
ပြောရမယ်ဆိုရင်…၊ ပထမအရွယ် တင်းတင်းပြည့်ပြီးချိန်မှာ ဖန်တီးလိုက်တဲ့“မင်္ဂလာဖိတ်စာ”လေးပါ။

x x x x x

(ခ)
ဒီလိုနဲ့ အိမ်ထောင်ရက်သားကျ…။သားသမီး ပွားစည်းပြီး“လူ့ဘဝ”ဆိုတဲ့ မြစ်ပြင်ကျယ်ကြီးထဲမှာ အိမ်ထောင့်တာဝန်ဆိုတဲ့ ဝမ်းဗိုက်ပေါက်လှကလေးနဲ့ လက်တွေ့ကျကျ ၁၅နှစ်နီးပါး ကူးခတ်မောပန်း အသားကျနေတဲ့ကာလ (၁၉၉၇)ခုနှစ်ေလာက်မှာ နောက်ထပ် မင်္ဂလာဆောင် ဖိတ်စာ ဒီဇိုင်းလေးတစ်ခု စိတ်ကြိုက်ဖန်တီးခွင့် ရပြန်ပါတယ်။ တကယ်တော့ အိမ်ထောင်သည် ဘဝဆိုတာ မယူခင်၊ မရခင်ကလို စိတ်ကူးယဉ်မဆန်တော့ဘူးပေါ့။ သူ့မိဘ၊ ကိုယ့်မိဘ၊ သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုး၊ သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝန်းကြားမှာ အနှစ်၂၀ကျော် ခေါက်ရိုးကျိုး၊ အသားကျပြီးမှ တစိမ်းပြင်ပြင်နှစ်ဦး တစ်မိုးအောက်၊ တစ်အိပ်ရာထဲ အတူတူနေကြတာမဟုတ်လား။ သူ့အကြိုက်၊ ကိုယ့်အကြိုက် ဆိုတာလည်း တူနိုင်ခဲပါဘိ။ ဒီလိုအိမ်ထောင့် အတွေ့အကြုံတွေ အတော်အသင့် ထုသားပေသား ကျနေချိန် ဖန်တီးခွင့်ရတဲ့ ဖိတ်စာလေးမှာ မျက်နှာဖုံးကိုတော့ အရင်လိုမြန်မာ့ရိုးရာ ဒီဇိုင်းမျိုး မဟုတ်တော့ဘူး။ အတွေးနဲ့ ခံစားချက်ကို ဦးစားပေးတဲ့ ဒီဇိုင်းပါ။ လွယ်လွယ်ပြောရရင် မော်ဒန်ပေါ့လေ…။“ဖို”စာ“မ”စာနဲ့ မျိုးဆက်ပွားစည်းမှု သဘောပါ။ မျဉ်းဖြောင့်နဲ့ မျဉ်းကွေးတွေရဲ့ ပဋိပက္ခများ အချိုးညပေါင်းစပ်မှုတွေပါ။
ဒါပေမယ့် အချစ်ပါတာမို့ ငြိမ်းအေးကျေနပ်မှု သရုပ်အဖြစ် စကိုင်း ဘလူး အပြာတစ်ရောင်တည်း…..။
ဖိတ်စာကျောမှာ ကျွန်တော်ကဗျာလေး တစ်ပုဒ် ရေးစပ်ပေးလိုက်တယ်….။ ဒီလိုပါ….။

– စိတ်ချင်းတူတူ
ချစ်ချင်းတူတူ
အပြန်အလှန် ဖေးမကူ။

– သူဖြူရင် ကိုယ်မမည်း
ကိုယ်မည်းတော့ သူမဖြူ
မီးခိုးရောင်လေးနဲ့ နင်းယူ
ငြိမ်းချမ်းကမ္ဘာဆီ မျက်နှာမူ….။

ဒုတိယအရွယ်တင်းတင်းမှာ ဖန်တီးခွင့်ရတဲ့ ဖိတ်စာလေးပါပဲ။
x x x x x

(ဂ)
ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားအရွယ်၊ ကျွန်တော့မိဘတွေက အသက် ၅၀ကျော်ပါပြီ။ အိမ်ကိုလာတဲကျောင်းသား သူငယ်ချင်းတွေက“မင်းအဘိုးကြီးနဲ့ အဘွားကြီး….”လို့ သုံးနှုန်းကြတယ်။ ဟုတ်တယ်၊ ကျွန်တော်ကိုယ်နှိုက်ကလည်း အသက် ၅၀နဲ့အထက် ၁နှစ် ၂နှစ် စွန်းကာစ မိဘနှစ်ပါးကို ကြည့်ပြီး တကယ့် အဘိုးအို၊ အဘွားအိုတွေလို့ပဲ ထင်တယ်။ စိတ်ကောင်းလေး ဝင်လာရင်“ငါ့မိဘတွေ အိုမင်းကုန်ပြီ၊ ငါက ပုခုံးထမ်းတင် လုပ်ကျွေးပြုစုရတော့မယ်”” လို့ တွေးမိနေချိန်ပေါ့။

