ရွှေလီရောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာလုပ်သားတွေကို နေထိုင်ရာအခန်းထိ ဖမ်းဆီးနေ

ဧပြီ ၂၅၊ ၂၀၂၅
Shy V (VOM)
မြန်မာ – တရုတ်နယ်စပ်၊ ရွှေလီရောက် အထောက်အထား မပြည့်စုံတဲ့ မြန်မာ လုပ်သားတွေကို လတ်တလော နေထိုင်ရာ အခန်းတွေထိ ဖမ်းဆီးနေကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
“နေတဲ့အိမ် လိုင်းခန်းတွေ၊ စားသောက်ဆိုင်တွေက အလုပ်သမားတွေပါ ပါသွားတာ။ အပေါ်ဈေးက လိုင်းခန်းတွေ၊ နေတဲ့ အိမ် အခန်းတွေရှိတယ်လေ။ အဲဒါတွေရော တခန်းဝင်၊ တခန်းထွက်နဲ့ စစ်တာ အဲလိုမျိုး။ တရားမဝင်ခိုးဝင်၊ တပတ်ကတ် အကုန် ခေါ်သွားတာ။” လို့ မြန်မာ ဈေးသည် တယောက်က ပြောပါတယ်။
ရွှေလီစက်မှုဇုံ၊ တောင်ပေါ်စျေးဘက်က မြန်မာ လုပ်သား တရားမဝင်တွေရော၊ တပတ်ကတ်တွေရော အယောက် ၅၀ ကျော်လောက်ပါသွားကြတယ်လို့ သူက ပြောပါတယ်။
ကိုဗစ်ကာလ လော့ဒေါင်း တုန်းကတည်းနေ နေတဲ့ စာအုပ်အနီ သမား တွေကိုတော့ မျက်နှာ Scan ဖတ်၊ စာအုပ်တွေ ထုတ်ပြ၊ ပေါက်ဖော်ကတ်တွေ ထုတ်ပြ ဆိုရင် ရပေမယ့် တချို့က စာအုပ် အနီ ရှိရဲ့နဲ့ မျက်နှာ Scan ဖတ်တဲ့ အခါကျရင် မပေါ်တဲ့သူတွေကြိကျတော့ ဖမ်း ခေါ်သွားတယ်လို့ သူက ပြောပါတယ်။
“ဆိုင်နား ဘေးခန်းက ကောင်လေး နှစ်ယောက်လည်း ပါသွားတယ်လေ။ သူများပြောတယ်။ မထွက်ကြနဲ့ အိမ်ထဲမှာပဲ နေတဲ့။ အိမ်ထဲမှာပဲနေလည်း လိုက်ဖမ်းတာပဲ။ အခန်းတံခါးခေါက်ပြီးတော့ လာဝင်ဖမ်းတာပဲ။” လို့ အဖမ်းခံခဲ့ရဖူးတဲ့ မြန်မာ အမျိုးသမီး တယောက်က ပြောပါတယ်။
ရွှေလီမှာ အခန်းထဲထိ ဝင်လာ၊ တံခါးခေါက်ပြီးတော့ လင်မယား နှစ်ယောက်လုံး အဖမ်းခံခဲ့ရဖူးပြီး ပတ်စ်ပို့ စာအုပ်တွေ အကုန်သိမ်းသွားတာ တယောက်ကို တရုတ် ယွမ် ၃၀၀၀ စီနဲ့ ပြန်ရွေးခဲ့ရဖူးတယ်လို့ သူက ပြောပါတယ်။
မူဆယ်ခရိုင် ပြင်ပက လူတွေ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် အနီလုပ်ရင် မှောင်ခိုလုပ်ရပြီး တယောက်ကို သိန်း ၁၅၀ နဲ့ ၂၀၀ ကြားရှိတာကြောင့် မိသားစု သုံးယောက်စာ သိန်း ၅၀၀ ဝန်းကျင် ကြန်ကျမှာ ဖြစ်လို့ မစွန့်စားရဲသလို လူလိမ်တွေနဲ့ မိမှာလည်း စိုးရိမ်ရတာကြောင့် စာအုပ် သက်တမ်း မတိုးနိုင်ပဲ ဟိုရှောင်၊ ဒီရှောင်နဲ့ ဒုက္ခ ခံနေကြရတယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်အကိုင်ရှားပါးမှု အခက်အခဲတွေကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများအပြားဟာ တရုတ်နယ်စပ်ဘက်မှာ တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်က အလုပ်လုပ်ကိုင်ကာ မိသားစု ဝမ်းရေးကို ဖြေရှင်း နေကြရတာ ဖြစ်ပါတယ်။
Photo: Shy V
#voiceofmyanmar #VOM # ရွှေလီ # အထောက်အထား မစုံ #မြန်မာ လုပ်သား #နေထိုင်ရာ အခန်းထိ #ဖမ်းဆီးနေ

Related posts

Leave a Comment

VOM News

FREE
VIEW