ချင်းပြည်နယ်တောင်ပိုင်းမှာ လေဘေးဒဏ်ကြောင့် လူနေအိမ် တထောင်ကျော်ပျက်စီးပြီး အရေးပေါ်အကူညီတွေလိုအပ်နေ

မတ် ၊ ၂၈ ၊ ၂၀၂၄
SP (VOM)
ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေ ၆ နာရီကျော်က တိုက်ခတ်သွားတဲ့ လေပြင်းဒဏ်ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပလက်မြို့နယ်တွေမှာ လူနေအဆောက်ဦး တထောင်ကျော်ပျက်စီးခဲ့ရပါတယ်။
အဲ့ဒီ ပျက်စီးမှုတွေကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော်ဟာ အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ပရဟိတသမားတယောက်က
” မတ် ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ၂ ရက်ဆက်တိုက် ၊ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် မင်းတပ်မြို့နဲ့ မင်းတပ်နယ်မှာဆိုရင် လူနေအဆောက်ဦး ၅၀၃ လုံးပျက်စီးတယ် ၊ နောက်ပြီး ယာယီတိုက်ပွဲရှောင်နေရတဲ့ ကျေးရွာပေါင်း ၇၀ ကျော်က စုပေါင်း တိုက်ပွဲရှောင် စခန်းတွေလည်း ထိခိုက်ပျက်စီးတယ် ၊ နောက်ပြီး ကန်ပက်လက်နယ်ဘက်က ပျက်စီးစာရင်းတွေအရ နေအိမ်တစိတ်တပိုင်းပျက်စီးမှု နဲ့ အားလုံးပျက်စီးမှု (၅၇၃) အိမ်၊ ဆေးခန်းအဆောက်အအုံ (၃) လုံး၊ ဘာသာရေးအဆောက်အအုံ(၂၅) လုံး ၊စာသင်ကျောင်း(၂၂)ဆောင်၊ ဆရာနေအိမ် (၃၉)လုံး ၊ ခန်းမဆောင်(၂) ဆောင်အပါအဝင် ဉယျာဉ်ခြံတဲများ (၁၁၄) လုံး စုစုပေါင်း (၇၇၈) အိမ်ထိခိုက်ပျက်စီးတယ် ” လို့ပြောပါတယ်။
အဲ့ဒီ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေဟာ အဆောက်အဦး တခုလုံးပြိုလဲသွားတာတွေပါဝင်သလို အမိုးအကာတွေပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
” အခု လောလောဆယ် အခက်တွေ့နေတာက မိုးကာစတွေလိုတယ် ၊ ဆေးဝါးနဲ့ အစားသောက်တွေလိုတယ် ၊ နောက်ပြီး ပျက်စီးသွားတဲ့ လူနေအဆောက်ဦးတွေ ပြန်လည်ပြုပြင်ဖို့ အိမ်ဆောက်ပစ္စည်းတွေလိုအပ်တယ် ၊ ချင်းတောင်ဒေသမှာက မြေပြန့်ဒေသတွေလို မဟုတ်ဘူး ၊ ရာသီဥတုက အအေးပိုပြီး ဖောက်ပြန်တတ်တာကြောင့် နောက်ထပ် မိုးလေမကျမီ လေဘေးဒဏ်ခံရတဲ့ ပြည်သူတွေ အချိန်မီ အမိုးအကာအောက် ရောက်ဖို့လိုတယ် ” လို့ မင်းတပ်ဒေသခံတယောက်က ပြောပါတယ်။
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ မေလက ဖြစ်ပွားခဲ့တဲ့ မိုခါမုန်းတိုင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးရတဲ့ လူနေ အဆောက်ဦးတချို့ အခုထိ ပြန်လည်ပြုပြင်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းမှာက မင်းတပ် ၊ ကန်ပက်လက် ၊ မတူပီ ၊ ပလက်ဝ စတဲ့နယ်မြေတွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး မကွေးတိုင်းဘက်ကနေ ချင်းတောင်ကိုဆက်သွယ်ထားတဲ့ ကားလမ်းတွေ ပိတ်ခံထားရတာကြောင့် ချင်းပြည်နယ် တောင်ပိုင်းမှာ သွပ် သံ ၊ ဘိလပ် စတဲ့ အိမ်ဆောက်ပစ္စည်းတွေ ဝင်ရောက်မလာတာကြာပြီလို့ သိရပါတယ်။
ဓာတ်ပုံ ၊ မင်းတပ်နယ် လေဘေးဒဏ်ကြောင့် ပျက်စီးမှုမြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW