လားရှိုးပြန်ရဖို့ တရုတ်ရဲ့ကြားဝင်စေ့စပ်တဲ့ လုပ်ဆောင်ချက်တွေအပေါ် ဒေသခံတွေရဲ့ သဘောထားအမြင်

ဧပြီ ၂၃၊ ၂၀၂၄
Shy V ( VOM )
တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူး ဆိုပေမယ့် အခုလက်‌ေတွ့ အခြေနေနဲ့ ကွာခြား နေပါတယ်လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
“တရုတ်က အရှေ့မြောက် လမ်းကြောင်းတစ်ခုလုံးကို နစက တပ်ဖွဲ့ကို ပြန်ရစေချင်တယ်။ ဒါမှ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို ‌သူ‌တို့ကောင်းကောင်း အသုံးချလို့ရမယ်။ တရုတ်က အမျိုးသားသင့်မြတ်ရေး ဆိုပြီး အင်တာဗျူးမှာပြောထားတယ်။ ကျနော်တော့မထင်ဘူးဗျ။ မြန်မာပြည်သူတွေကို သဘောကောင်းချင်ယောင်ဆောင်ပြီး သူ့အကျိုးစီးပွားကို မြန်မာပြည်ထဲထိ ထဲထဲဝင်ဝင် လာလုပ်တယ်လိုမြင်ပါတယ်ဗျ။” လို့ သူက ရှင်းပြပါတယ်။
ကူမင်းမှာ ဆွေးနွေးတဲ့အချိန် ကိုးကန့်ကို ဖိအားအမျိုးမျိုးပေးခဲ့ပြီး နစက တပ်ဖွဲ့ကို လေယာဉ်နဲ့ ဗုံးကြဲတာမလုပ်ဖို့ ၊လားရှိုးကို ပြန်အပ်ဖို့ ကိုးကန့်ကို ပြောပေးမယ်ဆိုပြီး အဲလိုကြားထဲကနေ ညှိ‌ပေးတာမျိုး မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“နိုင်ငံနှစ်နိုင်ငံရဲ့ အစိုးရ အုပ်ချုပ်တယ်ဆိုတာ ကျွန်မတို့ လားရှိုးမှာပဲ ကြားဖူးတော့တယ်။ တကယ့် တရုတ်နိုင်ငံထဲက လူတွေ ဒီ ရှမ်းပြည်နယ် မြောက်ပိုင်းကို လာအုပ်ချုပ်တာ၊ အစိုးရနှစ်ခု အုပ်ချုပ်မယ့်သဘော။ ကျွန်မတို့ လားရှိုးက တရုတ်နိုင်ငံ ဖြစ်သွားပြီ လို့တောင် ပြောရမလိုပါ ။” လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တကယ်ပဲ ကောင်းကောင်း အုပ်ချုပ်နိုင်သလိုလိုနဲ့ တိုက်ခိုက် ဝင်ရောက်လာပြီးတော့ အခုက တရုတ်တွေ ရောက်လာတာပဲ အဖတ်တင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ အခြေအနေက ပြည်သူတွေပဲ မြေစာပင်လို ဖြစ်နေတာကြောင့် ဘယ်သူပဲ အုပ်ချုပ်၊ အုပ်ချုပ် ကောင်းကောင်း အုပ်ချုပ်နိုင်မှ ကောင်းမယ်လို့ ဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။
“လားရှိုးမှာ နစက တပ်ဖွဲ့တွေ တသီ တတန်းကြီး ဝင်လာရင်တော့ သိပ်မကြာခင်မှာပဲ ကွတ်ခိုင်၊ နမ့်ဖတ်ကာတွေဘက် ထိုးစစ်ဆင် ပြန်တိုက်လာနိုင်တယ်။ တရုတ် လာထိုင်တယ်ဆိုလည်း ထိုးစစ် မဆင်ဘူးလို့ မပြောနိုင်ဘူး။” လို့ နယ်စပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
လားရှိုးကနေ ကွတ်ခိုင်ကို လာတိုက်ဖို့က ဘယ်လောက်မှ မကြာတာကြောင့် လားရှိုးမှာ လက်နက်အင်အား စစ်သည်အင်အား ဖြည့်ပြီး ရပြီဆိုတာနဲ့ နေရာ အနှံ့ဖြန့်ပြီး ချလာနိုင်တယ် လို့ သူက ပြောပါတယ်။
“တရုတ်ကတော့ မြန်မာကနေ သူလိုချင်တဲ့ ပုံစံ သွင်းမယ်။ မြန်မာကို သူ လက်လွတ်လို့ မရဘူး ၊ဒေသတွင်း ရေပိုင်နက် မျှော်လင့်စရာက မြန်မာတခုပဲ သူ့အတွက်ရှိတယ်” လို့ လားရှိုး အခြေအနေကို စောင့်ကြည့် နေသူ တယောက်က ပြောပါတယ်။
လားရှိုးမြို့ကိုတော့ ကိုးကန့် MNDAA တပ်ဖွဲ့က နစက တပ်ဖွဲ့ဆီ တရုတ်နိုင်ငံက ကြားနေ လွှဲပြောင်းပေးမှာဖြစ်ပြီး လားရှိုးမြို့ကိုလည်း တရုတ်ဘက်က ကြားနေ ရုံးထိုင်ကာ အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun ကတော့ တရုတ်နဲ့ မြန်မာနိုင်ငံဟာ မိတ်ဆွေကောင်း အိမ်နီးချင်းတွေ ဖြစ်ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ အလွန်ရှင်းလင်းတယ်လို့ ဧပြီလ ၂၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေး တွေမှာ ပံ့ပိုးကူညီရေး၊ နိုင်ငံရေး ပြန်လည် စည်းလုံးညီညွတ်ရေး အတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရှိ ပါတီ အသီးသီးကို ပံ့ပိုးကူညီရန်နဲ့ နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်စတင်ရာမှာ ပံ့ပိုးကူညီမှု တွေကို တဖက်နိုင်ငံပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေး မူကို လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း ပြောထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW