ပဲခူးရေကြီးရေလျှံမှု နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေ

အောက်တိုဘာ ၉ – ၂၀၂၃
SP + GG + SN (VOM)

ပဲခူးရေကြီးရေလျှံမှုဟာ ဒီနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကထက် အဆိုးဝါးဆုံးစံချိန်တင် အခြေအနေ ရောက်ရှိနေပြီး တမြို့လုံး နီးပါးရေကြီးရေလျှံ ၊ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပဲခူးမြို့လယ်ခေါင် အပါအဝင် အမြင့်ပိုင်းနေရာတွေဖြစ်တဲ့ ပြည်သူ့ဆေးရုံကြီး ၊ စျေးတွေ နဲ့ ကားလမ်းတွေ စတဲ့ မြို့ထဲ နေရာအားလုံးလိုလိုမှာ ရေတွေဝင်ရောက်နေလို့ ကားတွေ လုံးဝဖြတ်သန်းသွားလာလို့မရတော့ဘူးလို့သိရပါတယ်။
“ဆေးရုံက ရေဝင်ပေမယ့် အဆင်ပြေသေးတယ်၊ရွှေ့ပြောင်းတာတော့မရှိသေးဘူး။စျေးတွေကတော့ပိတ်ထားတယ်၊ရေတွေကမြို့လယ်ခေါင်နာရီစင်အထိကိုရောက်နေပြီ၊ မြို့လယ်မှာတောင် ရေက ခါးလောက်ရှိတယ်။အခုက အမြင့်ပိုင်းတွေအပါရေအကုန်တက်နေပြီ၊ ခုတော့ရေတက်တာနည်းနည်းတန့်နေတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက လက်ရှိအခြေအနေကိုပြောပြပါတယ်။
ရေကြီးတာဟာ အဲ့ဒီ့မြို့ထဲကို ၈၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရေလွှမ်းသွားတာဖြစ်ပြီး ပဲခူးမြို့ရဲ့ အနောက်ဘက် မြို့ရှောင်လမ်းမှလည်း ကားတွေ သွားလာလို့မရသလို ဖုန်းလိုင်းပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“မြို့ရှောင်လမ်းကနေ ကားတွေ သွားလာလို့ မရဘူးဆိုတာ လမ်းပျက်သွားတာပေါ့။ ဖုန်းလိုင်းတွေကလည်း အောက်ကပုံးတွေထဲ ရေဝင်ကုန်တာတော့ မရလောက်သေးဘူး။ ရေကျသွားရင်တော့ အတော်လုပ်ယူရမှာ။ ဒါ့အပြင် ဆေးရုံတွေကလည်း ကုန်းပေါ်ကျတဲ့ဆေးရုံတွေ ပုဂ္ဂလိကဆေးရုံတွေပေါ့၊ အဲ့ဒီ့ ဆေးရုံတွေမှာတော့ ပြည်သူ့ဆေးရုံက ဆရာဝန်က ခွဲစိတ်ပေးတာတွေ အခမဲ့လုပ်ပေးတယ်၊ ကယ်‌ဆယ်ရေးပေါ့။ ဆေးရုံမှာရေကြီးလို့ရှိရင် အဲ့လို အပြင်ဆေးရုံမှာ ကုသမှုပေးလို့ရတယ်။ ပိုက်ဆံလည်း မပေးရဘူး။ ဒါပေမယ့် သွားရေးလာရေး ဟိုဘက်ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက်တောင် သွားလို့လာလို့ မရတော့ဘူး။ ဒီမြို့က နှစ်စဉ် ရေဝင်နေကျပါ။ ဒါပေမယ့် ဒီနှစ်ကတော့ သိတဲ့အတိုင်း မိုးရေချိန်ကလည်း နှစ်ပေါင်း ၆၀ အထက်ကို စံချိန်တင်သွားတာလေ။ အရင် နှစ်ပေါင်း ၆၀ လောက်က စံချိန်တင်ထားတာဆိုတော့ အခုက သူ့ထက်ပိုသွားတာ။ အဲ့တော့ သွားရေးလာရေးက လုံးဝ အဆင်မပြေတော့ဘူး။ ရထားတွေလည်း ပိတ်မိနေတယ်။ လူတွေတော့ ကားနဲ့သယ်ထုတ်၊ ရထားတွေကတော့ တိုးလို့တန်းလန်း။ ဘုရားကြီးနဲ့ ပဲခူးနဲ့ကြား ၃၉ မိုင် အမြန်လမ်းတက်တဲ့နေရာမှာလည်း ကားကြီးတွေ သွားလို့ မရတော့ဘူး။ မနေ့ကတော့ ရသေးတယ်။ အဲ့နားက မြေကတော်တော်လေးကို နိမ့်တာဆိုတော့ အမြန်လမ်းပေါ်တက်ဖို့ကို မရတော့ဘူး” လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပဲခူးရေကြီးရေလျှံမှု နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေ
