တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မူဆယ်နဲ့ဝန်းကျင်ဒေသမှာ နောက်ဆက်တွဲ ဘာတွေဖြစ်နေလဲ

 

ဒီဇင်ဘာ-၉-၂၀၂၃

Shy V (VOM)

တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ကစ လက်ရှိအထိ မီးမလာလို့ ရေပါ အခက်အခဲ ဖြစ်လာ‌ကြောင်း ဒေသခံ‌တွေဆီက သိရပါတယ်။

“ထမင်းဟင်းက ရေသန့်ဝယ်ပြီး ချက်စားလို့ရတယ်။ ရွှေလီမြစ်ထဲ သွားခပ်ဖို့ကလည်း မီးမလာတော့ သုံးဘီးက ဘက်ထရီအား မရှိဘူး။ အဓိက အပေါ့အလေး သွားဖို့တောင် အခက်အခဲ ဖြစ်နေတာ။ အိမ်သာမှာ သုံးစရာ ရေတောင် မရှိဘူး။ မီးမရှိတာက ရသေးတယ်။ နောက်ဆက်တွဲ ရေမရှိတာက ဒုက္ခ တော်တော်ရောက်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

စစ်ရှောင် သက်ကြီးရွယ်အို ငါး၊ ခြောက်ယောက် လက်ခံထားတာကြောင့် သုံးရေ မရှိလို့ နေ့တိုင်း ရေပြဿနာပဲ အရင် ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မူဆယ်နဲ့ဝန်းကျင်ဒေသမှာ နောက်ဆက်တွဲ ဘာတွေဖြစ်နေလဲ

မြို့တွင်းထဲမှာ ပရဟိတ အသင်းတွေ အနေနဲ့ပါ ရေလှူဒါန်းမှုတွေအပြင် ဖုန်းအားသွင်းဖို့ မီးစက်နှိုးပေးတာမျိုးတွေလည်း တွေ့နေရပြီး ရေတင်တဲ့ ဝန်ဆောင်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။

မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်ပိုင်း မူဆယ်ခရိုင်က အချို့ ဒေသတွေမှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားပြီး အရေးပေါ် ကျန်းမာရေး အတွက်ပါ အဆက်အသွယ်လုပ်ဖို့ ခက်ခဲသွားပါတယ်။

မူတယ်မြို့ နဲ့ တခြားရွာတွေ၊ မြို့တွေဘက်လည်း အသွားအလာ ပိတ်ထားလို့ စားသောက် ကုန်ကြမ်း ပစ္စည်းတွေ ပြတ်လပ်ကာ အခက်အခဲ ဖြစ်ကြရကြောင်း မူဆယ်မြို့က စားသောက်ကုန်တွေ ဝယ်ယူစားသောက်နေရတဲ့ ရွာတွေက ဒေသခံတွေက ပြောပါတယ်။

“မူဆယ်ဘက်၊ ၁၀၅ မိုင်ဘက် သွားလို့ မရတော့ စက်သုံးဆီပြတ်ပြီ။ ကြံက ခုတ်တော့မှာ။ ကြံကို ဘယ်လို တင်ပို့ မှာလဲ။ တော်တော် ဒုက္ခရောက်နေပြီ” လို့ မူဆယ်မြို့နယ် ရွာဘက်က ကြံစိုက်တောင်သူ တယောက်က ပြောပါတယ်။

ကုန်တင် ယာဉ်မောင်းတွေအပါအဝင် မူဆယ် ကျင်စန်းကျော့ နဲ့ မူဆယ် ၁၀၅ မိုင် ဘက်တွေမှာလည်း ပြည်သူတွေ ထောင်ချီ ပိတ်မိနေပြီး စားသောက် ကုန်ကြမ်းပြတ်လပ်နေလို့ အစားအသောက် အခက်အခဲ ဖြစ်နေသလို ဖုန်းလိုင်း ပြတ်ဝောက်နေလို့ အများစုက အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း နမ့်ခမ်း အပါအဝင် မူဆယ် နဲ့ အနီးဝန်းကျင် တွေမှာ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတွေ ထိခိုက်ဒဏ်ရာရနာတွေ၊ သေဆုံးသူ‌တွေ၊ ပြည်သူတွေရဲ့ နေအိမ်၊ အ‌ဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက် ကနေ ထိခိုက်ဒဏ်ရာရတာတွေ ဘယ်လောက်များသလဲ ဆိုရင် မင်ဆယိယွမ် အကုန်လုံး မြန်မာနိုင်ငံက လူတွေက လွဲလို့ ကျန်တဲ့ လူတွေ မရှိပဲ ထိခိုက် ဒဏ်ရာရတဲ့ လူတွေ တရက် တရက်ကို မနည်းဘူး ဝင်လာတယ်လို့ တရုတ်ဘက်ခြမ်း ရွှေလီ‌ရောက် မြန်မာ နိုင်ငံသား ၁ ဦးက ပြောပါတယ်။

“ဒီ ကလေးက အသဲ ဖြတ်ထုတ်လိုက်ရတယ်။ ဟော ဟို ကလေးက ရောက်လာတဲ့ လူနာတွေထဲမှာ ဒဏ်ရာ အပြင်းဆုံးပဲ။ အသက်နဲ့ မလိုက်ဘူး” လို့ မြန်မာနိုင်ငံသား တယောက်က လိုက်ပြပါတယ်။

၁၁ ထပ်ရှိတဲ့ မင်ဆူယိယွမ် (ရွှေလီ ပြည်သူ့ဆေးရုံ) ရဲ့ ၈ ထပ် ကနေ ၁၁ ထပ်အထိ မူဆယ်ခရိုင်အတွင်းက တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရာသူ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဆေးကုသနေသူတွေထဲမှာ ကလေးငယ်တွေလည်း တော်တော်များများ ပါဝင်နေပြီး ငွေကြေး မတတ်နိုင်ပဲ အလှူငွေတွေနဲ့ ဆေးကုသမှု ခံယူနေကြရသူ အများစု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် မူဆယ်မြို့မှာတော့ စစ်ဘေး ဒုက္ခ၊ ရေ အခက်အခဲ အပြင် ပြန်ပေးဆွဲ တာတွေလည်း ခပ်စိပ်စိပ် ဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

“မနေ့က အမျိုးသား တစ်ဦး ပြန်ပေးဆွဲ ခံရတယ်။ ဗလီ ဝတ်တက်ပြီး ပြန်လာချိန် ပြန်ပေးဆွဲ ခံရတာလို့ သိရတယ်။ ဒီရက် ပိုင်း အတွင်း သုံး၊ လေးယောက် မြှောက် ဖြစ်သွားပြီ” လို့ မူဆယ်မြို့ခံ ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ပေးဆွဲ ခံခဲ့ရတဲ့ မိသားစုက မိသားစုဝင် ၁ ဦးကတော့ ပြန်ပေးဆွဲသူတွေ ၅ ဦးခန့်ထဲမှာ ထဲမှာ တရုတ်လူမျိုး လူငယ် ၃ ဦးပါပြီး ဈေးဝယ်မလိုလို ဝင်လာပြီး မိသားစုဝင် ၁ ဦးကို ပြန်ပေးဆွဲတဲ့ အပြင် အိမ်ထဲက ၃ ဦးကိုပါ သေနတ်နဲ့ ပစ်ခတ်သွားလို့ လက်ရှိထိ ရွှေလီဆေးရုံမှာ ခွဲစွပ်ကုသနေရတယ်လို့ ပြောပါတယ်။

မူဆယ်ဒေသခံ ပြည်သူတွေက လက်ရှိမှာ တိုက်ပွဲကြောင့် လက်နက်ကြီး တွေကျရောက်လာမှာကို စိုးရိမ်ပူပန်နေရတဲ့ အပြင် ‌ရေ၊ မီး အခက်အခဲတွေပါ ကြုံနေရပြီး ပြန်ပေးဆွဲ၊ ဓားပြ တိုက်မှုကိုပါ ကြောက်နေရကာ အခြေအနေ ပိုဆိုးရွားလာနေပြီး လုံခြုံမှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Photo: Crd# မေတ္တာပန်းခင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW