ဆူးငှက်
တစ်ခါတစ်ရံ စာအုပ်စင်ရှိ ရှုမဝမဂ္ဂဇင်းဟောင်းတွေ၊ မိုးဝေမဂ္ဂဇင်းဟောင်းတွေ ပြန်လှန်ကြည့်မိတိုင်း ‘သုံးရောင်ခြယ်စာပေ’ ဟူသော ‘ဒေါင်းအိုးဝေ စာဟောင်း စာကောင်း’ ဟူသော မင်ရိုက်တံဆိပ်တုံး စာတန်းလေးတွေမြင်တော့ လွမ်းဆွတ်နေမိသေး၏။ တစ်နေ့ ၃ကျပ်မျှသာရသော အမေ့မုန့်ဖိုးလေးက လက်ဖက်ရည်ဆိုင် နှစ်ကြိမ်လောက်ထိုင် တစ်ခါတရံ ဝင်းလိုက်ရုံမှာ စတောလ်က ရုပ်ရှင်ကြည့် အပြီးမှာပင် လစဉ်ထုတ် မဂ္ဂဇင်းတွေ ပုံမှန် ဝယ်ဖြစ်သည်။ ညနေ ဓာတ်မီးထွန်းချိန် ရောက်တာနဲ့ ညဈေးတန်းသို့ လမ်းလျှောက် ထွက်ဖြစ်သည်။ ၂၈လမ်းသစ်သီးဆိုင်က မမကြီးကိုကြည့်၊ ထိုးမုန့်ဆိုင်က ညီအစ်မ တစ်တွေကိုကြည့်၊အောက်လိုင်း တောင်မလွယ်နား ဖိနပ်ဆိုင်က မမလေးကို ကြည့်ပြီး သကာလ နာရီစင် အရှေ့ဘက်ချိုးတက်ကာ အာဇာနည်လမ်းပေါ်က စာအုပ်ဆိုင်တွေ ဆီ ရောက်ဖြစ်တော့သည်။
အင်းဝစာအုပ်တိုက် နှင့် မျက်နှာချင်းဆိုင် အလယ်ကြောမှာက ကိုသန်းဌေး (ယခုဥတ္တရလွင်ပြင်)၏ ‘သုံးရောင်ခြယ်’ စာအုပ်ဆိုင် ရှိသည်။ စာအုပ်သစ်၊ စာအုပ်ဟောင်းတွေကို အပြင်အဆင် အခင်းအကျင်းကောင်းကောင်းနှင့် ဖော်ရွေ ပျူငှာစွာရောင်းချ၏။ တချို့ စာအုပ်ဟောင်းတွေကိုတော့ ကိုထွန်းထွန်း (ယခုရှေ့နေ)၏ ‘ဒေါင်းအိုးဝေ’မှာ ဝယ်ဖြစ်သည်။ သူကလည်းတက္ကသိုလ်မှာ ကျွန်တော့်ထက်တစ်နှစ် စီနီယာဖြစ်သည်။ တစ်မေဂျာတည်း။ ဖော်ရွေသည်။ ပျူငှာသည်။ ညဈေးတန်းစ ာအုပ်ဟောင်းတန်းမှာ သည်နှစ်ဆိုင်ကပဲ စာအုပ်တွေ အဝယ်များသော်လည်း ကျွန်တော် မျက်စိတွေ့သော ၊ ကျွန်တော် ဝယ်လိုသောစာအုပ်တွေ အများအပြားရှိသော စာအုပ်ဆိုင် တစ်ဆိုင်လည်း ရှိပါသေး၏။ ဆိုင်နာမည် ရှိသလား၊ မရှိဘူးလား ကျွန်တော် မသိ။
သို့သော် ထိုစာအုပ်ဆိုင်ရှေ့ ရောက်လျှင် ကတ္တရာလမ်းပေါ် စီဖြန့်ခင်းထားသော စာအုပ်တွေကို ခပ်ကြာကြာလေ ငေးမောကြည့်မိသော်လည်း စာအုပ်ယူကာ လှန်လှော မကြည့်မိ။ ကိုယ်နှစ်သက်သော စာအုပ် တစ်အုပ်တလေကို ဈေးမမေးမိ။ (မကြည့်မိ)(မမေးမိ)ဟူသော အသုံးအနှုန်းထက် မကြည့်ဝံ့၊ မမေးဝံ့ဟုဘဲ သုံးနှုန်းတာက ပိုမို လျော်ကန်ပါလိမ့်မည်။ အဘယ့်ကြောင့်ဟူမူစာအုပ်ဆိုင်ပိုင်ရှင်က လွယ်အိတ်ကို စလွယ်သိုင်း၊ ပုဆိုးတိုတို ဝတ်ကာ အရုပ်ဆိုးဆိုး၊ မျက်နှာထား တင်းတင်း ဖြစ်သည့်အပြင်နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး ထူလပျစ်နှင့် ဘယ်သူ့မှ လူမထင်သည့် ပုံမို့ သူရောင်းမည့် ပစ္စည်းကိုပင် ကိုင်မကြည့်ဝံ့ခဲ့ခြင်းဖြစ်၏။အသက် ၁၇နှစ်၊ ၁၈နှစ်အရွယ် ဖြူဖြူပျော့ပျော့၊ ဆံပင်သွဲ့သွဲ့ ရှည်ရှည်၊ အကွက်စိပ် ပလေကပ် ဒိုဘီကျ၊ အရောင်နု လေယာဉ်မောင် အင်္ကျီလက်တို၊ ဘယ်ဘက်လက်မှာ ဝဝ၉တစ်တိုနီ နာရီ၊ ရွှေဆွဲကြိုးမျှင်မျှင်၊ အီတလီ ကော်ကိုင်းမျက်မှန်နှင့် ကျွန်တော်လိုချာတိတ် တစ်ယောက်ကလည်း သူ့စာအုပ်များနှင့် လားလားမှ မထိုက်ဟူသော အကြည့်စိမ်းနှင့်လည်း အမြဲကြိုဆိုနေကျမို့ ကျွန်တော့် စာအုပ်စင်မှာ သူ့ဆိုင်က စာအုပ်တွေ မရှိခဲ့ခြင်းလည်း ဖြစ်ပါ၏။
၈၃လမ်း ဆရာဝင်းစည်သူ၏ မြန်မာစာသင်တန်းစာသင်ခန်းမှာ စာရေးဆရာကြီး တစ်ယောက်၏ မဂ္ဂဇင်း မိတ်ဆက်ပွဲ၌ သူ့ကို နီးနီးကပ်ကပ် စတွေ့သည်။ ထိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး ထူလပျစ်နှင့် ပုဂ္ဂိုလ်က ကဗျာဆရာတဲ့။ ကလောင်နာမည်ကို ကြားလိုက်တော့မှ ကျွန်တော် အံ့အားသင့်သွားသည်။ အိုး…… ကိုငြိမ်း(မန္တလေး) တဲ့လား။
အတော်မျက်နှာပေါက်ဆိုးတဲ့လူ။
ရွှေဝတ်ရည်မဂ္ဂဇင်းသို့ ကျွန်တော် ရောက်သွားတော့ ကဗျာတာဝန်ခံက မောင်သင်းပန်နှင့် ကိုငြိမ်း(မန္တလေး) ဖြစ်သည်။တိုက်မှာ အမြဲရှိနေတာကတော့ ကိုငြိမ်း(မန္တလေး)ပဲ ဖြစ်၏။ ညနေစောင်း အရှေ့၄၅တာက ဖျာပုံ မုန့်ဟင်းခါး စားရာမှာရော၊ လစဉ် မဂ္ဂဇင်း ဖောင်ပိတ်ပွဲမှာရော အတူ ဆင်နွှဲနေကျ ဖြစ်သည်။ အဲသလို ရင်းရင်းနှီးနှီး ပေါင်းသင်း လိုက်ရတော့ လက်ဦးအစ ကိုငြိမ်း(မန္တလေး)အပေါ် ကျွန်တော့် အထင်အမြင် အားလုံး ပါစင်အောင် လွဲသွားပြီ။ အင်မတန် သဘောကောင်းသူ၊ ပျော်တတ်သူ၊သူ့စံချိန်ရောက်လျှင် သူ့စကားလုံးတွေ ဖောခြင်းသောခြင်း အမျှင်မပြတ် သွန်ချ တတ်သူ။ တကယ်တော့ သူနှင့်ကျွန်တော်အနှစ်၃ဝနီးပါးအသက်ကွာခြားက သူက ကျွန်တော့ဦးလေး အရွယ် ဖြစ်ငြား ကျွန်တော့်ကို ညီငယ်တစ်ယောက်လို ပွေ့ပိုက်ခဲ့သူ။
မန္တလေးမြို့၏ ဟိုး အရှေ့ အောင်ပင်လယ် ရိုးပြတ်တောတွေဆီ ရုတ်ခြည်း ရောက်သွားသော်လည်း မညည်းမတွားဘဲသူ့’လရောင်ပင်လယ်’ ကို ညွှန်းဆို လွန်းတာကြောင့် တစ်မနက် စိုးဝင်းငြိမ်းနှင့် ကျွန်တော် စက်ဘီးကိုယ်စီဖြင့် သူ့ဆီ ရောက်သွားသည်။ ဒူးဆစ် ပေါင်လယ် ချောင်းငယ်ကို စက်ဘီးနှင့် ခက်ခက်ခဲခဲ ဖြတ်အပြီး ကွင်းပြင်ကြီးထဲက ဆောက်လက်စ သူ့အိမ်ဆီရောက်ကြ၏။ မနေ့ကတည်းက ချိန်းဆိုထားသောကြောင့် သူ့အမျိုးသမီးက ထမင်းတွေ ချက်ထားသည်။ ဆီတွေပြန်၊ မဆလာ၊ကရဝေး၊ သစ်ကြံပိုးခေါက်တွေနှင့် အမဲနှပ်ဟင်း၊ မန်ကျည်းရွက် ချဉ်ရည်ဟင်း၊ ပဲအိုးကပ်၊ ငါးခြောက်နှင့် ငရုတ်သီးကြော်၊လက်ဖက်သုပ်၊ ကြက်ဥကြော်။ ဟင်းတွေကဖြင့် တကယ့် အလျှံပယ်။
ကျွန်တော်တို့က ရောက်ရောက်ချင်း မကြာခင်မှာပဲ ကိုငြိမ်း အစီအစဉ်ဖြင့် မလှမ်းမကမ်းရှိ ‘တဘက်ကျ’ ဘုရားဝင်းအတွင်း အာရုံခံဇရပ်လေးထဲ သွားနှင့်ကြသည်။ စာအကြောင်း ပေအကြောင်း၊ ဝတ္ထုအကြောင်း၊ ကဗျာ အကြောင်းတွေ ပြောကြ။ ခပ်လှမ်းလှမ်း အောင်ပင်လယ် ကန်ပေါင်ရိုး ပြင်ဦးလွင် ကားလမ်းပေါ်က တဝေါဝေါ ဆင်းလာသည့် ၁ဝဘီးကားကြီးတွေမျှော်ကြည့်ကြ။ ခဏနေမှ သူ့ဇနီးက ထမင်းချိုင့်၊အိုးခွက်ပန်းကန်အစုံအလင်နှင့် ရောက်လာခြင်းဖြစ်သည်။
လေးဦးသားစားကြသောက်ကြရင်း စကားစမြည်ပြောဖြစ်ကြတော့ သူ့ဇနီးက ကျွန်တော့်ကို အံ့အားတသင့်ဖြစ်ကာ အားရဝမ်းသာ အမူအရာဖြင့် ‘ဟယ် နင်က မညွန့်မေတို့၊ မတင်လှတို့ အမျိုးပေါ့။ ဘယ်သူ…..ဘယ်သူ မခင်ရီ၊ မခင်လှရဲ့ မောင်အရင်း။အမလေး လေး နင်တို့ ဝင်းထဲ ငါလာတုန်းက နင်က တကယ့် ကလေးလေး၊ အခုနင်က စာရေးဆရာ ဆူးငှက်တဲ့လား’။ သည်တော့မှ ကိုငြိမ်းဇနီးက ဓာတ်နန်းရပ်သူ မမြမူဆိုတာ သိလိုက်ရသည်။ မမြမူကို ကျွန်တော်က မမူဟု သိသည်။ ခေါ်သည်။ အစ်မတွေနှင့် စက်ပန်းထိုးဖက်။
အခုလို ဝါဆိုလရောက်၍ လပြည့်ကျော် ၁ရက် ဝါဆိုပန်းကပ်ပွဲ၌ တောင်သမန် ကျောင်းတိုက်ထဲက ‘သဖန်း’ကျောင်းမှာကျွန်တော့် ဦးလေး အစ်ကိုများက တီးဝိုင်းဖြင့် ဧည့်ခံ၊ ဓာတ်နန်းရပ်သူ မမြမူတို့က လာပြီး ကကြ။ မမြမူ တို့နှင့်အတူ ဓာတ်နန်းက မာမီအောင်(မတင်အောင်)တို့လည်း ပါလာကြသည်။ သည်ကတည်းက ကိုငြိမ်းကို ကျွန်တော် နိုင်သွားပါပြီ။ သူ့ကို ဘာမှ မကြောက်တော့။ ထိုစဉ်ကာလများက အောင်ပင်လယ်ရှိ ‘လရောင်ပင်လယ်’ အိမ်ကလေးသို့ ကိုငြိမ်းတစ်ယောက်ညဉ့်နက်သန်းခေါင်မှ ပြန်ရောက်သော ကိစ္စများ၏ နောက်ကွယ်က အပ်ကျမပ်ကျသိထားသဖြင့် ‘မမမူ’အား အသိပေးလေမလားဆိုပြီး ကျွန်တော့်ကို အလိုလိုက် ချော့မော့ ထားသမျှ ကျွန်တော်က အနိုင်ယူခဲ့သည်။
ကိုငြိမ်းတစ်ယောက် ပန်းပု ကိုစိန်ဝင်း(စံဖေ)နှင့် ပတ်သက်၍ ဝတ္ထုဇာတ်လမ်းတွေ အများကြီး ရနေချိန်။ သူအမြဲ ထိုင်နေကျ ပိုက်ကျုံးက’ရွှေကျား’ ကဖေးဆီ ကျွန်တော် မနက်လင်းတိုင်း ရောက်သွားတော့ လက်ဖက်ရည်၊ မုန့်နှင့် အမြဲဆီးကြိုကာနှုတ်ချို ပျူငှာနေကျ ဖြစ်သည်။ ထိုဆိုင်က ကိုမြင့်ဆွေသည် ကျွန်တော့်သူငယ်ချင်း ဆိုတာ သူမသိ။ သူ့ခြေလှမ်းတွေမှန်သမျှကျွန်တော် နေ့မဆိုင်း သိနေပြီ။ ကျားရှေ့ မှောက်လျက်လဲသည့် ကိန်း။ ဟဲ…..ဟဲ ။ကိုငြိမ်း…..ကိုငြိမ်း…..ဘာတတ်နိုင်သေးလဲ။သို့သော် သူ့အိမ်သို့မူ အလည်မခေါ်တော့။ တောင်သမန်က တချို့ ပွဲလမ်းတွေမှာ ‘မမမူ’က ကျွန်တော့်နား ကပ်လာလျှင်လည်းသူက အနားက မခွာရဲ။ ကျွန်တော့်ကို မျက်နှာငယ်လေးဖြင့် ကြည့်လို့။ အဲသလို….။
ဤသို့ဖြင့်လွန်ခဲ့သော မမြမူဆုံးသည်။ ဆုံးပြီးနောက် နောက် ကိုငြိမ်းက ကျွန်တော်နှင့်တွေ့လျှင် ‘မောင်ရင့်ကို ကိုယ့်အမျိုးသမီးက ဆီသည်ချောင်က ကောင်ကလေးလို့ပဲ ခေါ်တယ်’ ဟု ခပ်တင်းတင်း ပြောသည်။ ပြီးတော့ နှုတ်ခမ်းမွေးတွေကြားသူ့နှုတ်ခမ်း ထူထူကြီးကို စေ့ကာ သွားကြားထိုးရင်း မျက်လုံးကို မှေးစင်းကာ ခပ်စောင်းစောင်း ကြည့်ပြီး မရယ်မပြုံးမျက်နှာထားဖြင့် ‘မောင်ရင် ကိုယ့်ကို ဖောင်းနည်းနည်းလုပ်ထားတာရှိတယ်။ဒါပေမယ့် အခုတော့ မပြောသေးဘူး။ ဟဲ…ဟဲ’ဟုခြိမ်းခြောက် နေပါပြီ။ ‘မမမူ’ အသေစောတာ နာသည်။ နို့မို့ဖြင့် ဒီလူကြီး…..။
အခု အဲ့ဒီ လူကြီးလည်း မရှိတော့။ အိုကံကောင်းပါမှ လွန်ခဲ့သည့် ၅နှစ် (၂၀၁၉ မတ်လ ၂၆ရက်) က ဆုံးပါးသွားခဲ့ပြီ။မန္တလေးက စာရေးဆရာ ကဗျာဆရာတွေ အသက်တိုကြသည့်အထဲ သူလည်းပါတာပေါ့။ ၇၅နှစ်ဆိုတာ ကြီးတယ်လို့ မဆိုသာ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ကိုငြိမ်း(မန္တလေး)နှင့်ဆီသည်ချောင်ကကောင်ကလေး