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်က ၈၈၀ ဖြစ်ပြီး ဒီနေ့မနက်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ထက်ကျော်ပြီး ၁၀၀၄ စင်တီမီတာ ကိုရောက်ရှိနေပြီလို့သိရပါတယ်။
လက်ရှိမှာ ပဲခူးမြို့တွင်းရေဝင်ရောက်မှုက လူတစ်ရပ်ကျော်အထိ ရှိလာနေတာကြောင့် လှေနဲ့ကယ်ဆယ်ရေးလုပ်နေရတဲ့အတွက် ကယ်ဆယ်ရေးလှေတွေ လိုအပ်နေသလို ၊ရေဘေးသင့်ပြည်သူတွေအတွက်လည်း အဝတ်အစားတွေ၊အသုံးအဆောင်ပစ္စည်းတွေကအစ လိုအပ်နေတယ် လို့သိရပါတယ်။
လတ်တလောမှာ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ရေး စခန်း ၃၀ လောက်အထိ တိုးချဲ့ဖွင့်ထားကာ နေထိုင်ဖို့စီစဥ်ပေးထားကြောင်း၊ ရေဘေးသင့်သူ ၁၀၀၀၀ ကျော်လောက်ရှိနေပြီလို့ ကနဦးအခြေအနေအရသိရပါတယ်။
“ပဲခူးမြို့ပေါ်မှာ အစဉ်လာအရ ရေကြီးရင် ဖွင့်နေကျဖြစ်တဲ့ ကယ်ဆယ်ရေး စခန်းတွေထဲမှာပါ ရေဝင်ရောက်နေတာကြောင့် ထပ်ဆင့် ပြောင်းရွှေ့နေရတယ်။ လွတ်မယ်ထင်တဲ့နေရာတွေ မလွတ်ဖြစ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဇောင်းတူဆည်မှာ ရေကျော်နေတာကြောင့် ရေလွှတ်ချမှုတွေ လုပ်ဆောင်နေတဲ့အတွက်လည်း ရေပိုများလာမယ့်အခြေနေမှာရှိနေကာ ပဲခူးမြို့ဝန်းကျင်ရှိ ဆည်တွေမှာလည်း လတ်တလောရေကျော်နေတာတွေရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရေကြီးကွင်း၊ ကျောက်ကြီးစု၊ ပုဏ္ဏားစု၊ မှော်ကန်၊ ဘူတာကုန်း၊ဇိုင်းမြောက်၊ မဟာစေတီ၊ ပန်းလှိုင်၊ မဇင်း၊ အိုးလေးစု၊ ပြည်တော်သာ စသည့် ရပ်ကွက်တွေအပြင် လိပ်ပြာကန်၊ နာရီစင်၊ရွှေမောဓောဘုရားလမ်း အထိပါ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ပဲခူးမှာ ၃ ရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်တိုဘာ ၇ ရက်ညပိုင်းကစတင်ကာ ရေကြီး၊ရေလျှံမှု တကျော့ပြန်ဖြစ်ပေါ်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာလည်း ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ပဲခူးရေကြီးမှုကို ကူညီကယ်ဆယ်ဖို့ မီးသတ်ဦးစီးဌာန ဗဟိုကလည်း ကယ်ဆယ်ရေးသမားတွေစေလွှတ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ကူညီကယ်ဆယ်ရေးအဖွဲ့များ

Related posts

Leave a Comment

VOM News

FREE
VIEW