“လေထုညစ်ညမ်းမှု သတိပြုပါ”

 

 

သွေး (စစ်ကိုင်း)

 

အသက်ရှင်ဖို့ နေ့စဉ်နဲ့ အမျှ ရှူရှိုက်နေရတဲ့ လေဟာ သန့်ရှင်းလတ်ဆတ်ဆို့ အထူးပဲ အရေးကြီးပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ သန့်ရှင်းတဲ့လေ မရှူရှိုက်ရမှု…၊ လေထုညစ်ညမ်းမှုတွေနဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားနေသူတွေ သန်းချီပြီး ရှိနေပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို လက်တွေ့ကျကျ ဘယ်လိုလျှော့ချသင့်သလဲ စဉ်းစားလုပ်ဆောင် သွားရမှာပါ။

 

စက်မှုလုပ်ငန်းတွေ ထွန်းကားလာတာဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမဲ့ ရုပ်ကြွင်းလောင်စာ တွေ အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေရတာကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာပါ။ ကျောက်မီးသွေးသုံး စက်ရုံကြီးများ လည်ပတ်မှု, တောမီးလောင်မှု, မီးရှူးမီးပန်း ပစ်လွှတ်မှု, တောင်ယာမီးရှို့မှုတို့ကြောင့်လည်း လေထုကို ညစ်ညမ်းစေပါတယ်။ ‘BBC’ သတင်းတစ်ပုဒ်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်ပြီး ဆေးဝါးကုသ,မှု ခံယူခဲ့ရသူ ၁၀ သန်းကျော်ထိ ရှိခဲ့တယ် လို့ သိရပါတယ်။

 

ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုဖြစ်ရတဲ့ အကြောင်းရင်းတွေက ယာခင်းမီးရှို့မှုတွေ, စက်မှုလုပ်ငန်းနဲ့ မော်တော်ယာဉ် တွေကနေ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာလည်း လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေတာပါ။ တာချီလိတ် ဒေသခံ အများစုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ခံစားနေရကြောင်း Voice of Myanmar သတင်း တစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေး ညွှန်းကိန်း (AQI) ဟာ ၁၇၀ ထိ မြင့်တက်နေလို့ အနီရောင်အဆင့် ဖြစ်နေပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်ရဲ့ လေးထုအရည်အသွေး ညွှန်းကိန်းက ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ ၁၅၂ ထိ ရှိနေပါတယ်။ လေထုအရည်အသွေး ညွှန်းကိန်းက (၁၅၀-၂၀၀) ထိ ရှိနေရင် ကျန်းမာရေးအတွက် မသင့်တော်တဲ့ အခြေအနေပါ။

 

လေထုထဲမှာ ပါဝင်တဲ့ အမှုန်အမွှားတွေကို PM2.5 နဲ့ PM10  ဆိုပြီး ခွဲခြား ထားပါတယ်။ လေထုထဲမှာ ပါဝင်နေတဲ့ အိုဇုန်း, နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်, ဆာလဖာဒိုင်အောက်ဆိုဒ်တို့ အပေါ်မူတည်ပြီး လေထုအရည်အသွေး ညွှန်းကိန်းကို တိုင်းတာကြတာ ဖြစ်ပါတယ်။

 

လေထုအရည်အသွေး ညွှန်းကိန်း မြင့်မားလေလေ လေထုညစ်ညမ်းမှု ပိုများပြားလေလေ ဆိုတဲ့ သဘောပါ။ AQI လို့ ခေါ်တဲ့ လေထုအရည်အသွေး ညွှန်းကိန်း (သုညကနေ ၅၀) အတွင်း ရှိရင် ကောင်းမွန်တယ် လို့ သတ်မှတ်ပြီး အစိမ်းရောင် အဆင့်ပါ။ (၅၀ ကနေ ၁၀၀) ကြားရှိရင် သင့်တင့်တယ် လို့ သတ်မှတ်ပြီး အဝါရောင် အဆင့်ပါ။ (၁၀၁ ကနေ ၁၅၀) ကြား ရှိရင် လိမ္မော်ရောင် အဆင့်ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့ အခြေအနေပါ။ (၁၅၁ ကနေ ၂၀၀)  ကြား ရှိရင် ကျန်းမာရေးနဲ့ မညီညွတ်တော့တဲ့ အခြေအနေ ဖြစ်နေပြီး အနီရောင်အဆင့် သတ်မှတ်ပါတယ်။ (၂၀၁ ကနေ ၃၀၀) ကြား ရှိရင် ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်တော့ဘဲ ခရမ်းရောင်အဆင့် လို့ သတ်မှတ်တာပါ။ ဒီနေရာမှာ လေထုအရည်အသွေး ညွှန်းကိန်း (၁၀၁ ကနေ ၁၅၀) ကြား ရှိနေရင် နှလုံးနဲ့ အဆုတ်ရောဂါ ရှိသူတွေ, ကလေးတွေ, သက်ကြီးရွယ်အိုတွေ အတွက် မသင့်တော်တဲ့ အခြေအနေပါ။

 

ညစ်ညမ်းတဲ့ လေကို ရှူရှိုက်ရလေလေ ကျန်းမာရေးထိခိုက်မှု များလာလေလေ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လေထု ညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကြောင့် နှစ်စဉ် သေဆုံးရသူ အများအပြား ရှိနေတာပါ။ လေထုထဲက အမှုန်အမွှားတွေကို ရှူရှိုက်မိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တယ် လို့ အမေရိကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ (EPA) က ဆိုပါတယ်။ PM2.5 အမှုန်တွေဟာ ဓာတ်အားပေးစက်ရုံတွေ, စက်မှု လုပ်ငန်းတွေက ထွက်ရှိလာတဲ့ ဓာတ်ငွေ့တွေ, ဖုန်မှုန့်တွေ လေထုထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ တောမီး လောင်ကျွမ်းမှု, ဆောက်လုပ်ရေး လုပ်ငန်းတွေကနေ ထွက်ရှိ ပျံ့လွင့်လာတဲ့ အမှုန်တွေထဲမှာ PM10 အမှုန်အမွှားတွေ ပါဝင်နေတာပါ။

 

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ကျေးလက်နဲ့ မြို့ပြနှိုင်းယှဉ်ကြည့်ရင် မြို့ပြမှာ လေထုညစ်ညမ်းမှု ပိုများတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့ပြမှာ တစ်နေရာကနေ တစ်နေရာကို သွားလာရေးမှာ ဓာတ်ဆီသုံး ဒီဇယ်သုံး မော်တော်ကားတွေကို အသုံးပြုနေရတာကြောင့် ဖြစ်သလို ဆောက်လုပ်ရေး လုပ်ငန်းတွေ, စက်မှုလက်မှု လုပ်ငန်းတွေ ပိုမိုများပြားလာတာကြောင့်လည်း ဖြစ်ပါတယ်။ ရန်ကုန်လို မြို့ပြမှာ အထပ်မြင့် တိုက်ခန်းတွေ များပြားတဲ့ အပြင် အဆောက်အဦတွေ ကျပ်ညပ်နေတဲ့ အတွက် လေဝင်လေထွက် မကောင်းတော့သလို လေကောင်းလေသန့် ရဖို့လည်း မလွယ်ကူတော့ပါဘူး။ တိုက်ခန်းတွေမှာ နေထိုင်ကြသူတွေဟာ Indoor Air Pollution လို့ ခေါ်တဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုကိုပါ တွေ့ကြုံ ခံစားနေရပါတယ်။

 

အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်စေရတဲ့ အကြောင်းရင်းတွေထဲမှာ ခြင်ဆေးခွေထွန်းခြင်း, မီးသွေး ဒါမှမဟုတ် ထင်းနဲ့ ချက်ပြုတ်ခြင်း, ဆေးလိပ် ဒါမှမဟုတ် စီးကရက် သောက်ခြင်း, အမွေးတိုင်အလွန်အကျွံထွန်းခြင်း စ,တာတွေ ပါဝင်ပါတယ်။ ခြင်ကိုက်ခံရမှာ စိုးလို့ ခြင်ဆေးခွေထွန်းရတာ ဆိုပေမဲ့… ခြင်ဆေးခွေကို နေ့စဉ်နဲ့ အမျှ ထွန်းနေရင် ခြင်ဆေးခွေက ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှု ဖြစ်စေနိုင်တာကြောင့် တခြားနည်းလမ်း အသုံးပြုသင့်ပါတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ လျှပ်စစ်မီးပျက်လို့ မီးသွေးနဲ့ ချက်ပြုတ်မယ် ဆိုရင်လည်း လေဝင်လေထွက်ကောင်းအောင် အရင်စီမံသင့်ပါတယ်။ မဟုတ်ရင်… မီးခိုးငွေ့တွေ ရှူရှိုက်မိရာကနေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရစေနိုင်လို့ပါပဲ။

 

Outdoor Air Pollution လို့ ခေါ်တဲ့ ပြင်ပလေထုညစ်ညမ်းမှုကလည်း လူသားတွေရဲ့ ကျန်းမာရေး အပေါ် အများကြီး သက်ရောက်စေပါတယ်။ health.nsw.gov.au ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးထဲက ကောက်နုတ်ပြီး ဖော်ပြရရင်… စက်မှုလုပ်ငန်းနဲ့ ရုပ်ကြွင်းလောင်စာ လောင်ကျွမ်းမှု, တောမီးလောင်ကျွမ်းမှုကနေ လေနဲ့လွင့်ပါလာတဲ့ ဖုန်မှုတွေက ပြင်ပလေထုညစ်ညမ်းမှု ဖြစ်ရတာ လို့ ဆိုပါတယ်။ လူအများစုက ကိုဗစ်ရောဂါကာကွယ်ရေး အတွက်ပဲ နှာခေါင်းစည်းတပ်ရမယ် လို့ မှတ်ထင်နေကြပါတယ်။ ဒါပေမဲ့ ညစ်ညမ်းနေတဲ့ လေထုထဲက ကျန်းမာရေးကို ထိခိုက်စေမယ့် အမှုန်အမွှားတွေကို ကာကွယ်ဖို့ အတွက်လည်း နှာခေါင်းစည်း တပ်ဆင်သင့်ပါတယ်။

 

သတိပြုရမယ့် အချက်က လေထုညစ်ညမ်းမှုဟာ သဘာဝအလျောက် ဖြစ်ပေါ်တာထက် လူသားတွေရဲ့ လုပ်ဆောင်ချက် ကနေ ဖြစ်ပေါ်တာက ပိုများတယ် ဆိုတဲ့ အချက်ပါပဲ။ ဥပမာ အားဖြင့် အမှိုက်တွေကို စနစ်တကျ မစွန့်ဘဲ မီးရှို့ပစ်တာမျိုး ပါ။ အမှိုက်မီးရှိုရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့နဲ့ ပြာမှုန်တွေကြောင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်ပါတယ်။

 

လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်ပြီး ဘယ်လိုရောဂါတွေ ဖြစ်စေနိုင်သလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။ လေသင်တုန်း ဖြတ်ခြင်း, အဆုတ်ရောင်ရောဂါ, အဆုတ်ကင်ဆာ, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ, ပန်းနာရင်ကျပ်ရောဂါ, နှလုံးသွေးကြောဆိုင်ရာ ရောဂါ, အရေပြားရောဂါ, လေပြွန်ရောင်ယမ်းနာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်မီးသွေး လောင်ကျွမ်းရာက ဖြစ်ပေါ်လာတဲ့ PM2.5 အမှုန်တွေမှာ ဆာလဖာနိုင်အောက်ဆိုဒ် ပါဝင်မှု များပြား နေပါတယ်။

 

ကျန်းမာရေး အတွက် ဆိုးကျိုး ဖြစ်စေတဲ့ လေထုညစ်ညမ်းမှု လျှော့ချဖို့ လူတိုင်းဟာ ကိုယ်လုပ်ဆောင်နိုင်တာတွေကို မဖြစ်မနေ လုပ်ဆောင်သွားရမှာပါ။ မလိုအပ်ဘဲ ကိုယ်ပိုင်ကား မသုံးခြင်း, သိပ်မဝေးတဲ့ နေရာတွေ သွားတဲ့ အခါ လမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးခြင်း, အမှိုက်တွေကို မီးမရှို့ခြင်း, ခြင်ဆေးခွေနဲ့ အမွှေးတိုင်တွေ လျှော့ချ သုံးစွဲခြင်း, အိမ်တွင်းနဲ့ အခန်းတွင်းမှာ လေဝင်လေထွက်ကောင်းအောင် စီမံခြင်းနဲ့ သစ်ပင်စိုက်ပျိုးခြင်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

 

တစ်ဖက်ကလည်း ကမ္ဘာနဲ့အဝှမ်း ရုပ်ကြွင်းလောင်စာ သုံးစွဲမှုလျှော့ချဖို့ အစီအမံတွေ လုပ်ဆောင်ဖို့နဲ့ ကမ္ဘာကြီးပူနွေးမှု, ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို အလေးအနက် အာရုံထား လုပ်ဆောင်မှသာ လူသားတို့ ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတဲ့ လေထုညစ်ညမ်းမှုကိုပါ တစ်ပါတည်း လျှော့ချရာရောက်မှာ ဖြစ်ပါကြောင်း…။   ။

သွေး (စစ်ကိုင်း)

 

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #လေထုညစ်ညမ်းမှု သတိပြုပါ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW