စစ်ရေးတင်းမာနေလို့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမှာ အရပ်သား ထောင်ချီ တိမ်းရှောင်နေရ



မေ ၉ – ၂၀၂၅
SS (VOM)

မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်မှာ စစ်ရေးတင်းမာနေလို့ အရပ်သား ထောင်နဲ့ချီ တိမ်းရှောင်နေရတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့မှ စတင်ကာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ရှိလာတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“လေကြောင်း တိုက်ခိုက်မှုတွေကတော့ အဆက်မပြတ်ဘဲ။ အခုထိကတော့ စစ်ရေးအခြေအနေက တင်းမာနေတုန်းပဲ။ ဒီမနက်တင် လေယာဉ်တွေဝဲနေတာ။ ပြီးခဲ့တဲ့ ရက်ကလည်း သထုံနဲ့ ဘီးလင်းဘက်မှာ ကားလမ်းရော၊ ရထားလမ်းရော မိုင်းခွဲခံရတာ ရှိတယ်လေ။ ဒေသခံတွေကတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ရှောင်ကုန်ကြပြီ။ စုစုပေါင်း လူဦးရေ ၉၀၀၀ နီးပါးလောက် ရှိမယ် ဘေးလွတ်ရာ ရှောင်နေကြတာ။ သူတို့တွေအတွက် လတ်တလော အရေးပေါ် လိုအပ်နေတာတွေကတော့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KNU ရဲ့ မေ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းရွာ အုပ်စုမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သလို သထုံမြို့နယ်မှာလည်း မေ ၂ ရက်၊ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ နစက ခြေမြန်တပ်ရင်း (ခမရ ၂၀၇၊ ခမရ ၂၀၆)၊ အမြောက်တပ် (အမတ ၃၁၀၊ အမတ ၃၂၀ နဲ့ အမတ ၄၀၂) တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အအုံတချို့၊ လမ်းမီးတိုင်တွေနဲ့ စိုက်ပျိုးရေးခြံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပြီး နစကဘက်ကတော့ လက်ရှိ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

“လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုက လူတွေကတော့ ဘာမှ မဖြစ်ဘူး။ အဆောက်အအုံတွေ၊ ရော်ဘာခြံ၊ ထန်းတော၊ ကြက်မောက်ခြံတွေ ပျက်စီးကုန်တာ ရှိတယ်။ အခုက မြို့ပေါ်တွေက ဘာမှ မဖြစ်သေးဘူး။ ရွာတွေဘက်မှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။ ရှောင်နေရတာတော့ မြို့ပေါ်ပဲ ရှောင်ကြရတာ။ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာအိမ်တွေမှာ အလျဉ်းသင့်သလို နေကြရတာပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိမှာလည်း နစက က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးမှာ ခမရ ၂၀၇၊ အမတ ၃၁၀ တပ်ရင်း စတဲ့ အထိုင်တပ်တွေ အပါအဝင် ကင်းပုန်းတွေ အများအပြားနဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။

လက်ရှိ မွန်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေက ဒေသခံ သောင်းချီ စစ်ဘေးရှောင်နေရပြီး တချို့စစ်ဘေးရှောင်တွေကတော့ နေရပ်မပြန်နိုင်တာ နှစ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW