ပခုက္ကူခရိုင်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေေဖြစ်ပွားပြီး လူသေဆုံးတာနဲ့ မီးလောင်​ပျက်စီးတာတွေ ဖြစ်နေ

 

မတ် ၊ ၁ ၊ ၂၀၂၄

SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြစ်ခြေမြို့နယ် ၊ ပေါက်မြို့နယ် နဲ့ ရေစကြိုမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေအပြင် ကျေးရွာတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါက်မြို့နယ် ဒေသခံတယောက်က ” မနေ့ ( ဖေဖော်ဝါရီ ၂၉ ရက်) က နေ့လယ် ၂ နာရီဝန်းကျင်မှာ ပေါက်နယ် ၊ တပ်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲဒီ တိုက်ပွဲမှာ လူသေဆုံးမှုတွေရှိတယ် ၊ ဒဏ်ရာရသူတွေလည်း ရှိတယ် ” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် ဒေသခံတယောက်က ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ၊ မင်းရွာ ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ သေဆုံး ဒဏ်ရာရသူတွေရှိတယ် ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပေါက်မြို့နယ် တပ်ကုန်းရွာနားက ထိတွေ့တိုက်ပွဲဖြစ်စဥ်မှာ အမျိုးသား အလောင်း တလောင်းရတယ် ၊ အဲ့ဒီ အပြင် အမ်-၁၆ သေနတ် ၁ လက် ၊ လက်လုပ်စိန်ပြောင်း ၁ လက် ၊ အမ်-၁၆ ကျည်အိမ် ၁ ခု ၊ အမ်-၁၆ ကျည် ၄၀ တောင့် ၊ လက်လုပ်မိုင်း ၄၀ လုံး ၊ လက်လုပ်ဗုံးသီး ၁ လုံး ၊ ရီမု ၁ ခု သိမ်းဆည်းရမိတယ် ၊ အဲ့ဒိအပြင် ရေစကြိုနယ် ၊ မင်းရွာနားတိုက်ပွဲမှာလည်း အမျိုးသား အလောင်း တလောင်း ၊လက်လုပ်သေနတ် နှစ်လက် ၊ ၉မမ ကျည်ဆံသုံးတောင့် ၊ အိုင်ကွန်စကားပြောစက်တလုံး သိမ်းဆည်ရမိတယ် ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေဘက်က အခုထိတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့နယ်ခွဲ ၊ ချိုင်ရွာဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ၊ အဲ့ဒီ နှစ်ဘက်တိုက်ပွဲတွေကြားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာကြောင့် လူနေအိမ် ၁၅၀ ကျော်နဲ့ အခြား အဆောက်ဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်ဝိုင်းတင်နဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၆၀ အရွယ် ဦးကျော်ဝင်း၊ အသက် ၇၀ အရွယ် ဒေါ်စိန်မြိုင်တို့ မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW