မုံရွာမြို့နားက ကျေးရွာတွေမှာ မီးလောင်မှုတွေဖြစ်လို့ အကူညီတွေလိုအပ်နေ

 

မတ် ၊ ၁၆ ၊ ၂၀၂၄

SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့ရဲ့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတွေမှာရှိတဲ့ ကျေးရွာတချို့ ဒီရက်ပိုင်းအတွင်း မီးလောင်မှုတွေဖြစ်ပြီး ၊ မီးဘေးသင့် ပြည်သူတွေမှာ အရေးပေါ် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ဒေသခံ ပရဟိတသမားတယောက်က ” ပြီးခဲ့တဲ့ မတ် ၂ ရက်က မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တဲကြီးကုန်း ၊ ကံပြားကြီး ၊ ပေကုန်း ၊ ဆုံကုန်း ၊ ပုလ္လင်ကုန်း ၊မင်းတဲ ၊ ခိုးသန်း ၊ ကျီးဗဒုံ စတဲ့ ကျေးရွာတွေဘက်မှာ လူနေအိမ်တွေ မီးလောင်ပျက်စီးတယ် ၊ တနေ့ မတ် ၁၄ ရက်က မုံရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ သက္ကယ်ကျင်း ၊ လယ်ဇင်ရွာတွေဘက်မှာ မီးလောင်တယ် ၊ မနေ့ မတ် ၁၅ ရက်မှာ မုံရွာရဲ့ မြောက်ဘက်ပိုင်း ကျွဲရဲ မြောက်ရွာနဲ့ တောင်ရွာဘက်တွေမှာ မီးထပ်လောင်တယ် ၊ မုံရွာတနယ်လုံးပေါင်းရင် မီးလောင် အိမ်ခြေ ငါးရာကျော်နဲ့ မိသားစု ခုနှစ်ရာကျော် ၊ လူဦးရေ တထောင့်ငါးရာဝန်းကျင်လောက် ဒုက္ခရောက်နေကြတယ် ၊ မီးလောင်ရတဲ့ အကြောင်းအရာကတော့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ နစက နယ်မြေရှင်းလင်းရေး အဖွဲ့တွေကြား ပစ်ခတ်မှုတွေဖြစ်ပြီး ရွာကအိမ်တွေ မီးလောင်တာဖြစ်တယ် ၊ ဘယ်အဖွဲ့က ရှို့တယ်ဆိုတာ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

မီးလောင်မှုတွေကြောင့် ဒေသခံအရပ်သား ဆယ်ယောက်ထက်မနည်း မီးလောင်သေဆုံးရတာတွေရှိပြီး အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးကာ လယ်ယာလုပ်ငန်းခွင် ရိတ်သိမ်းပြီးချိန်ဖြစ်တဲ့အတွက်လည်း ကြက်သွန် ၊ ပဲအမျိုးမျိုးနဲ့ ကွမ်းခြံတချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် မီးဘေးသင့် ပြည်သူတွေမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်းကျောင်းတချို့မှာ ယာယီခိုလှုံနေရတယ်လို့ သိရပါတယ်။

” သုံးနှစ်အတွင်း အိမ်မီးရှို့ခံရတာ ဒါရောဆို နှစ်ကြိမ်ရှိပြီ ၊ အခု လောလောဆယ် ဘုန်းကြီးကျောင်းက ကျွေးထားလို့ စားနေရပေမယ့် အဝတ်အထည်တွေ လိုအပ်တယ် ၊ လိုအပ်တာကတော့ မီးဘေးသင့်တဲ့သူတွေအများစုက စားရေးနဲ့ ဝတ်ရေးအတွက် လိုအပ်နေတယ် ” လို့ သက္ကယ်ကျင်းရွာခံ မီးဘေးသင့် တယောက်က ပြောပါတယ်။

မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” နယ်မြေရှင်းလင်း ( လှုပ်ရှား) အဖွဲ့တွေက ရွာတွေကို ဝင်ရောက်လာတဲ့အခါ PDF တွေက ခြောင်းမြှောင်း ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒီလို ပစ်ခတ်မှုတွေဖြစ်ပွားတဲ့အချိန် လူနေအိမ်တွေကို အကာကွယ်ယူပြီး ပစ်ခတ်တာဖြစ်တယ် ၊ သူတို့ ဆုတ်ခွာပြေးတဲ့အချိန် မီးရှို့ပြီး ပြေးလမ်းကို ဖြတ်တောက်တယ် ၊ သက္ကယ်ကျင်းရွာ ထိတွေ့ပစ်ခတ်စဥ်မှာဆိုရင် လက်လုပ်သေနတ် ၁ လက် ၊ လက်လုပ်ကျည်အိမ် ၃ ခု ၊ ရီမု ၁ ခု ၊ ကား ၂ စီး ၊Monywa Netsoe ဘက်တံဆိပ် ၁၂ ခု ၊ ပြည်သူ့ကာကွယ်ရေး တံဆိပ်ပါဘက်တံဆိပ် ၁၀ ခု ၊ မုံရွာခရိုင်အမှတ်-၂၂ တပ်ရင်းတံဆိပ်ပါ ၁၀ ခု၊ ကြယ်တံဆိပ်ပါ ဘက်တံဆိပ် ၁၀ ခု ၊ ပြောက်ကျားလည်တိုဖိနပ် ၆ ရံ ကင်းပတ်ဖိနပ် ၆ ရံ ၊ ပြောက်ကျားဦးထုပ် ၂ လုံး စတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အခုနှစ် ၊ နှစ်ဆန်းပိုင်းတုန်းက မုံရွာမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ကြာပိုင်ကျေးရွာနဲ့ နဂါးတွင်း မီးလောင်မှုဖြစ်စဥ်တွေမှာဆိုရင် မီးလောင်ထားပြီး ရုပ်အလောင်း ဆယ်လောင်ကျော် ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက တွေ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ စစ်ကိုင်းတိုင်းထဲမှာ ကျေးရွာပေါင်း သုံးရာကျော် မီးရှို့ဖျက်ဆီးခံရပြီး လူနေအိမ်နဲ့အခြား အဆောက်ဦးပေါင်း လေးသောင်းကျော် ပျက်စီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကရင်ပြည်နယ် ၊ ကော့ကရိတ် ၊ ကယားပြည်နယ် ၊ လွိုင်ကော် ၊ မိုးဗြဲ ၊ ရှမ်းပြည်နယ် ၊ ဆီဆိုင် ၊ ချင်းပြည်နယ် ထန်တလန် ၊ စစ်ကိုင်းတိုင်း ကောလင်း ၊ ပင်လည်ဘူး ၊ ထီးချိုင့် ၊ မကွေးတိုင်း ၊ ပေါက် ၊ မြိုင် ၊ ရေစကြို ၊ စတဲ့ မြို့နယ်တွေဘက်မှာ ဆိုးဆိုးရွားရွား မီးဘေးသင့်ခဲ့ရတယ်လို့ သတင်းဌာနတချို့က အစီရင်ခံထားပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW