မုံရွာမှာ မြို့နယ် လဝက ဦးစီးမှူးကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဖမ်းခေါ်သွား

 

မတ် ၊ ၁၄ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ဦးစီးမှူးဖြစ်သူဟာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF. အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေထိုင်တဲ့ မြို့နယ် လဝကမှူး ဦးအောင်မိုးဝင်းဆိုသူကို သူ့ရဲ့နေအိမ်မှာ ဒီမနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေလာပြီး ဖမ်းခေါ်သွားတယ် ၊ အခုထိတော့ အဆက်သွယ် မရသေးဘူး ” လို့ မြို့နယ် လဝက ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြို့နယ် လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူဟာ နေအိမ်မှာရှိနေစဥ် ၊ အမည်မသိ (စုံစမ်းဆဲ) လူငါးယောက်က AD VAN အမျိုးအစား ကားတစီးနဲ့ လဝကမှူး ဦးအောင်မိုးဝင်းရဲ့ အိမ်ကိုရောက်လာတယ် ၊ အဲ့ဒီလူတွေက သေနတ်အရှည်တွေကိုင်ပြီး အိမ်ထဲကိုဝင်လာတယ် ၊ နောက်ပြီး လဝကမှူး ဦးအောင်မိုးဝင်းရဲ့ လက်ကိုင်ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးခေါ်သွားတယ် ၊အချိန်မီ ကယ်ထုတ်နိုင်ဖို့ ပိတ်ဆို့ စစ်ဆေးနေတာတွေ လုပ်နေတယ် ” လို့ ပြောပါတယ်။

” မုံရွာမှာ လဝက ဝန်ထမ်းတွေ အခုလို ဖမ်းဆီးခံရတာ နှစ်ကြိမ်ရှိပြီဖြစ်တယ် ၊ စစ်ကိုင်း တတိုင်းလုံးအနေနဲ့ တန့်ဆည်မြို့နယ်မှာလည်း နေအိမ်ကနေ ရုံးတက်ဖို့ သွားတဲ့ လဝက ဦးစီးမှူး လမ်းမှာ အသတ်ခံရတဲ့ ဖြစ်စဥ် ဖြစ်ဖူးတယ် ၊ နောက်ပြီး မနှစ်က ရွှေဘိုမြို့နယ်မှာ လဝက ဝန်ထမ်း တယောက် PDF ကဖမ်းသွားတာရှိတယ် ၊ အခုထိ သေသလား ၊ ရှင်သလား မသိရတော့ဘူး ” လို့ တိုင်း လဝကရုံးနဲ့ နီးစပ်သူတယောက်က ပြေပါတယ်။

မနေ့ မတ် ၁၃ ရက် နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်အနီးမှာရှိတဲ့ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ဘဏ်မန်နေဂျာ ဒေါ်လှလှသွယ် ဆိုသူကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW