မုဒုံနယ်က ပြည်သူစစ်ခေါင်းဆောင်ပိုင်း တချို့ ဖမ်းဆီးခံရပြီး ၊ ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေပါသွား

မတ် ၊ ၃ ၊ ၂၀၂၄
SP (VOM)

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ် ၊ ကမာဝက်မြို့ ၊ စိန်တောင်ရပ်ကွက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းရဲ့နေအိမ်တွေကို ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ပြည်သူ့စစ် ခေါင်ဆောင်ပိုင်းက လူသုံးယောက်နဲ့ အတူ သူ့တို့ကိုထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းတဲ့ ဖြစ်စဥ်တခု ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဒီနေ့လယ်ပိုင်းက ဖြစ်တာက စိန်တောင်ရပ်ကွက်မှာနေတဲ့ ဦးပန် ၇၂ နှစ် ၊ ( ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်) ဆိုသူဟာ သူ့အိမ်မှာရှိနေတုန်း PDF ၁၀ ယောက်က သူ့ကိုယ် ဝင်ဖမ်းသွားတယ်လို့ သိရတယ် ၊ နောက်ပြီး သူတို့ ပြည်သူ့စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ သေနတ်တွေနဲ့ ကျည်ဆံတွေပါ PDF က ယူသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ဦးပန် နေအိမ်ကနေ ပြည်သူ့စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ သေနတ်တွေအနက်က အင်္ဂလိပ် စတင်းဂန်း သေနတ် တလက် ၊ ရိုင်ဖယ် သေနတ် ငါးလက် ၊ ကျည်ဆံ အတောင့် နှစ်ရာ လည်း PDF အဖွဲ့က ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂ ရက် ၊ ညပိုင်း ၈ နာရီဝန်းကျင်က ကမာဝက်နယ် ၊ ကော့ပိထော်ကျေးရွာမှာနေတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဦးကင်ဘန်း ၇၆ နှစ်နဲ့ ဦးငြိမ်းဦး ၅၀ နှစ် ဆိုတဲ့ သူတို့နှစ်ဦးဟာ နေအိမ်တွေမှာ ရှိနေတဲ့အချိန် PDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် ပြည်သူ့စစ်အဖွဲ့ကို ထုတ်ပေးထားတဲ့ ရိုင်ဖယ်သေနတ် ကိုးလက်နဲ့ ဆက်စပ်ပစ္စည်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်လို့ မော်လမြိုင် ခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW