ပင်လယ်နီမှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှု သမိုင်းတလျှောက် အဆိုးရွားဆုံး ရေနံယိုဖိတ်မှု ဖြစ်လာနိုင်

ဝါရှင်တန်၊ ဩဂုတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)
ပင်လယ်နီတွင် ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ခဲ့တဲ့ ရေနံတင်သင်္ဘောဟာ လက်ရှိချိန်ထိ မီးလောင်နေဆဲဖြစ်ပြီး သမိုင်းတလျှောက် အဆိုးရွားဆုံး ရေနံယိုစိမ့်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဂရိပိုင်သင်္ဘော အမ်ဗီဆိုယူနီယံကို ပြန်လည်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ ဟူသီသူပုန်တွေက နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အစီအစဉ်တွေ ပျက်ပြားနေရတယ်လို့ ဆိုပါတယ်။
ဆိုနီယံသင်္ဘောပေါ်မှာ ရေနံစိမ်းတန်ချိန် တသိန်းငါးသောင်း သို့မဟုတ် စည်ပေါင်းတသန်းကျော်ကို တင်ဆောင်ထားပြီး ရေနံယိုဖိတ်မှုဟာ သမိုင်းတလျှောက်မှာ အကြီးမားဆုံးရေနံယိုဖိတ်မှုဖြစ်နိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။
ဆိုနီယံရေနံတင်သင်္ဘောတိုက်ခိုက်ခံရမှုအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီး ဒါဟာ အလက်စကာ ကမ်းရိုးတန်းမှာ ရေနံစည်ပေါင်း နှစ်သိန်းငါးသောင်းကျော် ယိုဖိတ်ခဲ့တဲ့ ၁၉၈၉ ခုနှစ် Exxon Valdez ရေနံယိုဖိတ်မှုထက် လေးဆ ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သင်္ဘောကိုဒုံးကျည်သုံးစင်း ထိမှန်ပြီးနောက် အင်ဂျင်ရပ်သွားကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ သင်္ဘောသား ၂၅ ယောက်ကိုတော့ ဥရောပစစ်သင်္ဘောတစင်းက ကယ်တင်ကာ ဂျီဘူတီကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီသင်္ဘောကို ဟူသီသူပုန်တွေက ထပ်မံတိုက်ခိုက်ခဲ့ပြီး မီးရှို့ခဲ့တဲ့ ရုပ်သံကို ဟူသီတို့က ထုတ်ပြန်ခဲ့ပါတယ်။ ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ဟူသီသူပု်နအဖွဲ့ဟာ ပင်လယ်နီဒေသမှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြီးခဲ့တဲ့ ၁၀ လကစပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
Ref:BBC
Photo:AFP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW