VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်
– လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ့် အခြေအနေ
– နွားချေးကနေ လောင်စာထုတ်ပြီး ဒုံးပျံလွှတ်တင်နိုင်တော့မှာလား
-ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်ထုတ်လုပ်ရေးစက်ရုံ ဖွင့်တော့မယ်

မျိုးဆက်(VOM)
စက်တင်ဘာ-၂၂-၂၀၂၃

(၁) လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး စမ်းသပ်တော့မယ်လို့ Neuralink ကြေညာ

အီလွန်မာ့ခ်ရဲ့ Neuralink ကုမ္ပဏီဟာ လူ့ခေါင်းထဲကို မိုက်ခရိုချစ်ပ်ထည့်ပြီး ပထမဆုံးအကြိမ်စမ်းသပ်မှုတွေ လုပ်တော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မိမိတို့ရဲ့ ပထမဆုံးသော လူသားတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေအတွက် လူစုဆောင်းမှုကို စတင်ဖို့ ခွင့်ပြုချက်ရရှိထားပြီး ဒါဟာ ရင်သပ်ရှုမောဖွယ် ဆေးသိပ္ပံဆိုင်ရာ လေ့လာစမ်းသပ်မှုဖြစ်ပြီး ဘေးကင်းရေးကို ပထမဦးစားပေးလုပ်ဆောင်သွားမယ်လို့ Neuralink က ထုတ်ပြန်ထားပါတယ်။

ဒီစမ်းသပ်မှုအတွက် Neuralink ဟာ ကျောရိုးမကြီးထိခိုက်ထားသူ သို့မဟုတ် လေဖြတ်ထားသူမျိုးနဲ့ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သူတွေကို စုဆောင်းနေပြီး ဦးနှောက်နဲ့ မိုက်ခရိုချစ်ပ် ပေါင်းစပ်နိုင်မှုက သူတို့ကို ပုံမှန်အတိုင်း သွားလာရှင်သန်နိုင်ဖို့ ကုမ္ပဏီက မျှော်လင့်နေပါတယ်။

Neuralink ရဲ့ အဲဒီနည်းပညာဟာ ခန္ဓာကိုယ်အပြည့်အဝလှုပ်ရှားနိုင်မှုကို ပြန်လည်ရရှိဖို့ အလားအလာရှိကြောင်း အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ အီလွန်မာ့ခ်ဟာ Neuralink ကုမ္ပဏီကို ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ လူ့ဦးနှောက်နဲ့ကွန်ပြူတာ သို့မဟုတ် အခြားသော ကိရိယာများအကြား ဆက်သွယ်နိုင်မှု ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့အတွက် ဆေးသိပ္ပံနဲ့နည်းပညာပေါင်းစပ်ဖို့ ရည်ရွယ်ပါတယ်။

ကုမ္ပဏီရဲ့ အဆုံးစွန်ရည်မှန်းချက်ကတော့ လူသားတွေရဲ့ ဉာဏ်ရည်ကို မြှင့်တင်ဖို့နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကုသနိုင်ဖို့အတွက် ဦးနှောက်နဲ့ နည်းပညာပစ္စည်းတွေအကြား ဆက်သွယ်ချက်တစ်ခုကို ဖန်တီးနိုင်ဖို့ဖြစ်ကြောင်း အီလွန်မာ့ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

(၂) နွားချေးက ထုတ်လုပ်တဲ့လောင်စာနဲ့ ဒုံးပျံလွှတ်တင် စမ်းသပ်ဖို့ ဂျပန်ကုမ္ပဏီ စီစဉ်နေ

ဂျပန် ဓါတုဗေဒကုမ္ပဏီတခုဖြစ်တဲ့ Air Water ကုမ္ပဏီဟာ နွားချေးကနေ ဇီဝမီးသိန်းအရည် ထုတ်လုပ်နေပြီး ဒါကို ဒုံးပျံလောင်စာအဖြစ် အသုံးပြုနိုင်ရေး မကြာခင်မှာ စမ်းသပ်တော့မှာဖြစ်ပါတယ်။

အဲဒီဒုံးပျံကိုတော့ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ အခြေစိုက်တဲ့ အာကာသနည်းပညာကုမ္ပဏီ Interstellar Technologies ကဖန်တီးထားတာဖြစ်ပြီး နွားချေးကထုတ်လုပ်တဲ့ လောင်စာနဲ့ လာမယ့်ဆောင်းရာသီမှာ လွှတ်တင်စမ်းသပ်သွားဖို့ စီစဉ်ထားကြောင်း Air Water ကုမ္ပဏီက ပြောပါတယ်။

Air Water ကုမ္ပဏီဟာ ဟော့ကိုင်ဒိုးမှာ ဇီဝမီးသိန်းအရည်ကို ၂၀၂၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး နွားချေးနဲ့ ကျင်ငယ်ရေကနေ မီးသိန်းကိုထွဲထုတ်အအေးခံပြီး ဇီဝမီးသိန်းအရည်အဖြစ် ထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒုံးပျံတွေဟာ အာကာထဲထိရောက်ရှိနိုင်ဖို့အတွက် လုံလောက်တဲ့တွန်းကန်ပေါက်ကွဲအားရရှိရေးအတွက် အရည်လောင်စာလိုအပ်ပြီး သန့်စင်ပြီးအဆင့်မြင့်မီးသိန်းလောင်စာကို ပုံမှန်အားဖြင့် သဘာဝဓါတ်ငွေ့အရည်ကနေ ထုတ်လုပ်ပေမယ့် Air Water ကုမ္ပဏီကတော့ စွန့်ပစ်ပစ္စည်းတွေကနေ အရည်အသွေးမီလောင်စာထုတ်လုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

သူ့ရဲ့ မိတ်ဖက် Interstellar Technologies ကလည်း ဂြိုဟ်တုအသေးစားတင်ဆောင်ထားတဲ့ သူ့ရဲ့ဒုံးပျံကို နွားရဲ့စွန့်ပစ်ပစ္စည်းတွေကနေရရှိတဲ့ လောင်စာနဲ့လွှတ်တင်နိုင်ဖို့ စမ်းသပ်မှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

(၃) ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် ထုတ်လုပ်ရေးစက်ရုံ ယခုနှစ်နှောင်းပိုင်းမှာ ဖွင့်မယ်

ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ် ထုတ်လုပ်ရေးစက်ရုံကို အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် ဆယ်လန်မှာ ယခုနှစ်နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

RoboFab လို့အမည်ပေးထားတဲ့ လူတူစက်ရုပ်ထုတ်လုပ်ရေးစက်ရုံ ယမန်နှစ်က စတင်တည်ဆောက်ခဲ့ပြီး ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်မှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြောင်း Agility Robotics ကုမ္ပဏီက ထုတ်ပြန်ကြေညာထားပါတယ်။

ဒီစက်ရုံဖွင့်လှစ်နိုင်မှုဟာ စက်ရုပ်ထုတ်လုပ်မှုသမိုင်းမှာ အရေးကြီးတဲ့အခိုက်အတန့်ဖြစ်ပြီး စီးပွားဖြစ် လူတူစက်ရုံတွေ အမြောက်အပြားထုတ်လုပ်မှုရဲ့ နိဒါန်းဖြစ်ကြောင်း Agility Robotics ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ Damion Shelton ကပြောပါတယ်။

Agility Robotics ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်အတွင်းက လူတူစက်ရုပ်အမျိုးအစားနှစ်ခုကို မိတ်ဆက်ခဲ့ပြီး စက်ရုံကနေ တနှစ်ကို စက်ရုပ်ပေါင်း တသောင်းထိ ထုတ်လုပ်ဖို့ရည်မှန်းထားကြောင်း စီအီးအိုဖြစ်သူက ဆိုပါတယ်။

ဒဏ်ရာအနာတရ၊ ပင်ပန်းနွမ်းနယ်မှု၊ မြင့်မားတဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မဖြည့်ဆည်းနိုင်တဲ့ လုပ်အားကွာခြားချက်လိုမျိုး ယနေ့ခေတ်လုပ်သားပြသနာအတွက် အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် စွမ်းဆောင်ရည်မြင့် လူတူစက်ရုပ်တွေကို ဆက်လက်ဖန်တီးသွားမှာဖြစ်ကြောင်း Agility Robotics ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Ref: IE
#voiceofmyanmar #vom #Tech #science #September23rd

Related posts

Leave a Comment

VOM News

FREE
VIEW