ဆူးငှက်
၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက် အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန်သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာ ကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသားကျောင်းတွေမှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာ ကျောင်းများနှင့် တိုင်းရင်းသားဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများအဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာအမျိုးသားကျောင်းတွေ ဖွင့်လှစ်ခဲ့တော့ နောင်တစ်ချိန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် အမျိုးသားခေါင်းဆောင်ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းမြို့ အမျိုးသားကျောင်းက ကျောင်းသား တစ်ဦးဖြစ်ပါတယ်။
အမျိုးသားကျောင်းတွေက ကျောင်းသားလူငယ်တွေရဲ့ နိုင်ငံရေးအသိစိတ်ဓာတ်တွေ မြင့်မားလာတာကြောင့် နိုင်ငံတဝှမ်းမြို့ကြီးတွေမှာ အမျိုးသားကျောင်းတွေကို တိုးချဲ့ ဖွင့်လှစ်လာကြတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပဲခူးစတဲ့ မြို့ကြီးတွေသာမက ညောင်လေးပင်၊ ပခုက္ကူ၊ မြင်းခြံ၊ ပုသိမ်၊ ဘိုကလေး၊ ပြည်၊ စစ်တွေ စတဲ့ မြို့တွေမှာလည်း အမျိုးသားကျောင်းတွေ ဖွင့်လှစ်လာကြတယ်။ ရန်ကုန်မြို့မှာ ၃ကျောင်း၊ မန္တလေးမှာလည်း ၄ကျောင်း ဖွင့်လှစ် ခဲ့ပြီးတဲ့နောက် အခြားကျောင်းတွေကကျောင်းသားတွေကိုလည်း မိဘကွေက အမျိုးသားကျောင်းတွေဆီ ပြောင်းရွေ့ အပ်နှံကြတဲ့အထိ အောင်မြင်ခဲ့တယ်။
တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ပြီး တစ်နှစ်ခန့်အကြာမှာပဲ တစ်ပြည်လုံးမှာ အမျိုးသားကျောင်းပေါင်း ၉၀နှင့်ကျောင်းသားပေါင်း တစ်သောင်းခြောက်ထောင်ကျော် ရှိလာပါတယ်။ အမျိုးသားကျောင်းတွေကို ပြည်သူလူထုက ထောက်ခံအားပေးကြရာမှာ အနုပညာရှင်တွေကလည်း အမျိုးသားကျောင်း ရန်ပုံငွေအတွက် ပွဲလမ်းတွေ ခင်းကျင်း ကပြကြပြီး အလှူငွေများ ရရှိအောင် တစ်ဖက်တစ်လမ်းက ကူညီ ရှာဖွေ ပေးခဲ့ကြတယ်။ မြန်မာ အမျိုးသား လုပ်ငန်းရှင်ကြီးတွေကလည်း ရန်ပုံငွေများကို အားတက်သရော ထည့်ဝင်ကြတယ်။
အမျိုးသားကျောင်းတွေ အင်အားကောင်းလာတာနှင့်အမျှ အစိုးရ အထောက်အပံ့ခံ တိုင်းရင်းဘာသာသင် ကျောင်းတွေရဲ့အခြေအနေက ယိမ်းယိုင်လာပါပြီ။ အစိုးရ အထောက်အပံ့ခံ တိုင်းရင်းဘာသာသင် ကျောင်းတွေက ကျောင်းသား ၄၄၄ ယောက်နှင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းတွေက ကျောင်းသားပေါင်း ၄၆၅၂ယောက်တို့ ကျောင်းထွက်ကြတယ်။ အစိုးရကကျင်းပတဲ့ အထက်တန်း အလယ်တန်း စာမေးပွဲတွေမှာလည်း စာမေးပွဲဖြေတဲ့သူတွေ သိသိသာသာ လျှော့နည်းသွားတယ်။ ဒါကြောင့် အမျိုးသားကျောင်းတွေ အောင်မြင်လာတာတော့ တစ်ပြည်လုံးက အစိုးရအထောက်အပံ့ခံ တိုင်းရင်းဘာသာသင် မူလတန်းလွန် ကျောင်းတွေလည်း ပိတ်လိုက်ကြရပါသတဲ့။
အခုလို အမျိုးသားကျောင်းတွေ အောင်မြင်လာတာဟာ မြန်မာတိုင်းရင်းသားတွေ နိုင်ငံရေးအသိ နိုးကြားလာပြီးကျောင်းသားလူငယ်တွေ အတွက် တကယ် လိုအပ်နေတဲ့ အမျိုးသားပညာရေး စံနစ်ကို ရရှိလာတာပါပဲ။ ဒါကြောင့် ၁၂၈၃ခုသီတင်းကျွတ်လပြည့်ကျော် ၈ရက် (၁၉၂၁ခုအောက်တိုဘာ၂၄ရက်)နေ့က မန္တလေးမှာ ကျင်းပတဲ့ နဝမမြောက် ဂျီစီဘီအေအသင်းအစည်းအဝေးကြီးမှာ ပထမ ကျောင်းသားသပိတ်ကြီး စတင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော ၁ဝရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်နိုင်ဖို့ အတည်ပြုနိုင်ခဲ့တယ်။ ဒါကြောင့်၁၂၈၃ခု၊ တန်ဆောင်မုန်းလပြည့် ကျော်၁ဝရက်နေ့က စတင်ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့အမျိုးသားအောင်ပွဲနေ့တွေ စတင် ကျင်းပခဲ့ကြတယ်။ နောင်တစ်ချိန်မှာ ပထမ ကျောင်းသားသပိတ်ကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အမျိုးသားကျောင်းတွေက အမျိုးသား အောင်ပွဲနေ့တွေကို ထူးထူးခြားခြား ကျင်းပခဲ့ကြတာလည်း အထင်အရှားပါပဲ။
ပထမ ကျောင်းသားသပိတ်ကြီးကြောင့် အမျိုးသားကျောင်းတွေ ဖွင့်လှစ်ရာမှာ မန္တလေးက ဆရာကြီးဦးရာဇတ် ဦးဆောင်ပြီး တက်ကြွစွာ ပါဝင်ခဲ့တယ်။ ဒါ့အပြင် မန္တလေးမှာ (၁) လမ်း၈ဝနဲ့ ၈၁လမ်းကြား၊ လမ်း၃ဝနဲ့၃၁လမ်းကြား၊ အထက်ဆင့်ဝင်းထဲက ဗဟိုပိဋကတ်တိုက် အဆောက်အဦးကြီးမှာ ဖွင့်လှစ်တဲ့ ဗဟိုအမျိုးသားကျောင်း၊ (၂) လမ်း၈ဝ တရုတ်တန်း၊ လမ်း၃ဝနဲ့၃၁လမ်းကြား၊ ဦးစိုးမင်းတိုက်မှာ ဆရာမကြီး ဒေါ်စောအုံ ကျောင်းအုပ်အဖြစ် ဆောင်ရွက်တဲ့ နေရှင်နယ် အမျိုးသမီးကျောင်း၊ (၃) ဆိုင်းတန်း သင်္ဘောတန်းရပ်မှာ နေရှင်နယ် အလယ်တန်းကျောင်းနဲ့ (၄) ညောင်ပင်ဈေးမှာ ညောင်ပင်ဈေး နေရှင်နယ်ကျောင်း ဆိုပြီး ၄ကျောင်း ဖွင့်လှစ်ခဲ့တယ်။
မန္တလေးက အမျိုးသားကျောင်းတွေဟာ ဆရာကြီးဦးရာဇတ်ရဲ့ အမြော်အမြင်ကြောင့် ဂျီစီဘီအေကြီး ၂ခြမ်းအကွဲ၊အမျိုးသားကျောင်းများ အထောက်အပံ့ ခံရေး၊ မခံရေး သဘောထားကွဲမှုမှာ ဗဟိုအမျိုးသား အထက်တန်းကျောင်းကြီး တည်တံ့ခဲ့တယ်။ ဒီကနေ့အထိ အမှတ်၂အ.ထ.ကအဖြစ်နဲ့ အထိပေါ့။ မန္တလေး မြို့မိမြို့ဖတွေကလည်း ဗဟို အမျိုးသား ကျောင်းကြီးကိုအားပေး ထောက်ခံခဲ့ကြရုံမက၊ ကိုယ့် သားသမီးတွေကိုလည်း ဆရာကြီး ဦးရာဇတ်ဆီ အပ်နှံကာ ဗဟိုအမျိုးသားကျောင်းမှာပဲကျောင်းအပ်ခဲ့ကြတာပါ။ ဒါကြောင့် မန္တလေးရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးစတဲ့ မျက်နှာစာက ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေအများစုဟာ အမျိုးသား ကျောင်းထွက်တွေ အများစု ဖြစ်ခဲ့တယ်။ မန္တလေးက အမျိုးသားကျောင်းတွေကို နေရှင်နယ်ကျောင်းလို့ခေါ်ကြပြီး အဲ့ဒီကျောင်းက ကျောင်းသားတွေကိုလည်း နေရှင်နယ်ကျောင်းသားတွေလို့ပဲ ခေါ်ကြတယ်။ ဆရာကြီးဦးရာဇတ်ရဲ့နေရှင်နယ်ကျောင်းတွေ ဆောင်ပုဒ်က အတ္တာဟိအတ္တနောနာထော
၊ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #နေရှင်နယ်ကျောင်းသားအကောင်းစား