ဒလ အိမ်ခြံမြေဈေးကွက် သိန်းသောင်းချီ ပေါက်ဈေးရှိနေ

 

ဇန်နဝါရီ ၁၆ – ၂၀၂၄

SN (VOM)

ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတား စီမံကိန်းကြောင့် ဒလ အိမ်ခြံမြေဈေးတွေ မြင့်တက်လာပြီး သိန်းသောင်းချီ ပေါက်ဈေးရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ဒလတံတား တည်ဆောက်နေမှုဟာ လက်ရှိမှာ ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒလဘက်က မြေကွက်တွေ တလထက်တလ ဈေးနှုန်းအဆမတန် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“ဒလံတံတား စီမံကိန်းကြောင့် ဒလမြေဈေးတွေ ဆက်တိုက် တက်လာတယ်။ သူနဲ့ တဆက်တည်း တွံတေးနဲ့ ဆိပ်ကြီးခနောင်တိုဘက်မှာလည်း မြေဈေးတွေတက်လာတာကို တွေ့ရတယ်။ တံတားပြီးသွားရင် လမ်းပန်းဆက်သွယ်ရေးက ကောင်းသွားပြီလေ။ အခုကတော့ နေဖို့ထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ဝယ်ကြတာများတယ်။ ဈေးနှုန်းတွေကလည်း ပါးစပ်ခေါ်ဈေး၊ ညှိနှိုင်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြတာများတော့ ဈေးတွေ အဆမတန် ခုန်တက်ကုန်တာ” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။

ရန်ကုန် – ဒလတံတား တည်ဆောက်မှု စီမံကိန်းကို အခု ၂၀၂၄ ခုနှစ်၊ ပထမလေးလပတ်မှာ အပြီးတည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ပြောဆိုလိုက်ပြီးနောက် ဒလတဖက်ကမ်းက အိမ်ခြံမြေဈေးတွေ ဆက်တိုက်ဆိုသလို မြင့်တက်လာတာဖြစ်ပြီး အရင် သိန်း ၈၀၀ တန်က အခု သိန်း တသောင်းလောက်အထိ ဈေးခုန်တက်လာတယ်လို့ သိရပါတယ်။

ဒလမြို့နယ်ရဲ့ အဓိက အချက်အချာ ဖြစ်တဲ့အပြင် ဒလတံတားအဆင်းမှာ တည်ရှိနေတဲ့ တပင်ရွှေထီးရပ်ကွက်နဲ့ ကျန်စစ်သား ရပ်ကွက်တွေမှာ အရောင်းအဝယ် ပိုဖြစ်လာနေသလို ဗညားဒလရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ဗိုလ်ရန်ပြေ ရပ်ကွက်တွေနဲ့ နာရီစင်အနီးတို့မှာလည်း အိမ်ခြံမြေတွေ အဝယ်လိုက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒလတံတားပြီးစီးမှုနဲ့အတူ လက်ရှိ ဒလမြို့နယ်မှာ ကြုံတွေ့နေရတဲ့ သောက်သုံးရေ ရှားပါးမှု ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ ရန်ကုန်မြို့ကနေ ဂျိုးဖြူရေ သွယ်တန်းမယ့် အစီအစဉ်တွေလည်း ပါဝင်လာမှာဖြစ်တာကြောင့် အဲ့ဒီ့မြို့နယ်ရဲ့ သောက်သုံးရေ ရှားပါးမှုပြဿနာဟာလည်း ပြေလည်သွားမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလက စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ဖို့ အမြင့်ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေ ရှိတယ်လို့ သိရပါတယ်။

တံတားရဲ့ ပင်မအရှည်ဟာ ၂၂၆၄၀ ပေရှိကာ ခံနိုင်ဝန်မှာ ယာဉ်တစီးချင်း ၇၅ တန်ဖြစ်ပြီး သံမဏိကြိုးဆိုင်းတံတားတွေအနက် အရှည်ဆုံးနဲ့ အကြီးဆုံးဖြစ်ကာ တံတားအောက်ဖက်ကနေ ပင်လယ်ကူး ကုန်တင်သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ မြစ်ကူးတံတားကို ဆူးလေဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နဲ့ ဆက်သွယ် တည်ဆောက်နေတာဖြစ်ပြီး တံတားအရှည်ကတော့ ၂ ဒသမ ၉ ကီလိုမီတာ (တမိုင်ကျော်) ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

တံတားပြီးစီးသွားရင်တော့ ရန်ကုန်မြို့မှတဆင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေဆီ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW