အောက်တိုဘာ ၄ – ၂၀၂၃
SN (VOM)
ဟွမ်မြောင်အထည်ချုပ်စက်ရုံရဲ့ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ကြေညာချက်နဲ့ပတ်သက်လို့ အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်ခြင်းမရှိဘဲ တောင်းဆိုထားချက်တွေ ပြေလည်မှုရရှိတဲ့အထိ စက်ရုံမှာ ညအိပ်ပြီး ဆက်လက် စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။
အဲ့ဒီ့ ဟွမ်မြောင်အထည်ချုပ် ( HONG MIAO Garment Co.,Ltd.) စက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄) လမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပြီး အလုပ်ရှင်က စက်တင်ဘာလုပ်ခလစာကိုမပေးဘဲ စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ လစာရလိုမှုအတွက် စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ညအိပ်စောင့်ဆိုင်းမှု ၂ ညနဲ့၊ ၃ ရက်ကြာပြီးနောက် ဒီကနေ့မှာတော့ စက်ရုံဘက်က “အလုပ်သမားများ၏ လုပ်ခကျန်ငွေ၊ အလုပ်ရပ်စဲမှု နစ်နာကြေး၊ လုပ်သက်ခွင့်၊ လူမှုထောက်ပံ့ကြေး ပေးချေသွားမည်ဖြစ်ကြောင်း တင်ပြခြင်း” ဆိုတဲ့ အသိပေး ကြေညာချက်တရပ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီ့ ထုတ်ပြန်ချက်မှာ အမှတ် ၁၁၊၁,၁၃၊ခ ၊ အမှတ် (၄) လမ်းမကြီး၊ ရွှေပြည်သာမြို့နယ်ရှိ Mr.Wang Yi Feng ပိုင်ဆိုင်တဲ့ Hong Miao Garment Co.,Ltd အထည်ချုပ်စက်ရုံမှာ ကျား ၃၆၊ မ ၃၃၈ ၊ စုစုပေါင်း ၃၇၄ ဦးရှိပြီး အလုပ်သမားတွေရဲ့ ၉ လပိုင်း လုပ်ခလစာကျန်ငွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့၊ နေ့လယ် ၁ နာရီမှစတင်ကာ ပေးချေသွားမှာဖြစ်တယ်လို့ ဖော်ပြ ပါရှိပါတယ်။
အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေအနက် လုပ်သက် ၁ နှစ်အထက်ရှိ ကိုယ်ဝန်ဆောင် အလုပ်သမား ၆ ဦးကို လူမှုထောက်ပံ့ကြေး ၁ သိန်းကျပ်စီ၊ လုပ်သက် ၁ နှစ်အောက် ကိုယ်ဝန်ဆောင်အလုပ်သမား ၅ ဦးကို ၅ သောင်းကျပ်စီ ပေးအပ်သွားမှာဖြစ်ပြီး လုပ်သက် ၁ လအထက်မှ ၃ လအထိ အလုပ်သမားတွေကို လူမှုထောက်ပံ့ကြေး တဦးလျှင် ၁ သောင်းကျပ်စီ၊ လုပ်သက် ၃ လမှ ၆ လအထိ အလုပ်သမားတွေကို ၁ သောင်းခွဲကျပ်စီ ပေးချေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်ရုံရှိ အလုပ်သမားတွေ အားလုံးကို အလုပ်ရပ်စဲမှု နစ်နာကြေးနဲ့ သက်ဆိုင်ရာ ရပိုင်ခွင့်တွေကို နို့တစ်ကာလပြည့်တဲ့နေ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပေးချေမှာဖြစ်တယ်လို့ နို့တစ်ကြေညာထားပြီး ဖြစ်တာကြောင့်
နို့တစ်ကြေး ၁ လစာ ထပ်မံ တောင်းဆိုမှုကို မပေးချေနိုင်ပါကြောင်းနဲ့ လူမှုထောက်ပံ့ကြေးတွေ၊ လုပ်သက်အလိုက် နစ်နာကြေးတွေ၊ လုပ်သက်ခွင့် ကျန်ငွေတွေကိုတော့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပေးချေမှာဖြစ်တယ်လို့ အသိပေး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“ဒီထုတ်ပြန်ချက်မှာ ပါတဲ့အချက်တွေက ကျွန်တော်တို့ဘက်က ဘာမှ လက်ခံနိုင်စရာအကြောင်းကို မရှိတာ။ ၁ သောင်း၊ ၁ သောင်းခွဲဆိုတာက ကလေးမုန့်ဖိုးသာသာပဲရှိတာ။ ကျွန်တော်တို့ ဒီမှာစောင့်ရတဲ့သူတွေအတွက်က တနေ့စာအသုံးစရိတ်တောင် မရှိဘူး။ ဒီခေတ် ကုန်ဈေးနှုန်းနဲ့က ဘယ်လိုမှ လက်ခံနိုင်လို့မရဘူး။ သူတို့တွေအနေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့လိုတယ်။ အခုက ကျွန်တော်တို့နဲ့ ဘာမှ ဆွေးနွေးတာမရှိဘဲနဲ့ သူတို့သဘောနဲ့သူတို့ စာလာကပ်သွားတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
လက်ရှိ ကြေညာချက်နဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်က ဒီအခကြေးငွေတွေကို လက်ခံသွားမှာ မဟုတ်တဲ့အကြောင်း အလုပ်ရှင်ဆီကို စာတင်ထားတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။
“တခုစဉ်းစားရမှာက ဒီစက်ရုံက ဆက်လက် လည်ပတ်မယ်ဆိုရင် ဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ မီးဖွားစရိတ်က ဖူလုံရေးက ဖြတ်တောက်ပြီး ကျခံသွားမှာပေါ့။ ဆိုတဲ့အခါကျတော့ မီးဖွားလို့ရှိရင် ဖူလုံရေးစရိတ်အနေနဲ့ ဘယ်လောက်ရတယ်၊ ဘယ်လောက်ကုန်တယ်ဆိုတာကို ခန့်မှန်းပြီးပေးရင်တော့ သင့်တော်တယ်လို့ ထင်တယ်။ အခု ပေးတာက ကလေးမုန့်ဖိုးသာသာ ဖြစ်နေတော့လေ အလုပ်သမားတွေက သူတို့ကို စော်ကားတယ်လို့ ခံစားရတာပေါ့။ မပေးဘူးလို့ ငြင်းလိုက်ရင်တောင်မှပဲ သူမပေးနိုင်လို့ မပေးတာဘဲဆိုပြီး နားထောင်လို့ကောင်းသေးတယ်။
ဒါနဲ့ပတ်သက်လို့ အလုပ်သမားတွေဘက်က တောင်းဆိုလို့ရသလောက် ဆက်လက် တောင်းဆိုသွားမှာပါ။ ဘာဖြစ်မလဲ ဆိုတာကလည်း political issue တွေက ရှိတာကိုး။ သူတို့လည်း အနေအထားပေါ်ကြည့်ပြီးတော့ လုပ်မယ်ထင်တာပဲ။ မြို့နယ်က ဖိအားတွေ ဘယ်လောက်ရှိမလဲ၊ အဲ့ဒီ့အပေါ်မှာ သူတို့ ဘယ်လောက်တောင်းလို့ရမလဲ၊ ဒီလိုမျိုး အလုပ်သမားတွေဘက်က လုပ်မယ်လို့တော့ နားလည်တယ်” လို့ သူက ပြောပါတယ်။
စက်ရုံလည်ပတ်စဉ်ကာလတုန်းက လုပ်ငန်းခွင်ထဲက ချိုးဖောက်မှုတွေကို စုပေါင်းဖြေရှင်းဖို့ အလုပ်သမား ၅၀ ကျော်က အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ကြိုးပမ်းခဲ့ဖူးပြီး ဒီ့အတွက် သမဂ္ဂအဖွဲ့ဝင်နဲ့ ခေါင်းဆောင်တွေ အလုပ်ထုတ်ခံခဲ့ရသလို သမဂ္ဂကိုလည်း အသိအမှတ်ပြုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
“ကျွန်မတို့ကတော့ စက်ရုံပိတ်သိမ်းတာကို သမဂ္ဂဖြိုခွဲတာလို့ပဲ မြင်တယ်။ စက်ရုံ ပိတ်သိမ်းတာမဟုတ်ဘူး။ ဒါကြောင့် သိပ်မကြာခင်မှာ စက်ရုံက ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ တခြားနာမည် ပြောင်းလို့ပဲဖြစ်ဖြစ် ပြန်ဖွင့်မှာပဲ။ ဆိုလိုချင်တာက ဒါကို ဝန်ကြီးဌာအနေနဲ့ တားသင့်တယ်။ အကောင်းဆုံး ဝင်ရောက် စေ့စပ်ညှိနှိုင်းတာမျိုး လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာအစိုးရအပေါ်မှာ စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေလည်း ရှိတယ်။ ဒါတွေကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူးဆို အဲ့ဒီ့စွပ်စွဲချက်တွေကို သက်သေပြသလို ဖြစ်သွားလိမ့်မယ်။ ဒါကို နားလည်ဖို့လိုတယ်။ ပြဿနာဖြေရှင်းတယ်ဆိုတာ စာရွက်ပေါ်မှာဖြေရှင်းလိုက်လို့ မရဘူး။ ILO ရဲ့ စွပ်စွဲချက်တွေကို စာရွက်ပေါ်မှာပဲ တုံ့ပြန်လို့မရဘူး။ ဒီအလုပ်သမားတွေရဲ့ ကိစ္စကို လက်တွေ့ အကောင်အထည်ဖော် ဖြေရှင်းပေးရမှာ။ အခုကိစ္စတွေက သူတို့ ဖြေရှင်းလို့ ရရမယ့်ကိစ္စတွေ။ ဒါတွေကို ပြေလည်အောင် မဖြေရှင်းဘူးဆိုရင်တော့ ILO စွပ်စွဲတဲ့ စွပ်စွဲချက်တွေက အမှန်ဆိုတာမျိုး ကမ္ဘာကိုချပြသလို ဖြစ်နေတာပေါ့။ အခုအချိန်မှာ ဘာကိုမှ ထိန်းချုပ်ထားလို့မရဘူး။ ဒါတွေ နိုင်ငံတကာကို မပျံ့နှံ့အောင်၊ ပြည်သူလူထုမသိအောင် ဘယ်သူမှ ထိန်းချုပ်ထားလို့မရဘူး။ အချိန်နဲ့တပြေးညီ မီဒီယာကတဆင့်၊ သူတို့တွေရဲ့ Facebook တွေ၊ Instagram တွေကတဆင့်၊ ဆိုရှယ်မီဒီယာတွေမှာ ကြိုက်တဲ့နည်းနဲ့ public ကို ချပြလို့ ရနေတယ်။ အဲ့လိုဆိုတော့ အနှေးနဲ့အမြန် ကမ္ဘာကသိသွားမှာပဲလေ။ အဲ့ဒါဆိုရင်တော့ ILO လည်း သိမှာပေါ့။ ဒါဟာ သက်သေပြစရာတခု ဖြစ်သွားလိမ့်မယ်။ ဒါကို အမြန်ဆုံး ဖြေရှင်းစေချင်တယ်၊ ဖြေရှင်းမယ်လို့လည်း မျှော်လင့်တယ်။ မဖြေရှင်းဘူးဆိုရင်တော့လည်း ကျွန်မတို့နိုင်ငံရဲ့ ကံတရားပေါ့” လို့ သူက ပြောပါတယ်။
ဟွမ်မြောင်အထည်ချုပ်စက်ရုံဟာ သက်တမ်း ၁ နှစ်ကျော်သာ ရှိသေးတဲ့ စက်ရုံဖြစ်တယ်လို့ သိရပြီး သာဓုကန် စက်မှူဇုန်ရဲ့ ဂိုဒေါင်တခုမှာ ခိုးဖွင့်နေရာကနေ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်ခဲ့တာကြောင့် ဝန်ကြီးဌာနက သိသွားခဲ့တဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံအတွင်း အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားရှိနေတာကြောင့် အလုပ်သမားတွေက သမဂ္ဂဖွဲ့ဖို့ မြို့နယ်အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန (အလရ) ရုံးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာ လျှောက်ထားခဲ့ပေမယ့် လာရောက် စစ်ဆေးတာမရှိသလို ပုံစံ ၆ လည်းမပေးခဲ့ဘဲ သမဂ္ဂဖွဲ့တဲ့ အလုပ်သမား ၄၈ ဦးရဲ့ စာရင်းကို အလုပ်သမားဦးစီးရုံးကနေ အလုပ်ရှင်ကသိခဲ့တာကြောင့် အဲ့ဒီ့အလုပ်သမားတွေကို အော်ဒါမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ၂၀ ရက်မှာတော့ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ပြီး အခြားသောချိုးဖောက်မှုတွေကို ဆက်လက် ညှိနှိုင်းမယ်လို့ ဆိုခဲ့ပေမယ့် သမဂ္ဂအဖွဲ့၀င် ခေါင်းဆောင် ၉ ဦးကိုတော့ ပြန်လည်ခန့်အပ်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီ့ စက်ရုံဟာ စက်တင်ဘာ ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လုပ်ငန်းခွင်အတွင်း ရေတွေဝင်ရောက်ခဲ့တဲ့အတွက် အန္တရာယ်များတဲ့ လုပ်ငန်းခွင်ဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဒါ့အပြင် စက်ရုံအတွင်း သုံးစွဲရတဲ့ ရေဟာလည်း သန့်ရှင်းကြည်လင်မှုမရှိဘဲ မည်းညစ်တဲ့ရေကို သုံးစွဲနေရသလို လုပ်ငန်းခွင်အတွင်း ပန်ကာတပ်ဆင်ထားခြင်းလည်း မရှိတာကြောင့် အလုပ်သမားတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo:အလုပ်သမားတဦး