ရှမ်းတောင်ရောက် ကယားစစ်ရှောင်တွေ မတ်လကုန်မှာ နေရပ်ပြန်ဖို့ ညွှန်ကြားလာ

ဖေဖော်ဝါရီ ၂၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ လာရောက်ခိုလှုံနေကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို လာမယ့်မတ်လကုန်မှာ နေရပ်ကို အပြီးပြန်ခိုင်းထားတဲ့အတွက် အခက်ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေထံကနေ သိရပါတယ်။
တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့မြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်တွေကို မတ်လမကုန်ခင်မှာ နေရပ်ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေး ပြောဆိုလာတာဖြစ်တယ်လို့ သိရပါတယ်။
“လွိုင်ကော်မှာ အခြေအနေက တည်ငြိမ်နေပြီဖြစ်တဲ့အတွက် ပုံမှန်အတိုင်း ကိုယ့်နေရပ်မှာ ပြန်နေကြဖို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားလာတာပါ။ မတ်လ မကုန်ခင်မှာ အပြီးပြန်ရမယ်ပေါ့။ မတ်လကုန်ရင်တော့ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းတော့မယ်လို့လည်း ပြောလာပါတယ်”လို့ စစ်ဘေးရှောင်အရေးကူညီသူတယောက်က VOMကို ပြောပါတယ်။
လက်ရှိအချိန်မှာ ကယားစစ်ဘေးရှောင်တွေအနေနဲ့ စားသောက်နေထိုင်ရေးအတွက် အခက်ကြုံတွေ့နေရသလို ကယားပြည်နယ်ကို ပြန်ဖို့နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါက ထပ်မံတိမ်းရှောင်ဖို့ ငွေကြေးအခက်အခဲတွေ ရှိနေတဲ့အတွက် အခုလိုညွှန်ကြားလာတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“ထပ်ပြီးတော့ ခိုလှုံခွင့်ပြုဖို့ ခွင့်တောင်းထားတယ်။ တချို့ကလည်း အိမ်တွေ အကုန်ပျက်ပြီး မီးရှို့ခံရတဲ့ အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတာလေ။ ပြန်စရာလမ်းစရိတ်လည်း မရှိသေးဘူး။ ပြန်ပြီးတော့ ဟိုမှာလည်း လုပ်ကိုင်စားသောက်ဖို့ ဘာမှ မရှိတော့ဘူး။ ဆက်ပြီးတော့ ပေးနေရင်တော့ အကောင်းဆုံးပေါ့”လို့ စစ်ရှောင်တယောက်က VOMကို ပြောပါတယ်။
လွိုင်ကော်မြို့မှာ “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် စစ်ဘေးရှောင်အချို့က ဘေးလွတ်ကင်းရာ အခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပြီး တောင်ကြီး၊ ပင်လောင်း၊ ညောင်ရွှေစတဲ့မြို့နယ်တွေမှာ ကယားပြည်နယ်က စစ်ဘေးရှောင် ၄၀၀၀ထက်မနည်း ခိုလှုံနေရသလို ရိက္ခာနဲ့ သောက်သုံးရေမလုံလောက်တဲ့ ပြဿနာတွေကို ရေရှည်ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW