ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား

Chicken
VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ်
– ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား
– မက်ဆင်ဂျာမှာ AI Chatbot ကို လိုရာမေးနိုင်ပြီ
-AI တင့်ကား ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အစ္စရေးစစ်တပ်
မျိုးဆက်(VOM)
အောက်တိုဘာ-၁-၂၀၂၃
(၁) ကြက်တွေရဲ့စကားကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာ တီထွင်
ဂျပန်နိုင်ငံက သုတေသီတွေဟာ ကြက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာတမျိုးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီတီထွင်မှုကို တိုကျိုတက္ကသိုလ်က ပါမောက္ခ အန်ဒီရီယန်ဒေးဗစ်ချော့ခ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံပိုင်းဆိုင်ရာ ပြောင်းလဲမှုပုံစံတွေကို အာရုံခံနိုင်တဲ့ Deep Emotional Analysis Learning စနစ်ကို အခြေခံထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။
သုတေသီတွေရဲ့ လက်ရှိလေ့လာမှုအရ ကြက်တွေရဲ့အသံကို ဉာဏ်ရည်တုနည်းပညာက အာရုံခံစိစစ်ပြီး ကြက်တွေရဲ့ ဆာလောင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသဖြစ်မှုနဲ့ စိတ်လှုပ်ရှားမှုအပါအဝင် အမျိုးမျိုးသော စိတ်ခံစားမှုအခြေအနေတွေကို ဘာသာပြန်ပေးနိုင်တယ်လို့ သိရပါတယ်။
တိရိစ္ဆာန်တွေ ဘယ်လိုခံစားနေရလဲသိလာရရင် သူတို့အတွက် ပိုကောင်းတဲ့ဝန်းကျင်တခုကို ပုံဖော်ဖန်တီးပေးနိုင်မှာဖြစ်ပြီး လက်ရှိချိန်ထိ ကြက်ကောင်ရည် ၈၀ ကျော်ကို စမ်းသပ်ခဲ့ပြီး တိရိစ္ဆာန် စိတ်ပညာရှင်တွေနဲ့ တိရိစ္ဆာန်ဆရာဝန်တွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
လေ့လာမှုတွေမှာတော့ ကြက်တွေရဲ့ အသံကနေ သူတို့ရဲ့စိတ်ခံစားမှုအခြေအနေတွေကို ခွဲခြားသတ်မှတ်ရာမှာ အံ့အားသင့်ဖွယ် တိကျမှုမြင့်မားခဲ့ကြောင်း ၊ ဒါပေမယ့် မျိုးစိတ်ကွဲလွဲမှုနဲ့ အပြုအမူလိုမျိုး ခန္ဓာဗေဒဆိုင်ရာ တွေမှာ ကန့်သတ်ချက်အချို့ရှိနေသေးကြောင်း သုတေသီတွေက ပြောဆိုထားပါတယ်။
(၂) မက်ဆင်ဂျာမှာ AI Chatbot ထည့်ပေးမယ်လို့ မက်ခ်ဇူကာဘတ်ကြေညာ
Zuckerberg
Mark Zuckerberg and AI Chatbot
မက်ဆင်ဂျာမှ AI Chatbot ထည့်သွင်းပေးမှာဖြစ်ကြောင်း Meta ရဲ့ စီအီးအိုဖြစ်သူ မက်ခ်ဇူကာဘတ်က ကြေညာလိုက်ပါတယ်။
အဲဒီ AI Chatbot ကို လက်ရှိမှာတော့ကန့်သတ်ချက်တွေနဲ့အတူ စမ်းသပ်နေဆဲဖြစ်ပြီး Meta AI လို့အမည်ပေးထားပြီး အားလပ်ရက် အပန်းဖြေခရီးထွက်ဖို့၊ ဟင်းချက်ဖို့အကြံတောင်းတာမျိုးအပါအဝင် အခြားသော သိလိုတဲ့မေးခွန်းတွေကို မေးမြန်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုံဆွဲခိုင်းတာမျိုးကအစ စေခိုင်းနိုင်သလို Snoop Dogg နဲ့ Kendall Jenner တို့လို နာမည်ကျော် ၂၈ ယောက်ရဲ့ ပုံစံတူ AI မော်ဒယ်တွေနဲ့လည်း စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ Meta ကထုတ်ပြန်ခဲ့တဲ့ ဘာသာစကားမော်ဒယ် Llama 2 ကိုအခြေခံဖန်တီးထားတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ Meta AI ကို စမ်းသပ်အဆင့်အဖြစ် အမေရိကန်က သုံးစွဲသူအချို့ စတင်အသုံးပြုနေပြီး များမကြာမီမှာ နိုင်ငံအားလုံးမှာ အသုံးပြုဖို့ ထည့်သွင်းပေးသွားမှာဖြစ်ကြောင်း ဇူကာဘတ်က ပြောပါတယ်။
ပိုမိုတိကျပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ AI စနစ်တွေကို ထုတ်လုပ်နိုင်ဖို့ နည်းပညာ ကုမ္ပဏီကြီးတွေအကြား အပြိုင်အဆိုင်း အားထုတ်နေကြပြီး လက်ရှိမှာတော့ Open AI ရဲ့ Chat GPT 3 က သုံးစွဲသူတွေအကြား ရေပန်းစားဦးဆောင်နေပါတယ်။
(၃) AI တင့်ကား တီထွင်ထုတ်လုပ်လိုက်တဲ့ အစ္စရေးစစ်တပ်
Tanks
အစ္စရေးစစ်တပ်ဟာ ဉာဏ်ရည်တုနည်းပညာ (AI) ထည့်သွင်းထားတဲ့ Barak တင့်ကားသစ်ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
အဲဒီ AI တင့်ကားမှာ ဉာဏ်ရည်တုနည်းပညာအပြင် အာရုံခံကိရိယာ၊ ရေဒါနဲ့ ကင်မရာတွေ တပ်ဆင်ထားပြီး ရန်သူ့ပစ်မှတ်တွေကို လျှင်မြန်တိကျစွာရှာဖွေ တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒါ့အပြင် ၃၆၀ ဒီဂရီစောင့်ကြည့်ထောက်လှမ်းနည်းပညာကို အခြေခံကာ စစ်မြေပြင်ရှိ တိုက်ခိုက်ရေးစစ်သားများအတွက် ရန်သူ့တည်နေရာကို ရှာဖွေပေးခြင်းနဲ့ ပစ်မှတ်တည်နေရာ ပံ့ပိုးပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Barak တင့်ကားတွေမှာ ထိတွေ့မျက်နှာပြင်နဲ့ စစ်ဆင်ရေးတွေကို ကူညီပေးနိုင်ဖို့အတွက် အက်ပ်လီကေးရှင်းတခုလည်းပါဝင်ပြီး အဲဒီစနစ်ဟာ ရန်သူ့တည်နေရာနဲ့ သတင်းအချက်အလက်တွေကို လျှင်မြန်စွာတွက်ချက်နိုင်ပြီး စစ်ဘက်ဆိုင်ရာ ဌာနတွေကို အချိန်နဲ့တပြေးညီ ထောက်လှမ်းလွှဲပြောင်းပေးနိုင်ပါတယ်။
ဒီတင့်ကားတွေကို ထုတ်လုပ်ဖို့ငါးနှစ်ကြာ အချိန်ယူခဲ့ရပြီး လွန်ခဲ့သည့်လက စတင်ခဲ့ပြီး ပထမဆုံးသော AI တင့်ကားသစ်ကို အစ္စရေးသံချုပ်ကာတပ် တပ်ရင်း ၅၂ က မကြာသေးမီက လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
Ref: DefenseNews/IE

1 comment

Most Relevant is selected, so some comments may have been filtered out.

Related posts

Leave a Comment

VOM News

FREE
VIEW