ကလေး – ချင်းတောင် ဖြတ်လမ်းတွေမှာ လူတ​ယောက်ကို ကားခ သုံးသိန်းကျော်ပေးရလို့ ၊ ကလေးမြို့က ထွက်ချင်သူတွေ မထွက်ခွာနိုင်သေး

မတ် ၊ ၃ ၊ ၂၀၂၄
SP ( VOM)
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာနေတဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲရှောင်ထွက်ပေးဖို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက အမိန့်ထုတ်ပြန်ထားတာကြောင့် အခုဆိုရင် ကလေးမြို့ခံ တချို့ တိုက်ပွဲရှောင်နေကြပေမယ့် အများစုက ကားခတွေဈေးကြီးပြီး အထွက်ကားရှားပါးလို့ဆိုကာ အခုထိ တိုက်ပွဲရှောင်တာမရှိပဲ အိမ်ထဲ အိမ်ပြင် မထွက်ပဲ နေရတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကလေးမြို့ခံတယောက်က
” တိုက်ပွဲရှောင်ဖို့ အမိန့်တွေထုတ်ထားတယ် ၊ ကလေးမြို့မှာ တိုက်ပွဲရှောင်ပေးဖို့ အမိန့်ထုတ်တာ လေးငါးကြိမ်ရှိပြီ ၊ ငွေကြေးတတ်နိုင်သူတွေက ၊ အိမ်စောင့်လောက်ထားခဲ့ပြီး တိုက်ပွဲရှောင်ကုန်တယ် ၊ ကလေးမြို့မှာ လူနေရပ်ကွက် ၂၀ ရှိတယ် ၊ အဲ့ဒီထဲက ရက်ကွက်ပေါင်း ၁၄ ရပ်ကွက်လောက်က ၊ ချင်းတောင်ကနေ ပြောင်းရွေ့လာသူတွေဖြစ်ကြတယ် ၊ ကျန်တဲ့ ၆ ရပ်ကွက်လောက်က ကလေးမြို့တောင်ပိုင်း ဂန့်ဂေါနယ်နဲ့ ကလေးမြို့မြောက်ပိုင်း တမူးနယ်ဘက်က ပြောင်းလာတဲ့သူတွေဖြစ်တယ် ၊ အခု တိုက်ပွဲရှောင်ထွက်သွားတဲ့သူတွေက တောင်ပေါ်က ပြောင်းလာတဲ့ ချင်းတိုင်းရင်းသားတွေအများစုဖြစ်ပြီး တောင်ပေါ်ကို ပြန်ကြတာဖြစ်တယ် ၊ ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို ပြန်တဲ့အခါ သွားနေကြ ကားလမ်းဖြစ်တဲ့ ကလေး ၊ တာဟန်း ၊ သိုင်းငင်း ၊ တီးတိန် ၊ ဖလမ်း လမ်းကနေ ပြန်မရတာကြောင့် တောင်ပေါ်ကို ဖြတ်လမ်းကနေပဲပြန်နေကြတယ် ၊ အဲ့ဒီလို ပြန်တဲ့အခါ ကလေးမြို့ မြောက်ပိုင်းမှာရှိတဲ့ ပြည်တော်သာ ၊ သာယာကုန်း ၊ လက်ပံချောင်း ၊ ချောင်းဦး ၊ အောင်ရွာ ၊ မြစိမ်း ၊ မြလင်း စတဲ့ရွာတွေဘက်ကနေ ဖြတ်တက်တယ် ၊ ကလေး တွန်းဇံ ၊ တီးတိန်ဘက်ကို ဆိုင်ကယ် ကယ်ရီငှားရင် နှစ်သိန်းလောက်ပေးရတယ် ၊ အဲ့ဒီ အပြင် ကလေးမြို့တောင်ပိုင်း နတ်ချောင်း ၊ ချောင်းခွ ၊ ဟားခါးလေးရွာဘက်ကနေ ဖလမ်းနဲ့ ဟားခါးဘက်ကို ကားတချို့ တက်ကြတယ် ၊ ကားခက လူတယောက်ကို သုံးသိန်းလောက်ပေးနေရတယ် ၊ အဲ့ဒါကြောင့် ကားခတွေစျေးကြီးပြီး ထွက်မယ့်ကားတွေ ရှားပါးလို့ တချို့က တိုက်ပွဲရှောင်ဖို့ မသွားကြဘူး ၊ ကလေးမြို့က နေအိမ်တွေထဲမှာပဲ နေကြတယ် ၊ ဒါပေမယ့် အိမ်ထဲ အိမ်ပြင် မထွက်ကြဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် ကားသမားတယောက်က
” တိုက်ပွဲအခြေအနေရ ကလေးမြို့ကနေ ဘယ်လိုင်းကားမှ မထွက်ဘူး ၊ နောက်ပြီး စက်သုံးဆီ ကားတွေဝင်တာမရှိဘူး ၊ အဲ့ဒါကြောင့် စက်သုံးဆီဆိုင်တွေ ပိတ်ထားကြတယ် ၊ ကလေးမြို့မှာ လတ်တလော ချက်ဆီတွေကို စျေးကြီးပေးပြီးဝယ်သုံးနေရတယ် ” လို့ ပြောပါတယ်။
ကလေးမြို့ဟာ မြို့ရဲ့ တဝက်ကျော်ဟာ ချင်းတောင်ပေါ်ကနေ ပြောင်းရွေ့လာသူတွေ ဖြစ်ကြသလို ၊ ကျန်လူတချို့ကလည်း ဂန့်ဂေါနယ် ၊ တမူးနယ် စတဲ့ဘက်တွေက ပြောင်းရွေ့လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
ကလေးမြို့ ၊ အောင်သစ္စာရပ်ကွက်မှာနေတဲ့ ဒေသခံတယောက်က
” အရင်နှစ်ကလည်း ဒီလိုပါဘဲ PDF တွေက မြို့ခံတွေထွက်ပေးဖို့ပြောပေမယ့် ဘာမှမဖြစ်ပါဘူး၊ ခုလည်း ကလေးမြို့ကနေ ဘယ်မှ ထွက်လို့မရတာ အတူတူ ၊ ကလေးမြို့ပေါ်မှာပဲ သေချင်သေဆိုပြီး အခုထိ ဆက်နေတုန်းပဲဖြစ်တယ် ၊ တိုက်ပွဲရှောင်တာမရှိသေးဘူး ” လို့ ပြောပါတယ်။
ဒီရက်ပိုင်း ကလေးမြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တမူး ၊ မော်လိုက် ၊ တီးတိန် ၊ တွန်းဇံ ၊ ဂန့်ဂေါ စတဲ့ ဒေသတွေဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကလေးမြို့ကနေ တိုက်ပွဲရှောင်စရာ လမ်းမရှိတဲ့အတွက် မြို့ပေါ်ကနေ တိုက်ပွဲမရှောင်ကြတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဟာ ကလေးတက္ကသိုလ် ၊ ကလေး နည်းပညာတက္ကသိုလ် ၊ ကလေး ကွန်ပျူတာ တက္ကသိုလ်ဆိုပြီး တက္ကသိုလ် သုံးခုရှိပါတယ်။ အဲ့ဒီအပြင် အခြေခံပညာကျောင်းပေါင်း ၁၉၅ ကျောင်းရှိပြီး ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၀ ကျောင်းရှိကာ ၊ အခြား ခရစ်ယာန် ဘာသာရေး ပညာရေးသင် ကျောင်းတွေရှိတယ်လို့ သိရပြီး အဲ့ဒီ ကျောင်းအားလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ အခုထိ ကျောင်းတွေ ပိတ်ထားနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW