EAO တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်မယ့်အဖွဲ့ မရှိသေး



သြဂုတ် ၂၈- ၂၀၂၄
KG( VOM)

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ EAO တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူးလို့ နေပြည်တော်မှာပြုလုပ်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ နစကရဲ့ NSPNC ၊ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို နှစ်ရက်တာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်းက ဆွေးနွေးရလဒ်နဲ့ပတ်သက်ပြီး VOM ကို အခုလိုပြောပြခဲ့ပါတယ်။

“အစိုးရရဲ့ ဦးတည်ချက်ကတော့ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်။ သတ်မှတ်ထားတဲ့ကာလမှာ လုပ်ချင်တယ်ဆိုတာမျိုးကိုဆွေးနွေးတာရှိတယ်။ ရှင်းပြတာရှိတယ်။ ထို့အတူနိုင်ငံရေးပါတီတွေကလည်းအားတက်သရောတော့ရှိတယ်။ဒါပေမယ့် EAO တွေကျတော့လည်းရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူး။ရွေးကောက်ပွဲကတော့ နိုင်ငံရေးပါတီနဲ့အများကြီးဆိုင်တာပေါ့။ဒါပေမယ့် တိုင်းပြည်တပြည်မှာဒီမိုကရေစီစနစ်ကိုသွားမယ်လို့ဆိုလို့ရှိရင် ရွေးကောက်ပွဲဟာလိုအပ်တယ်။အဲဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲအမှန်တကယ်ဖြစ်ဖို့လိုတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အခုပြုလုပ်ခဲ့တဲ့ NSPNC၊ နိုင်ငံရေးပါတီများနဲ့ EAO အဖွဲ့များ သုံးပွင့်ဆိုင်တွေ့ဆုံပြီး တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ EAO တွေကိုရှင်းပြတာရှိတယ်။ဘယ်လိုရှင်းပြလဲဆိုတာတော့မပြောချင်ဘူး။ရှင်းပြတာတွေကတော့ရှိတယ်။ဒါပေမဲ့အစည်းအဝေးတစ်ခုဆိုတာကရွေးကောက်ပွဲတစ်ခုထဲအတွက်ဆွေးနွေးတာမဟုတ်တအခြားကိစ္စရပ်တွေအတွက်လည်းဆွေးနွေးတာရှိတာပေါ့။အခြားကိစ္စတွေဆိုတာက တိုင်းပြည်အေးချမ်းသာယာဖို့အတွက် အခုကနိုင်ငံရေးဘောင်နဲ့စစ်ဘောင်က တအားကျယ်လာတယ်။စစ်ဘောင်ကျယ်လာခြင်းအားဖြင့် ပြည်သူတွေတအားဒုက္ခရောက်တယ်။ပြဿနာကလူကိုနိုင်သွားတယ်။လူကိုနိုင်သွားတဲ့အတွက်ပြည်သူတွေဒုက္ခရောက်တယ်။အဲ့ဒါဆိုလို့ရှိရင်နေရာဒေသအသီးသီးမှာသွေးချောင်းစီးနေတဲ့ပြဿနာတွေနေ့တိုင်းသေကြေပျက်စီးနေတဲ့ကိစ္စတွေကိုလည်း သူ့အမြင်၊ကိုယ့်အမြင်ဆွေးနွေးကြပါတယ်။သူ့အမြင်၊ကိုယ့်အမြင်ကိုတင်ပြကြတယ်၊EAO တွေရဲ့အခန်းကဏ္ဍကလည်းအင်မတန်မှအရေးကြီးတယ်”လို့ ဒေါ်စောမြရာဇာလင်းက ထပ်လောင်း ပြောပြပါတယ်။

ဒါအပြင် နစကရဲ့ NSPNC နဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံမှုဟာရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေ သုံးသပ်ပြောဆိုနေကြပါတယ်။

“ကျွန်တော်တို့သိသလောက်ကပေါ့။ဒီအခြေအနေကတော့ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိသူတို့ကနိုင်ငံရေးထွက်ပေါက်တခုအနေနဲ့စဥ်းစားရင် ရွေးကောက်ပွဲတွေဘာတွေကိုစဥ်းစားရမှာပေါ့။ ဒါကတချက်ပေါ့။ အဲလိုစဥ်းစားတဲ့အခါမှာရွေးကောက်ပွဲကိုလုပ်တဲ့နေရာမှာအဆင်ပြေမလား၊ဘယ်လိုဖြစ်မလဲပေါ့လေ။ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လိုသဘောထားရှိမလဲဆိုတာ စကားပြောကြတယ်ထင်ပါတယ်။အဲ့ဒီတော့ဘယ်လိုပြောရမလဲဆိုရင်တဖက်ကရွေးကောက်ပွဲနဲ့ပတ်သက်ရင်လုပ်တော့မယ်ဆိုတဲ့သူမှာတော့ကြိုတင်ပြင်ဆင်မှုတော့ရှိသွားပြီထင်ပါတယ်။အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ EAO တွေကို ခေါ် ပြီးတွေ့တယ်ထင်ပါတယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က သူရဲ့အမြင်ကိုပြောပါတယ်။

နှစ်ရက်တာကျင်းပခဲ့တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNCနဲ့ နိုင်ငံရေးပါတီတွေ အပါအဝင် တိုင်းရင်း သားလက်နက်ကိုင်အစုအဖွဲ့တွေနဲ့ သုံးပွင့်ဆိုင်တွေ့ဆုံမှုဟာ ကောင်းသောရလဒ်တွေဖြစ်လာဖို့ မျှော်လင့်ရတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW