ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုက နစကစခန်းတွေကို AA ထိုးစစ် အရှိန်မြှင့်နေ

မတ် ၃ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုမှ နစကစခန်းတွေကို ထိုးစစ် အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မတ် ၃ ရက်၊ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ့ ထုတ်ပြန်ချက်မှာ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက လက်နက်ချ အညံ့မခံသေးတဲ့ နစကရဲ့ စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ရက်တွေနည်းတူ ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

“လက်နက်ကြီးသံတွေကတော့ နေ့စဉ်နဲ့အမျှ ဆူညံနေတာပဲ။ ခုရက်ပိုင်း ပိုစိတ်လာတယ်။ တိုက်ပွဲတွေက တနေကုန်လိုလို ဖြစ်နေတာ။ ပစ်ခတ်သံတွေ ကြားနေရတာလည်း ညအထိပဲ” လို့ မောင်တောမြို့မှ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ့လို AA က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် နစကဘက်မှ ကြည်း၊ ရေ၊ လေ အသုံးပြုကာ ခုခံကာကွယ်နေပြီး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။

“အခုအချိန်အထိ လက်နက်ချအညံ့မခံသေးတဲ့ နစကရဲ့ တပ်ရင်းစခန်းတွေ၊ နယ်ခြားစောင့် တပ်စခန်းတွေအပြင် လက်နက်ကြီးစခန်းတွေကိုပါ ရက္ခိုင့်တပ်တော်က တရက်မှ ရပ်နားခြင်းမရှိဘဲ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါတယ်” လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် AA အနေနဲ့ ပုဏ္ဏားကျွန်းမြို့ရှိ နစကရဲ့ လက်ကျန်တပ်ရင်းဖြစ်တဲ့ “ခမရ (၅၅၀)” ကို အပြီးသတ် သိမ်းပိုက် ရယူနိုင်ရေးအတွက် ထိုးစစ် အရှိန်မြှင့်လျက်ရှိသလို မောင်တောမြို့နယ် (မြောက်ပိုင်း) ရှိ “ရန်အောင်ပြင်စခန်း” ကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နစကရဲ့ ထုတ်ပြန်ချက်မှာတော့ ‌မောင်တောမြို့နယ်ရှိ သဝန်ချောင်း ရဲကင်းစခန်းဟောင်းနေရာမှာ ဝင်ရောက်နေထိုင်ပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်နေတဲ့ AA အဖွဲ့ကို နစကနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်၊ ညနေ ၄ နာရီဝန်းကျင်က သွားရောက် ရှင်းလင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ့ တိုက်ပွဲဟာ အချိန် ၁ နာရီခွဲဝန်းကျင် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူ/ လေကြောင်းပစ်ကူတို့နဲ့ပါ တိုက်ခိုက် ချေမှုန်းခဲ့တဲ့အတွက် AA ဘက်မှ သေဆုံး/ဒဏ်ရာရ များစွာနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် AA အနေနဲ့ ရန်အောင်ပြင်ရဲကင်းစခန်းကိုလည်း မတ်လ ၁ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်ကစလို့ လာရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူတို့နဲ့ပါ တိုက်ခိုက် ချေမှုန်းခဲ့တဲ့အတွက် ည ၇ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတွေ ငြိမ်သွားပြီး AA ဘက်မှ သေဆုံး/ဒဏ်ရာရသူတွေကို ကားတွေနဲ့ ပြန်လည်သယ်ဆောင်နေတယ်လို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ နယ်မြေခံတပ်ရင်းရှိ ကာကင်းစခန်းတွေကို AA က မတ်လ ၁ ရက်၊ မနက်အစောပိုင်းမှ စတင်ကာ ညနေပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မကြာခဏ လာရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ပြန်လည်ချေမှုန်း တိုက်ခိုက်ခဲ့ကာ ရန်သူကို ရင်ဆိုင် ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပါရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက် မြင့်တက်နေပြီး စားနပ်ရက္ခာအပြင် ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွင်း နေထိုင်သူတွေဟာ နေ့စဉ် ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးနေကြရသလို ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်းရှိနေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခြောက်သောင်း ရှစ်ထောင်ခုနစ်ရာ သုံးဆယ့်တယောက် ထပ်တိုးလာတယ်လို့ သိရပါတယ်။

အဲဒီစာရင်းဟာ တကျော့ပြန်တိုက်ပွဲ စတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ စာရင်းဖြစ်ပြီး အရင်ကရှိနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနှစ်ထောင် သုံးရာသုံးဆယ့်နှစ်နဲ့ ပေါင်းရင် စုစုပေါင်း ဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်အထိ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ စစ်ဘေးဒုက္ခသည်တွေဟာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်က ဖြစ်ပြီး အဲ့ဒီ့အထဲမှာ ပေါက်တောမြို့နယ်ဟာ လူပေါင်း တသိန်းကျော်နဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ အများဆုံးမြို့နယ် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ရခိုင်တိုက်ပွဲ သုံးလအတွင်း နစကတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ၊ လေကြောင်း၊ ရေကြောင်းက ပစ်ခတ်မှုတွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၁၁ ယောက်နဲ့ ဒဏ်ရာရသူ ၃၅၇ ယောက်ရှိနေပြီး ဖမ်းဆီးခံရတဲ့ အရပ်သား ၂၉၂ ယောက် ရှိနေပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒဏ်ရာရတဲ့ ဒေသခံတွေကတော့ ကျေးရွာတွေမှာပဲ ဖြစ်သလိုဆေးကုသနေရပြီး အကူအညီလိုအပ်ေနတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW