ထားဝယ်မြို့နယ် ရောင်းမော်ရွာ တိုက်ပွဲမှာ နှစ်ဘက်သေဆုံး မှုတွေ များပြား

 

မတ် ၊ ၃ ၊ ၂၀၂၄

SP (VOM)

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၊ ရောင်းမော် ကျေးရွာနားမှာ မနေ့ (မတ် ၂ ရက်) ကစလို့ ဒီကနေ့မနက်ထိ နစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေ များပြားစွာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က

” ရောင်းမော်ရွာမှာ ဘာစခန်းမှ မရှိဘူး ၊ အခုဖြစ်တဲ့ တိုက်ပွဲက နယ်မြေရှင်းလင်းရေး (လှုပ်ရှား) လာတဲ့ စစ်ကြောင်းနဲ့ PDF တွေ တိုက်ကြတာဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ မနေ့ကတော့ နှစ်ဘက် အသေအပျောက်ရှိတယ်လို့ ကြားရတယ် ၊ ဒီမနက်တော့ ရောင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးသွားတယ် ၊ ရောင်းမော်ရွာခံ အရပ်သားတွေက မနေ့စလို့ ဒီကနေ့အထိ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ထားဝယ်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” အရင်နေ့က ရောင်းမော်ရွာဘက်ကို နယ်မြေရှင်းလင်းရေး ( လှုပ်ရှား) အဖွဲ့သွားတယ် ၊ ရောင်းမော်ရွာကိုရောက်တော့ လှုပ်ရှားအဖွဲ့ အခြေပြုတဲ့နေရာကို PDF တွေက လာရောက်တိုက်ခိုက်တယ် ၊ အဲ့ဒီ ထိတွေ့မှုဖြစ်စဥ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ဆယ်ယောက်ကျော်လို့ ထိခိုက်သေဆုံးတယ် ၊ သူတို့ဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ရောင်းမော်ရွာ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်ပေါ်မှာ ဖော်ထားတာက ” ရောင်းမော်ရွာတိုက်ပွဲကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ တပ်ရင်း သုံးရင်း စုပေါင်းတိုက်ခဲ့တာဖြစ်ပြီး အမျိုးသား ရုပ်အလောင်း ၁၂ လောင်းနဲ့ သေနတ် ၁၂ လက် သိမ်းဆည်းရမိကာ T1 အဖွဲ့က PDF တယောက်လည်း ထိခိုက်သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် နည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထားဝယ် ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW