ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတချို့မှာ လူဦးေရရဲ့ လေးပုံတပုံလောက် အရေပြားရောဂါ ကူးစက်ပြန့်ပွားနေလို့ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၃
SP ( VOM)
ရှမ်းပြည်နယ် တောင်ပိုင်း ၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် ၊ တိကျိတ်ကျေးရွာအုပ်စုက ဘုန်းစိုး ၊ လယ်သူခေါင် ၊ ခေါင်သလူ စတဲ့ကျေးရွာတွေဘက်မှာ အရေပြားရောဂါ ကူးစက်ခံရသူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” တိကျိတ်ကျေးရွာ အုပ်စုထဲက ရွာပေါင်း လေးငါးရွာလောက်မှာဖြစ်နေတာပါ ၊ ရောဂါလက္ခဏာက ကိုယ်ခန္ဓာနေရာအနှံ့ ယားယံတယ် ၊ ယားလို့ ကုတ်ခြစ်မိရင် ကုတ်မိတဲ့နေရာကနေ အဖုအပိန့်တွေဖြစ်တယ် ၊ တချို့ဆို အနာဖြစ်တဲ့ အဆင့်ထိ ရောက်တယ် ၊ အဲ့ဒီလိုဖြစ်ပြီဆိုရင် အနည်းဆုံး သုံးလေးလကြာတဲ့အထိ မပျောက်ဘူး ၊ အဲ့ဒီလို ရောဂါသည်ပေါင်း ၁၅၀ ဝန်းကျင်လောက်ရှိတယ် ၊ ရွာမှာရှိတဲ့ လူဦးရေရဲ့ လေးပုံ တပုံနူန်းလောက် ကလေး ၊ လူကြီးတွေ ဖြစ်နေတယ် ၊ တချို့လူနာဆိုရင် ဖြစ်နေတာ သုံးလေးလလောက်ကြာနေပြီ ၊ အခုထိ မပျောက်သေးဘူး ၊ တချို့ဆိုရင် ကိုယ်ခန္ဓာ ယားယံရတာကနေ အနာစိမ်း အဖြစ်ပြောင်းလာတယ် ” လို့ ဘုန်းစိုးရွာခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အခုလို ရောဂါတွေ ကူးစက်ပြန့်ပွားနေတဲ့ တိကျိတ်ကျေးရွာ အုပ်စုဟာ ဖယ်ခုံမြို့နဲ့ ၇ နာရီလောက် ခရီးဝေးသွား ရတာကြောင့် ကျန်မာရေးအဖွဲ့တွေ မလာရောက်နိုင်ဘူးလို့လည်း သိရပါတယ် ။
အဲ့ဒီ ရောဂါနဲ့ ပတ်သက်လို့ အရေပြား ဆရာဝန်ကြီး တယောက်က ” သူတို့ပြောတဲ့ ရောဂါလက္ခဏာအရဆိုရင် Skin disease (အရေးပြားရောဂါ) ဖြစ်တယ် ၊ သက်သာပျောက်ကင်းစေဖို့ ဆိုရင် ၊ လက်သည်းရှည် မထားရဘူး ၊ လက်သည်းကို ညှပ်ရမယ် ၊ မကြာခဏ လက်ကိုဆပ်ပြာနဲ့ ဆေးပေးရမယ် ၊ ဖြစ်နိုင်ရင် ဖီနိုင်ပိုးသတ်ဆေး ပါဝင်တဲ့ ကာဘော်လစ် ဆပ်ပြာကိုရွေးချယ်သုံးသင့်တယ် ၊ တကိုယ်ရေသန့်ရှင်ရေးအတွက် ရေကိုသုံးစွဲတဲ့အခါ သန်းရှင်းတဲ့ရေးကိုသုံးစွဲရမယ် ၊ သူများသုံးပြီးသား ရေကို ထပ်ပြီး မသုံးစွဲရဘူး ၊ ဖြစ်နိုင်ရင် ရေနွေးနဲ့ ချိုးသင့်တယ် ၊အဝတ်စားတွေကို ရေနွေးနဲ့ လျော်ပြီးမှ ဝတ်ဆင်ရမယ် ၊ ဝမ်းချုပ်မခံရဘူး ၊ သံပုရာရည် သောက်ဖို့ လိုတယ် ၊ ရေကိုကျိုချက်ပြီးမှ သောက်ရမယ် ၊ နောက်ပြီးယားယံတဲ့နေရာကို အရက်ပျံ ( ဆေးဝါရည်) ဂွမ်းစနဲ့ မကြာခဏ သုပ်လိမ်းပေးရမယ် ၊ အရက်ပျံရဖို့ မလွယ်ရင် ဆားကျက်ရေနဲ့ ဆေးပေးလို့ရတယ် ၊ စောင် ၊ ဦးခေါင်းစွပ် ၊ အိပ်ယာခင်း စတာတွေလျော်ဖို့လိုတယ် ၊ အဲ့ဒါတွေ အသုံးပြုပြီးတိုင်းလည်း နေလှန်းဖို့လိုတယ် ၊ ဗီတာမင်စီ ပါဝင်တဲ့ အစားအသောက် များများစားပေးရမယ် ၊ ရောဂါအနာကို မြင်တွေ့ရမှ ဘာဆေးနဲ့ ကုသရမယ်ဆိုတာ ပြောနိုင်မယ် ” လို့ ပြောပါတယ်။
ရောဂါဖြစ်နေတဲ့နေရာကသူတွေကတော့ အရေပြား ကူးစက်ရောဂါတွေ ဖြစ်ပွားတဲ့အခါ အရက်ပျံလိမ်းပြီး ၊ အလွယ်တကူ ဝယ်ရတဲ့ ပြည်တွင်းထုတ် ယားနာဆေးတွေကို သုံးစွဲနေကြတယ်လို့ သိရပါတယ် ။
အရေပြား ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ဒေသဟာ ဖယ်ခုံမြို့နဲ့ အလှမ်းဝေးကွာပြီး သွားလာရ ခက်ခဲတာကြောင့် ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလို အရေပြားရေဂါတွေ ကူးစက်ပြန့်ပွားနေတာနဲ့ ပတ်သက်ပြီး ပြည်နယ် ဒေသန္တရ ကျန်းမာရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ၂၀၂၁ ပြောင်းလဲမှုတွေ မဖြစ်ပေါ်ခင်တုန်းကဆို အဲ့ဒီ ဒေသတွေကို အပြည့်အဝ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တယ် ၊ အခုနောက်ပိုင်း ဝန်ထမ်းအင်အား ေလျာ့ကျလာပြီးနောက် ကျေးလက်ကျန်းမာရေးဌာနတွေ ပိတ်ထားရတာရှိတယ် ၊ မြို့နဲ့လည်း အလှမ်းဝေးတော့ လုံခြုံရေးအတွက် စိုးရိမ်ရလို့ ကွင်းဆင်း သွားလာဖို့ ခက်နေရတယ် ” လို့ ပြောပါတယ်။
ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW