ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုအပြီး အစ္စရေးအနီးကို အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု စေလွှတ်

ဝါရှင်တန်၊ အောက်တိုဘာ-၉-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်ဟာ သူ့ရဲ့လေယာဉ်တင်သင်္ဘောတစင်း၊ စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို မြေထဲပင်လယ်အရှေ့ပိုင်း အစ္စရေးနိုင်ငံအနီးသို့ ရွှေ့ပြောင်း စေလွှတ်နေပြီး အစ္စရေးအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ပေးအပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်အာဖို့ဒ် တိုက်ခိုက်ရေးအုပ်စုကို အစ္စရေးနဲ့ ပိုမိုနီးကပ်တဲ့ မြေထဲပင်လယ်အရှေ့ပိုင်းသို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့ပြီး အဲဒီအုပ်စုမှာ လေယာဉ်တင်သင်္ဘော၊ ပဲ့ထိန်းဒုံးကျည် တိုက်သင်္ဘောတစင်းနဲ့ ဖျက်သင်္ဘောလေးစင်းတို့ပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။
အစ္စရေးကို ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုမှာ အီရန်တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ မတွေ့ရပေမယ့် အီရန်ဟာ ဂါဇာအခြေစိုက်စစ်သွေးကြွအဖွဲ့တွေကို နှစ်ပေါင်းများစွာ ကူညီပေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။
ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးမြို့တွေကို ဆယ်စုနှစ်အတွင်းအဆိုးရွားဆံုံးတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့ပြီး ယင်းကိစ္စကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်။
ပြင်းထန်သော ပဋိပက္ခတွေကြောင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲသစ်တခုစတင်ရန် ခြိမ်းခြောက်နေပြီး ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုဟာ အစ္စရေး-ဆော်ဒီအာရေဗျ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်နိုင်ခြေကို အနှောက်အယှက်ဖြစ်စေတယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။
Ref: Reuters
Photo:PA

Related posts

Leave a Comment

VOM News

FREE
VIEW