အခု ကျွန်တော်အသက် ၆၀စွန်းပါပြီ။ အသက် ၅၀ကျော်ကာလက အိမ်လာလည်တဲ့ သားတွေရဲ့ သူငယ်ချင်းတွေကို ““လာလေ…ငါ့ညီတို့ အိမ်ထဲကို ဝင်ထိုင်ကြ…””လို့ ဖိတ်မန္တကပြုမိလို့ ဇနီးသည်က မျက်စောင်းထိုးခြင်း ခံရတယ်။ ဟုတ်ပါလား၊ ကိုယ့်ကိုယ်ကိုယ် ငယ်ငယ်ရွယ်ရွယ်ပဲ ထင်နေတာကိုး။ အခုဟာက ကိုယ့်သား သူငယ်ချင်းတွေပဲ။ သားအရွယ်ပေါ့။သူတို့တတွေ အသက် ၂၀ကျော် ၂၅ပတ်ချာလည်တွေလေ။ ဒီအချိန်မှာပဲ ကျွန်တော်နောက်ထပ် မင်္ဂလာဖိတ်စာတစ်စောင် ဖန်တီးရပြန်ပါတယ်။ မင်္ဂလာဖိတ်စာ ဖန်တီးတယ်လို့တော့ ပြောလို့ မရဘူးပေါ့။ ဖိတ်စာက အခုခေတ်မှာ ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းတွေဖြစ်ကုန်ပြီလေ။ အရင်လို ကိုယ့်လက်နဲ့ ရေးဆွဲစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့် ကိုယ့်ကိစ္စ မဟုတ်တော့ဘူး။ ကိုယ့်အစီအစဉ်က ခေတ်နောက်ကျသွားပြီလို့ ဆိုနိုင်တယ်။ ဒါကြောင့် နူတ်ကပဲ ဘာလေးလုပ်ပါ၊ ညာလေးလုပ်ပါဆိုတာမျိုး နှမ်းဖြူးရတာ၊နငယ် အမြီးရှည်ရတာပါ။ မင်္ဂလာပွဲပြန်အဖြစ် မန္တလေးထုံးစံ ယပ်တောင်ကမ်းတဲ့ ချစ်စရာ အလေ့အထ ရှင်သန်ဆဲမို့ ဝမ်းမြောက်ရပါတယ်။ ယပ်တောင်က မန္တလေးမှာ အသုံးတည့်နေဆဲကိုး။ အဲဒီယပ်တောင်ပေါ်က စာသားကို ကျွန်တော့် စိတ်ကြိုက်
ရွေးချယ်ပေးရတာပါ။ သမရိုးကျ မဟုတ်ချင်တော့ အမှတ်တရလေးလည်းဖြစ်စေချင်တယ်။ ဒါကြောင့်
ဒီစာသားကို ရွေးချယ်ပေးလိုက်တယ်။
““ – ရုက္ခဿ သစ်ပင်၏ ဆာရာ အရိပ်သည်
သုခံ ချမ်းသာ၏။

တတော ထိုသစ်ပင်အရိပ် ချမ်းသာသည်ထက် ညာတိ မာတာပိတု မိဘဆွေမျိုး၏ အရိပ်သည်
သုခ ချမ်းသာ၏။

တတော ထိုမိဘဆွေမျိုးတို့ အရိပ် ချမ်းသာသည်ထက်
……….””
ဒီစာသားလေးနဲ့ မင်္ဂလာလက်ဆောင်ပြန် ယပ်တောင်ကမ်းတော့ သူငယ်ချင်း တစ်ယောက်က
ကျွန်တော့လက်ရာမှန်း သိတဲ့အခါ
““ ဒီစာသားတွေက မင်းရေးတာ မဟုတ်လား။ မင်းက အသက် ၅၀ကျော်မှ ချစ်သူရဲ့ အရိပ်က မိဘဆွေမျိုးရဲ့
အရိပ်ထက် အေးမြတယ်ဆိုပြီး ကလေးတွေကို မြှောက်ပေးနေတာပေါ့။ ဝဋ်လည်ဦးမယ်နော်၊ နဂိုကမှ အခုခေတ်ကလေးတွေက လူကြီးမိဘတွေအပေါ် မထေမဲ့မြင်ဖြစ်နေကြရတဲ့အထဲ”တဲ့လေ။ လူကြား သူကြားထဲမို့ သူငယ်ချင်းကိုတော့ ပြန် ရှင်းမပြ နိုင်ခဲ့ပါဘူး။
စာရေးဆရာ ဆိုတော့လည်း အတွေးတစ်ခု ကျန်စေချင်တာနဲ့ မူရင်းပါဠိနဲ့ အနက်စာသားထဲက ကိုယ်လိုရာ အပိုင်းကိုပဲ…ဖြတ်တောက်သုံးစွဲ လူလည်ကျခဲ့တာလေ။ ကိုယ်တိုင် ရေးသားတာလည်း မဟုတ်ရပါဘူး။
ဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့ စာပွဲသဘင်ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ်ထားတာပါ။ မူရင်းအတိုင်း အပြည့်အစုံ ဆက်စပ်မယ်ဆိုရင် …..
– ရုက္ခဿ သစ်ပင်၏ ဆာရာ အရိပ်သည်
သုခံ ချမ်းသာ၏။
– တတော ထိုသစ်ပင်အရိပ် ချမ်းသာသည်ထက်
ညာတိ မာတာပိတု မိဘဆွေမျိုး၏ အရိပ်သည်
သုခံ ချမ်းသာ၏။
– တတော ထိုမိဘဆွေမျိုးတို့ အရိပ် ချမ်းသာသည်ထက်
အာစရိယော ဆရာ၏ အရိပ်သည်
သုခံ ချမ်းသာ၏။
– တတော ထိုဆရာ၏ အရိပ် ချမ်းသာသည်ထက်
ရညော မင်းကောင်းမင်းမြတ်၏ အရိပ်သည်
သုခံ ချမ်းသာ၏။
– တတော ထိုအရိပ် သုံးခုထက်
ဗုဒ္ဓဿ မြတ်စွာဘုရားသခင်၏ သာသနာ ဆုံးမတော် တည်းဟူသော အရိပ်သည်

အတိသုခံ အလွန် ချမ်းသာလှပေ၏။…….တဲ့။

အသက် ၅၀ကျော် တတိယအရွယ်တံခါးဝကို ရောက်မှန်းမသိ ရောက်လာတဲ့အခါ လုလင်ပျို၊ လုံမပျိုတို့ နှစ်ပါးဂဟေဆက် ရွှေလက်တွဲပြီး တစ်အိုးတစ်အိမ်အဖြစ် အိမ်ထောင်ရက်သားပြုခြင်းသည် အန္တိမ ရည်မှန်းချက်အနေနဲ့
သာသနာတော်ရဲ့ အဆုံးအမအောက်မှာ၊ သာသနာကို“စိတ်ချင်းတူတူ” အထောက်အပံ့ဖြစ်မယ့် ခိုင်မာမှု တစ်ခုအဖြစ် ဆင်ခြင်လာမိပါတော့တယ်။

x x x x x

(ဃ)
– အသက်၂၀ကျော်အရွယ် ကိုယ်တိုင် ဖန်တီးရတဲ့ ကိန္နရီ ကိန္နရာနဲ့ မင်္ဂလာစိတ်စာလေးက ကျွန်တော့်တို့မင်္ဂလာဆောင် ဖိတ်စာပါ။
– အသက် ၄၀အရွယ် သားနှစ်ယောက်ရပြီးချိန် ဖန်တီးပေးရတဲ့ ဖိတ်စာလေးက ကျွန်တော့ညီ ဝမ်းကွဲ မောင်ဇော်ဝင်း (ဇော်ဇော်)နဲ့ မစန်းစန်းအေးတို့ မင်္ဂလာဖိတ်စာလေးပါ။
– အသက် ၅၀ကျော်အရွယ် စီစဉ်ပေးရတဲ့ မင်္ဂလာယပ်တောင်က ကျွန်တော့်သားကြီး မောင်သူရိန်နဲ့မနှင်းအိခိုင်တို့ရဲ့ ဆွမ်းကပ်မင်္ဂလာဧည့်ခံပွဲပြန် လက်ဆောင်……။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW