ဆူးငှက်
ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ တည်ထောင်ခဲ့သော မန္တလေးသည် ဗုဒ္ဓသာသနာအရှိန်အဝါ ပိုမို ထွန်းလက်စေခဲ့ သောအသစ်ဖြစ်တည်မှု ဖြစ်ခဲ့ပါ၏။ အမရပူရမင်းနေပြည်မှ မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့စိုးစံသည့် အခါတွင် မူလ သာသနိကအဆောက်အဦးများအပြင် အသစ်အသစ်သောဘုရားကျောင်းကန်ပုထိုး၊ သာသနိက အဆောက်အဦးအသစ် များဖြင့် စည်ပင်စေခဲ့သည်။ အမရပူရမြို့တော်ဟောင်းမှ မူလကျောင်းတိုက်ကြီးများ အများအပြားလည်း မန္တလေး နေပြည်တော်သို့ ပြောင်းရွေ့ကြ၏။ မြို့ပြဗိသုကာအသစ်တွင်လည်း ဘုန်းတော်ကြီး ကျောင်းများကို စံနစ်တကျ နေရာချထား ပေးမှုများ ရှိခဲ့သည်။
မင်းတုန်းမင်းလက်ထက်တွင် မြို့တည်နန်းတည် ခုနစ်ဌာန၌ပင် မဟာလောကမာရဇိန် စေတီတော်၊ မဟာအတုလ ဝေယံကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော် ဟူသော သာသနိကဌာနများက ခုနစ်ဌာနတွင် လေးဌာနမှာ နေရာယူထားခြင်းကလည်း ဘာသာသနာဖက် ပိုမိုတိမ်းညွှတ်အလေးသာစေခြင်း ပြယုဂ်ဖြစ်ခဲ့ပါ၏။ အဆိုပါခုနစ်ဌာနအတွင်းမှပိဋကတ်တိုက်တော်သည်လည်း မြတ်စွာဘုရား၏ ကျမ်းဂန်ဒေသနာများကိုပင် အဓိက စုဆောင်းထိန်းသိမ်း အထွဋ်အမြတ် ထားရာ နေရာလည်း ဖြစ်ပါ၏။ သက္ကရာဇ် ၁၂၂၅ခု၊ တပို့တွဲလတွင် အမရပူရ ပိဋကတ်တိုက်တော်ရှိ ပိဋကတ်တော်များကို အမြောက်သံကြားအခါတော်နှင့် ဝေါတော်၊ ထမ်းစင်တော်၊ ဆင်တော်များနှင့် တခမ်းတနား ပင့်ဆောင်ကာ မန္တလေးတောင်ခြေ ပိဋကတ်တိုက်တော်သို့ ပို့ဆောင်ခဲ့သည်ဟုလည်း မှတ်သားရသည်။ ထို့ပြင် မန္တလေးနေပြည်တော်၌ ၁၂၂၂ခုနှစ်တွင် ရွှေကျင်သာသနာဟူ၍လည်း တိုးတက်ဖြစ်ထွန်းခဲ့ရုံမက၊ ထိုနှစ်က ကဆုန်လတွင် ဝိနည်းငါးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ နိကာယ်ငါးကျမ်း၊ သုတ်ပါဠိတော်များကို ကျောက်ချပ်ရေ ၇၂၉ချပ်၌ စီစစ် သန့်ရှင်း ထွင်းထုကာ ကမ္ဘာ့အကြီးဆုံး ပိဋကတ်တော်ကျမ်းစာအုပ်ကြီးအဖြစ်ကုသိုလ်ပြုနိုင်ခဲ့သည်။ အဆိုပါ ကျောက်ထက် အက္ခရာ တင်မှုမှာ ၁၂၃၀ပြည့်နှစ်တွင် ပြီးစီးအောင်မြင်ခဲ့၏။
ထို့ကြောင့် မန္တလေးသည် ဗုဒ္ဓသာသနာနှင့်ပတ်သက်၍ ထွန်းကားစည်ပင်မှု အရှိန်အဟုန်ကောင်းခဲ့သည့် အစဉ်အလာများ ရှိသည်။ ၁၂၄၇ခု တန်ဆောင်မုန်းလဆုတ် (၈)ရက်နေ့တွင် သူ့ကျွန်ဘဝအောက်သို့ ကျရောက်သည့်အခါ မန္တလေးသူမန္တလေးသားတို့ စိတ်နှလုံး၌ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပိုင်နက် ဆုံးရှုံးခြင်းထက် ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ညှိုးနွမ်းမှေးမှိန်မည့်အရေးကို ဦးစွာစိုးရိန်ကြောင့်ကျခြင်း ဖြစ်ကြရသည်။ တကယ်လည်း ညှိုးနွမ်းခဲ့ရ၏။ “ဥသြသံသာ၊ သာသနာ၊ ရောင်ဝါနေသို့ထွန်းလိမ့်မည်” ဟူသော လင်္ကာအရ၊ မန္တလေးရတနာပုံနေပြည်တော်လက်ထက်တွင် စာချသံဃာတော်ပေါင်း (၁၁၆၆)ပါး နှင့်ရဟန်းသာမဏေပေါင်း အပါးရေ သောင်းချီရှိရာမှ ပါတော်မူပြီး ဆယ့်သုံးလေးနှစ်အတွင်း ထက်ဝက်မက လျော့နည်းသွားခဲ့သည်။ ကျန်ကောင်းကျန်ရာကျန်သည့် ရဟန်းသံဃာတော် များမှာလည်း ခြိုးခြံချို့တဲ့ကြရသဖြင့် ကြာလျှင် မန္တလေး၌သာသနာကွယ်မည့်အရေးကို မြို့မိမြို့ဖများက စိုးရိမ်ပူပန်ခဲ့ကြ၏။ မြန်မာမင်းများလက်ထက်လောက် သာသနာတော် ပစ္စယာနုဂ္ဂဖြင့် မချီးမြှောက်နိုင်စေကာမူ မြို့ခံဗုဒ္ဓဘာသာ သူတော်စင်များ စုပေါင်းပြီး မိမိတတ်နိုင်သလောက် ပစ္စဟာနုဂ္ဂဟာဖြင့်ချီးမြှောက်ထောက်ပံ့ကြပါမှ သာသနာအညွန့်လူနိုင်တော့မည် ဟူသောအသိဖြင့် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့ ဖွဲ့စည်းခဲ့သောအသင်းကြီးများအနက် ပရယတ္တိသာသနာ့ဟိတ အသင်းကြီးလည်း ပါဝင်ခဲ့သည်။
မန္တလေးမြို့၊ ၈၅လမ်း၊ မလွန်ရပ်၌ ပရိယတ္တိ သာသနာ့ဟိတ အသင်းကြီးတည်ရှိသည်။ ပရိယတ္တိ သာသနာ့ဗိမာန်ဟု သိရှိကြသည်။ ဤအသင်းကြီးမှာ မန္တလေးမြို့၌ မလွန်ဆန်လှူ အသင်းကြီးပြီးလျှင် ဒုတိယမြောက် သက်တမ်းအရှည်ဆုံးသာသနာပြု အသင်းကြီးဖြစ်သည်။ ၁၂၆ဝ ခုနှစ်၊ ဝါဆိုလပြည့်နေ့၌ စတင်တည်ထောင်ခဲ့လေသည်။ ကျေးဇူးရှင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ဘုရားကြီးက မလွန်ဈေးဆန်လှူအသင်းကြီးနှင့် ပရိယတ္တိသာသနာ့ဟိတအသင်းကြီး နှစ်သင်းကို သာသနာတော်၏ အမိနှင့် အဖအသင်းကြီးများအဖြစ် ရည်ညွှန်း ဂုဏ်ပြုခဲ့သည်။
သီပေါဘုရင် ပါတော်မူပြီးနောက် ၁ဝနှစ်ကြာ၊ ၁၂၅၇ ခုနှစ်၌ တောင်တော် သာသနာပိုင်ဆရာတော်၊ လှထွေဆရာတော်၊ကင်းဝန်မင်းကြီး စသော သာသနာပြုပုဂ္ဂိုလ်များ ညှိနှိုင်းတိုင်ပင်ကာ ရှေးမြန်မာမင်းတို့ လက်ထက်ကကဲ့သို့ ပထမပြန် စာမေးပွဲတစ်ခု၊ နယုန်လဆန်း(၈)ရက်၌ ကော်မတီတစ်ရပ်ဖွဲ့စေကာ စတင်ကျင်းပခဲ့သည်။ ပထမပြန်စာမေးပွဲများ ပြန်လည်ဖော်ထုတ်လာခဲ့ရာမှ မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ပွဲစားကြီးဦးထွန်းစသော ပုဂ္ဂိုလ်ကြီး (၁၂)ဦးကလည်း မိုးတားသာသနာပိုင်ဆရာတော်၊ မိုင်းခိုင်းဆရာတော် စသော တံဆိပ်တော်ရ ဆရာတော်ကြီး (၁၈)ပါးတို့နှင့် လေးပြင်လေးရပ်ဆရာတော်များထံ လျှောက်ထား သြဝါဒခံယူပြီး ပရိယတ္တိဓမ္မ ထိန်းသိမ်းစောင့်ရှောက် ရန် ငွေပင်ငွေရင်း ထည့်ဝင်ကြကာ စတင်တည်ထောင်ခြင်းဖြစ်သည်။
ပရိယတ္တိသာသနာဟိတအသင်းကြီး တည်ရှိရာ နေရာကို သာသနာ့ဗိမာန်ဟု ခေါ်ဝေါ်သော်လည်း ဦးလှသိန်းဗိမာန်ဟုလည်း လူသိများသည်။ နိုင်ငံကျော် ဓမ္မကထိက ဆရာကြီးဦးလှသိန်းက တရားဟောပြောကာ အလှူခံရရှိသည့် အလှူငွေများဖြင့် အများဆုံးပါဝင် ကုသိုလ်ယူတည်ဆောက်ခဲ့သောကြောင့် ဦးလှသိန်းဗိမာန်ဟု ခေါ်ဆိုကြခြင်းလည်း ဖြစ်သည်။ အဆိုပါဗိမာန်ကြီးမှာ ၈၅လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြားရှိ မြေ၂.၃၀ ဧက ပေါ်တွင် တည်ရှိပြီး အခန်းပေါင်း၇၀၀ အထပ်ပေါင်း၃ထပ်နှင့် ခံံညားထည်ဝါလှသည့် မြန်မာမှု အဆောက်အဦးကြီးဖြစ်သည်။ ပုံစံထုတ် တည်ဆောက်သူမှာ မြန်မာမှု ဗိသုကာပညာရှင်ကြီး ဆရာဆိုင်ဖြစ်ကာ ကြီးာကပ်လုပ်အားခအားလုံးကို အသင်းကြီးသို့ ပြန်လည်လှူဒါန်းခဲ့သူလည်းဖြစ်ပါ၏။ ဆရာဆိုင်၏ဖခင်မှာနာမည်ကျော် မြန်မာမှု ဗိသုကာပညာရှင် ဆရာခင်ဖြစ်ပြီး နန်းမတော်စုဖုရားလတ်၏ မြတောင်ရွှေကျောင်းတော် တည်ဆောက်ရာတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်ခဲ့ရ၏။ ဗိမာန်တော်ကြီးမြေနေရာကို နိုင်ငံတော်ကလှူဒါန်းခဲ့ကာ ၁၉၅၁ခုနှစ် ဇူလိုင်လ၁၃ရက်နေ့က ဖွင့်လှစ်ခဲ့ပါ၏။
ပရိပတ္တိသာသနဟိတ အသင်းကြီးက စာလျှောက်မေးခန်းများကို နယုန်လတွင် ကျင်းပလေ့ရှိသည်။ ပရိယတ္တိသာသနဟိတအသင်းကြီးသည် သီပေါမင်း ပါတော်မူပြီးနောက် နွမ်းပါးလာသော မန္တလေးသာသနာတော်ကို စောင့်ရှောက်ရန်အတွက်မန္တလေးမြို့သားကြီးများ တည်ထောင်ခဲ့သောအသင်းကြီးဖြစ်သည်နှင့်အညီ အထူးခြားဆုံး ဆောင်ရွက်မှုမှာ နယုန်လ စာလျှောက်မေးခန်းများအပြင် နာမည်ကျော်သကျသီဟစာမေးပွဲများ ကျင်းပနိုင်ခြင်းဖြစ်သည်။ သကျသီဟစာမေးပွဲ၏ ဂုဏ်ပုဒ်သည် သံဃာတော်များအတွင်း ထူးထူးခြားခြား ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့သည်။ ပရိယတ္တိသာသနဟိတ အသင်းကြီးက မန္တလေးသာသနာဝင်သမိုင်းတွင် အထင်ကရ ဖြစ်ခဲ့သည်မှာလည်း ဦးစီးရှေ့ဆောင်မှု၊ စည်းမျဉ်းစည်းကမ်းနှင့် စေတနာများကြောင့်ပဲဖြစ်သည်။
ကောဇာသက္ကရာဇ် ၁၂၆၀ ခုနှစ် ၊ ဝါဆိုလပြည့်နေ့တွင် စတင်တည်ထောာင်သော ပရိယတ္တိသာသနဟိတ အသင်းကြီးသည် သက္ကရာဖ် ၁၃၁၀ခုနှစ် ဝါဆိုလပြည့်နေ့တွင် နှစ်၅၀ တင်းတင်းပြည့်သည်။ အနှစ်၅၀ပြည့် ရွှေရတုပွဲကြီးကို ဆရာတော်သံဃာတော်များ သြဝါဒခံယူ၍ မြို့မိမြို့ဖများကြီးကြပ်မှုဖြင့် သင်းမလူကြီးများကဦးဆောင်ကာ ၁၃၁၀ပြည့်နှစ် ဒုတိယဝါဆိုလဆန်း၆ရက်နေ့မှ စတင်ကျင်းပခဲ့ကြသည်။ အဆိုပါ အနှစ်၅၀ပြည့် အထိမ်းအမှတ်ပွဲကို ရှစ်ဆယ်ပေါ်တေးထပ်တစ်ပုဒ် ဖြင့် စပ်ဆိုဂုဏ်ပြုခဲ့သည်။ တေးထပ်ရေးစပ်သူကို မသိရသော်လည်း အဆိုပါတေးထပ်တွင် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့ကြီးကို ဂုဏ်ပြုရည်ညွှန်း စပ်ဆိုသော်လည်း ထိုခေတ် ထိုအချိန်က မြန်မာ့အရေး ကမ္ဘာ့အရေးများ၏ နောက်ခံအခြေအနေများကိုလည်း မကွယ်မဝှက် သီဖွဲ့ထားသည်မှာ လေးစားဖွယ်ဖြစ်ပါ၏။
ကောဇာသက္ကရာဇ် ၁၃၁၀ပြည့်နှစ် ဒုတိယဝါဆိုလကား ခရစ်နှစ် ၁၉၄၈ခုနှစ် ဇူလိုင်လမို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေနှင့် လွတ်လပ်ရေးရကာစ ၆လသားအရွယ်ဖြစ်သော်လည်း ပြည်တွင်းစစ်မီးကြီး စတင် တောက်လောင်နေချိန် ကမ္ဘာ့အခြေအနေကလည်း အင်အားကြီးနိုင်ငံတို့၏ အနုမြူလက်နက်များဖြင့် စစ်တပြင်ပြင်နှင့် ကမ္ဘာရော မြန်မာပါ မငြိမ်းချမ်းသည့်အခြေအနေကို တေးထပ်ရေးဆရာက မမေ့မလျော့ ရေးစပ်ခဲ့ပါ၏။
ပရိယတ္တိသာသနဟိတအသင်းကြီးအနှစ်၅၀မြောက် အထိမ်းအမှတ်ပွဲနှင့် ဒို့ဗမာလုပ်ငန်း (ရှစ်ဆယ်ပေါ်တေးထပ်)
– သာသနာ့အောင်လံအမွန်တင့် တသွန်မြင့်သည့်အခါတွင်၊ တံခွန်လွှင့်တဲ့ ဤခါသဘင်လို၊ တရာဇဝင် ကြုံလာခဲ၊ နှစ်ငါးဆယ်ပြည့်အမှတ်တရသဘာမှာ ဆဋ္ဌမသင်္ဂါယနာ ရှေ့ပြေးတင်သည့်ပွဲ။
– (အန်ချင်းညှပ်) ရဲသွေးလေ ဘူမြတ်မဟီ မန်းဌာနီ၌ အတီကာလ မဇ္ဈိမ၏ သာစွနဂို ရာဇဂြိုဟ်ဝယ် မင်းပျိုဇာတသတ်လောကနတ်အား ထေရ်မြတ်ကဿပ အမှီရ၍ ပဌမသင်္ဂါယနာ တင်သောခါသို့ သာသနာပရိယတ် သင်ရွတ်ဖတ်၍ လေးမြတ်လူရှင် အောင်ပွဲယင်သော် ထက်ခွင်ဝလာ အမ္ဗုန္ဓာသည် ဇလာရေစက်သွန်းသည်တည့်လေ အပေါင်းအဖော်ရွေ ရဲသွေးတို့။
– (တေးဆက်) ဝေနေဗိုလ်ထု အနုတ္တရရတနာမှာ ဗုဒ ္ဓဓမ္မာ သံဃာပဲ၊ မနုဿခမျာတွေ ထင်ရာမကြံကြနဲ့၊ ဓမ္မာမြဲကြ ကိုယ်စီ၊စိတ်ဓာတ်တွေကို ပြုပြင်ကြရင်ဖြင့် အခုအထင်ကရ စိတ်ချ ဒို့မြန်ပြည်(ဝါ) နိတ်မဟ ဒို့ဗမာပြည်။ ကမ္ဘာတိုင်းရပ် ကြွက်ကြွက်စီအောင် လက်နက်တချီချီ အနုမြူဗုံးတွေနှင့် ငါနိုင်သူရှုံး ပျက်ပြုန်း ကြေစရာ ဖျက်မှုန်းစေဖို့သာ။
– ဆိုးယုတ်လေသမျှ တန်ခိုးနုတ်ပေစွ အကျိုးမယုတ်စေလှတဲ့ ဒုက္ခခမျာတွေကို ဒို့ဗုဒ္ဓသာသနာ ရောင်လွှမ်းပါမှလေး၊ လူ့ပြေလောက သမုဒယေနှောကြ ဂရုဓမ္မေလျောလှတဲ့ အများသတ္တဝါတွေကို ဘုရားသာသနေ တရားရေမှအေး၊ ဗမာတိုင်းကသာသနာလှိုင်းမ ဝါသနာရိုင်းသမျှ နုတ်စွအခြေကို ဗုဒ္ဓဓမ္မာရေ ဆွတ်ဖျန်းပါစို့လေး။
(အမည်မသိစာဆို)
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ပရိယတ္တိသာသနဟိတအသင်းကြီးအနှစ်၅၀မြောက်