ပြည်တွင်းရွှေဈေး အတက်အကျမငြိမ်ဘဲ ကျပ် ၃၇ သိန်းကျော်ထိ ရောက်ရှိလာပြန်

 

ဒီဇင်ဘာ ၂ – ၂၀၂၃

SN (VOM)

ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတက်အကျမငြိမ်လဲ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှာ ၃၇ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

“ကမ္ဘာ့ဈေးက ဒေါ်လာ ၃၀ လောက် တက်သွားတယ်လေ။ ၂၀၄၀ ကနေ ၂၀၇၀ ကျော် ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ပြည်တွင်းရွှေဈေးက ၃၇ သိန်း ကျော်သွားတာပါ။ ထပ်တက်မလား၊ ကျမလားဆိုတာကတော့ မှန်းရခက်တဲ့အနေအထားပါ။ ဒါပေမယ့် ဒီနေ့ကတော့ ဒီ ၃၇ သိန်းကျော်ဈေးကနေ ဈေးသိပ်မပြောင်းနိုင်တော့ဘူး၊ ပိတ်ရက်ခံသွားပြီဆိုတော့” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်ကာ တအောင်စ ဒေါ်လာ ၂၀၀၀ စွန်းစွန်းကို ရောက်ရှိလာတာဖြစ်ပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့တာမှာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ တအောင်စ ၂၀၇၂ ဒေါ်လာ ဖြစ်ပေါ်နေပါတယ်။

အဲ့ဒီ့လို ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးဟာလည်း လိုက်ပါမြင့်တက်နေပြီး နိုဝင်ဘာ ၂၅ ရက်နေ့က အခေါက်ရွှေ တကျပ်သား ကျပ် သုံးဆယ့်ခြောက်သိန်း ခြောက်သောင်းဝန်းကျင်ရှိခဲ့ပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ ကျပ် သုံးဆယ့်ခုနစ်သိန်း သုံးသောင်းဝန်းကျင်ကို ရောက်ရှိနေပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စတင်ကာ အတက်အကျမငြိမ်ဘဲ အလှုပ်အခတ်များနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ ကျပ် ၃၅ သိန်းကျော်ကို စတင် မြင့်တက် ရောက်ရှိခဲ့တာဖြစ်ပြီး ၁၃ ရက်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ ကျပ် ၃၆ သိန်းကျော်ဝန်းကျင်ကို ထပ်မံ မြင့်တက်ခဲ့ပါတယ်။

အဲ့ဒီ့နောက် နိုဝင်ဘာ ၁၇ ရက်‌၊ မွန်းလွဲပိုင်းမှစတင်ကာ ကျပ် ၃၈ သိန်းကျော်ကို ထပ်မံမြင့်တက်ခဲ့ပြီး ၁၉ ရက်နေ့မှာတော့ ကျပ် ၃၇ သိန်းကျော်ဝန်းကျင်ကို ပြန်လည် ကျဆင်းလာခဲ့ကာ ၂၀ ရက်နေ့မှာတော့ ၃၅ သိန်းကျော်၊ ၃၆ သိန်းဝန်းကျင်‌အထိ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၁၁ ရက်ကြာ ကျပ် ၃၆ သိန်းကျော်၊ ၃၇ သိန်းနီးပါးဝန်းကျင် ‌ဖြစ်ပေါ်နေခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းမှာတော့ ကျပ် ၃၇ သိန်းကျော်ကို ပြန်လည် မြင့်တက်လာတာဖြစ်ပြီး ‌အဲ့ဒီ့လို ဈေးကွက်အတွင်း ဈေးနှုန်း အလှုပ်အခတ်တွေ ဖြစ်ပေါ်နေပေမယ့် ရွှေအရောင်းအဝယ်ကတော့ အေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“အရောင်းအဝယ် မရှိသလောက် အေးပါတယ်။ အခေါက်ရွှေအရောင်းအဝယ်လည်း အေးတယ်။ ရွှေဆိုင်ထဲက အရောင်းအဝယ်ကလည်းပါးတယ်။ အဲ့ဒီ့လိုပဲ မှောင်ခိုဈေးကွက်မှာလည်း အရောင်းအဝယ်ပါးကြပါတယ်။ သိပ်အလုပ်မလုပ်ကြပါဘူး။ ရှေ့ဆက်ဖြစ်လာနိုင်မယ့် ဈေးကွက်အခြေအနေကလည်း မှန်းရခက်တယ်။ အခြေအနေတွေက လောလောဆယ်တော့ ကောင်းဖို့မရှိဘူး။ နောင် ဘယ်တော့လောက် ကောင်းမလဲဆိုတာကလည်း မှန်းရခက်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ အမေရိကန်ဒေါ်လာနှုန်းထားနဲ့ တွက်ချက် ထုတ်ပြန်နေတဲ့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရွှေ‌ရည်ညွှန်းဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်အထိ ကျပ် သိန်း ၃၀ ကျော်ဝန်းကျင်မှာရှိနေခဲ့တဲ့ ရွှေ‌ရည်ညွှန်းဈေးဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ကျပ် ၃၁ သိန်းကျော်ဝန်းကျင်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေး တည်ငြိမ်မှုမရှိအောင် ပြုလုပ်သူတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ YGEA က ကြေညာချက် ထုတ်ပြန်ခဲ့အပြီးမှာ အဲ့ဒီ့အသင်းက ထုတ်ပြန်နေတဲ့ ရွှေရည်ညွှန်းဈေးဟာ ကျပ် သိန်း ၃၀ ကျော်ကနေ ၃၁ သိန်းကျော်ကို မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့နောက် ၁၃ ရက်အကြာ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ YGEA ရွှေရည်ညွှန်းဈေးဟာ ကျပ် ၃၂ သိန်းကျော်ကို စတင် ရောက်ရှိလာပြီး ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ကျပ် သုံးဆယ့်နှစ်သိန်း ငါးသောင်း ကိုးထောင့်ကိုးရာဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။

အမေရိကန်ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက တဒေါ်လာ ၃၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၂ ရက်မှာတော့ တဒေါ်လာ ၃၄၃၀ ‌ကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေပြီး ပြန်လည် ကျဆင်းနေပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW