ဓားပြမှုတွေ များလာသလို ၊ ဓားပြသတ်လို့ သေဆုံး ၊ ဒဏ်ရာရသူတွေလည်း များလာ

ဧပြီ ၊ ၉ ၊ ၂၀၂၄
SP ( VOM)

ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေးဖြစ်စဥ်တွေ ပြောင်းလဲပေါ်ပေါက်ပြီး နောက်ပိုင်း ဓားပြတိုက်လုယက်မှုဖြစ်စဥ်တွေ အဖြစ်များလာသလို ၊ ဓားပြပစ်ခတ်လို့ သေဆုံးသူတွေလည်း များပြားလာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

​ဧပြီ ၈ ရက် ၊ ညနေပိုင်း ၂ နာရီခွဲ အချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့ ၊ရပ်ကွက် (၈) မှာရှိတဲ့ ဧဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ၊ ဓားပြပစ်ခတ်မှုကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဧဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရတယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာတယ် ၊ အဲ့ဒီ ဓားပြတွေက သေနတ်ကိုယ်စီပါလာတယ် ၊ ရွှေဆိုင်ရောက်တော့ ရွှေဆိုင်ကို အရင်စပစ်တယ် ၊ အဲ့ဒါကြောင့် ရွှေဆိုင်ပိုင်ရှင်ရဲ့ ဘယ်ဘက်ခြေတောက် ထိမှန် ဒဏ်ရာရတယ် ၊ အဲ့ဒီအပြင် ရွှေဆိုင်နားကိုလည်း ပစ်တယ် ၊ ရွှေဆိုင်နားမှာရှိတဲ့ မအီးမွန် ၂၉ နှစ်ဆိုသူက ဦးခေါင်း ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ် ဓားပြတိုက် လုယက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မိုင်းယောင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၀ ရက် ၊ ညဦးပိုင်းက ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် ၊ အမှတ် ၁ ရပ်ကွက် ၊ သုမိတ္တာ ၂၂ လမ်း ၊ အမှတ် ၈၆၇ အိမ်ရှေ့နေရာမှာ စျေးသိမ်းပြန်လာတဲ့ ခန့်မြတ်ချယ် ရွှေဆိုင်ပိုင်ရှင် မအေးသဇင်နွယ် ဆိုသူကို လုယက်ဓားပြတိုက်ခံရပြီး ၊ ဓားပြက ပစ်ခတ်တာကြောင့် မအေးသဇင်နွယ်ရဲ့ လက်မောင်းနဲ့ ခြေတောက်ဒူးခေါင်း နေရာတွေ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၃ အောက်တိုဘာ ၈ ရက် ၊ ည ၇ နာရီဝန်းကျင်ကရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင် ညစျေးမှာရှိတဲ့ ဇဗ္ဗူရဇ် ရွှေဆိုင် ဦးမင်းဇော်ဦး ဆိုသူဟာ ၊ ဆိုင်သိမ်းပြီး နေအိမ်ပြန်လာတဲ့အခါ လမ်းမှာ လူတစုက ရွှေဆိုင်ပိုင်ရှင်ကို ဝိုင်းဝန်း ရိုက်နှက်ပြီး ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲ့ဒီနောက် ရွှေဆိုင်ပိုင်ရှင် ရဲ့ရုပ်အလောင်းကို ပြီးခဲ့တဲ့ နောက်တနေ့ ၊ အောက် တိုဘာ ၉ ရက်နေ့မှာတော့ အမြန်လမ်းပေါ်မှာ ပြန်တွေ့ ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၈ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မန္တလေးတိုင်း၊ မြင်းခြံမြို၊ အမှတ် ၇ ရပ်ကွက်၊စည်ပင်သာယာစျေးကြီးမြောက်ဘက်ရှိ “နီနီလွင်”ရွှေဆိုင်ကို သေနတ်သမား ၄ ဦးက ဓားပြတိုက်ဖို့ ၊ လာရောက်ရာ ဆိုင်ရှင်က တံခါး ဖွင့်မပေးတာကြောင့် ဓားပြက ၊တံခါးကြားထဲကနေ သေနတ်နဲ့ ပစ်ခတ်လို့ ရွှေဆိုင်ပိုင်ရှင် ဦးဇော်နိုင်ထွန်း ဆိုသူ ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၂ဝ ရက် ၊ ည ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ “ချမ်းမြေ့သုခ” ကုန်စုံဆိုင်ဓားပြတိုက်ခံရပြီး ၊ ဓားပြက ဆိုင်ရှင်မယား နှစ်ယောက်စလုံးကို တိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ပိုင်ရှင် အမျိုးသား သေဆုံးကာ သူ့မိန်းမ ဒဏ်ရာရတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ မေ ၂၆ ရက် ၊ မနက်အစောပိုင်းက မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာမှာနေထိုင်တဲ့ အိမ်ရှင် ဦးညိုမြင့် သူ့မိန်းမ မသီတာမိုး တို့ရဲ့နေအိမ် ဓားပြတိုက်ခံရပြီး ၊ ဓားပြရဲ့ သတ်ဖြတ်မှုကြောင့် အိမ်ရှင်လင်မယား နှစ်ယောက်စလုံး သေဆုံးရပါသေးတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲစဥ်မှုတွေ ဖြစ်ပေါ်ပြီး နောက်ပိုင်း နိုင်ငံတဝှမ်း ဓားပြမှု ၊ လုယက်မှုဖြစ်စဥ် သုံးရာကျော်ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီထဲက ဓားပြတိုက်ခိုက်လို့ သေဆုံးရသူ လူပေါင်း ငါးဆယ်ကျော်နဲ့ ဒဏ်ရာရသူ ခုနှစ်ဆယ် နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဓားပြလုယက်မှုဖြစ်စဥ်တွေ အဓိက ဖြစ်ပွားရာ နေရာဒေသတွေကတော့ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်ဘက်တွေမှာ အဖြစ်များပြီး ၊ ရွှေဆိုင် ၊ ပန်းတိမ်လုပ်ငန်း ၊ ငွေလွှဲလုပ်ငန်းနဲ့ ဘဏ်တွေ ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ မနေ့က မိုင်းယောင်းမြို့ ရွှေဆိုင်ဓားပြတိုက်မှုမြင်ကွင်း (ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW