လွယ်ဂျယ်မြို့မှာ နစကတပ် ရှိနေသေးပေမယ့် မြို့တွင်းက ဌာနဆိုင်ရာရုံးတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ချိပ်ပိတ်

ဧပြီ ၆၊ ၂၀၂၄
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ လွယ်ဂျယ်မြို့မှာ စစ်တပ်ရှိနေသေးပေမယ့် မြို့တွင်းက ဌာနဆိုင်ရာရုံးတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့က ချိပ်ပိတ် လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မြို့ထဲက ဌာနဆိုင်ရာ ရုံးတွေနဲ့ အရေးကြီးတဲ့နေရာတွေကို ချိပ်ပိတ်လိုက်ပြီ။ တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်တပ်မှာလည်း စစ်သားတွေရှိတယ်။ အရပ်ဝတ်နဲ့ပဲ။ ရဲရော သွားပေါင်းတယ်ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဌာနဆိုင်ရာ ဝန်ထမ်းတွေ အများစုကတော့ မံစီတောင်ပေါ်လမ်းကနေ ထွက်သွားကြပြီး လမ်းမှာတော့ စစ်ဆေး ဖမ်းဆီး တာတွေတော့ မလုပ်ဘူးလို့ သိရတယ်လို့ ဆိုပါတယ်။
“နှစ်ဖက်စလုံးတော့ အပစ်အခတ် မရှိဘူး။ အခုက စစ်တပ်ပဲ ရှိတော့တာ။ လက်နက်လည်း မချဘူး။ ပစ်လည်း မပစ်ဘူး။ မြို့ထဲက ဝန်ထမ်းတွေတော့ ထွက်သွားကုန်ပြီ။ မြို့ထဲနေရာအနှံ့ KIA ပူးပေါင်းအဖွဲ့တွေ ပြည့်နေပြီ။ ဒါပေမယ့် မပစ်ဘူး။ KIA ဘက်ကတော့ အုပ်ချုပ်ရေး လည်ပတ်တာတော့ မရှိသေးပါဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစ လွယ်ဂျယ်မြို့ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ဝိုင်းရံ ပိတ်ဆို့ထားပေမယ့် စစ်တပ်နဲ့ ဌာနဆိုင်ကာဘက်က မပစ်ခတ်ဖို့နဲ့ ကိုယ့်ဘာသာ ထွက်ခွာသွားမှာ ဖြစ်ကြောင်း ဝောာင်းဆိုထားတာကြောင့် ထွက်ခွာသွားသူတွေကိုလည်း လမ်းတလျှောက်စစ်ဆေးဖမ်းဆီး တာတွေ မလုပ်တဲ့ အပြင် မည်သူ တဦးတစ်ယောက်ရဲ့ အသက်ကို ထိပါးခြင်း မရှိဘူးလို့ ကြားတယ်လို့သူက ပြောပါတယ်။
လွယ်ဂျယ်မြို့က ပြီးခဲ့တဲ့ ရက်ပိုင်းတွေ တိုက်ပွဲ ပြင်းထန်လာမှာ စိုးရိမ်လို့ တိုက်ပွဲ ရှောင်ကြသူတွေလည်း အားလုံး နီးပါး ပြန်လာနေကြပြီလို့ဆိုပါတယ်။
လွယ်ဂျယ် – မိုးမောက် လမ်းမှာတော့ ပြီးခဲ့တဲ့ မတါလ ၂၇ ရက်နေ့ကစ စစ်တပ်နဲ့ KIA ပူးပေါင်း အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် နယ်စပ် ကုန်သွယ်ရေးလည်း ရပ်ဆိုင်းသွားကာ ကုန်တင်ကား တချို့က မံစီဘက် တောင်ပေါ်လမ်းကနေ ထွက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo Crd# KIA ရှေ့တန်းသတင်းရင်းမြစ်

Related posts

Leave a Comment

VOM News

FREE
VIEW