ဆူးငှက်
တကယ်တော့ မန္တလေးတက္ကသိုလ်ရဲ့ အမှတ်လက္ခဏာဖြစ်တဲ့ တိုင်လုံးကြီး ၆ လုံးနှင့် ပင်မအဆောက်အအုံကြီးက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက နှစ်၁၀၀ ပြည့်ပြီးခဲ့ပါပြီ။
မန္တလေးမှာ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်တဲ့အခါ ယခု ပင်မအဆောက်အအုံကြီးက ဥပစာကောလိပ်နှင့် မသက်ဆိုင်ခဲ့ပါဘူး။ ပထမကမ္ဘာစစ်ကြီးကာလအတွင်းက အင်္ဂလိပ် ကိုလိုနီနိုင်ငံဖြစ်တဲ့ မြန်မာပြည်က အထွက်ကောင်း စျေးကောင်းရခဲ့တဲ့ ဆန်စပါးထုတ်ကုန်က စစ်စရိတ်အတွက် ကြီးကြီးမားမား အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အစိုးရက မြန်မာ့ဆန်စပါးစိုက်ပျိုးရေးအတွက် မန္တလေးမှာ စိုက်ပျိုးရေးသိပ္ပံကို တည်ထောင်ဖွင့်လှစ်တော့ ဒီအဆောက်အအုံကြီးက အဓိက ပါ၀င်ခဲ့ပါတယ်။ ဒီအဆောက်အအုံကြီးကို ၁၉၂၁ခုနှစ် သြဂုတ်လ ၂၉ရက်နေ့မှာ မြန်မာပြည် ဘုရင်ခံ ဆာရီဂျင်နယ် ဟင်နရီ ကရက်ဒေါက်က အုတ်မြစ်ချ ပေးခဲ့ပါတယ်။
ဒီမှတ်တမ်းကို အဆောက်အအုံကြီးရဲ့ မြောက်ဖက်အ၀င်ပေါကက ညာဖက်အောက်ခြေမှာ အုတ်မြစ်ချတဲ့ နေ့စွဲ ကျောက်စာကမ္ပည်း ရေးထိုးထားသည်ကို လေ့လာနိုင်ပါတယ်။ အဆောက်အအုံကြီးကို အုတ်မြစ်ချပြီးနောက် ၃နှစ်အကြာ ၁၉၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့မှာ မြန်မာပြည် ဘုရင်ခံချုပ် ဆာစပင်ဆာ ဟာကုတ် ဘက်တလာ က ဖွင့်လှစ်ပေး ခဲ့ပါ၏။ ဒီမှတ်တမ်းကိုလည်း မြောက်ဖက် အ၀င်ပေါက်အထက် ထုတ်တမ်းမှာ အဆောက်အအုံပြီးမြောက် ဖွင့်လှစ်တဲ့ ကျောက်စာ ကမ္ပည်းထိုး ထားပါတယ်။ ဒီအဆောက်အအုံကြီးဟာ အလွန်ခံ့ညားလှပ ဝင့်ထည်လှပြီး စတင်တည်ဆောက်စဉ်က ဗြိတိသျှဗိသုကာ တီအီးဖော့စတာဦးဆောင်တဲ့ အင်ဂျင်နီယာအဖွဲ့က ဗောဓိကုန်းရပ်က မြေကို စံနစ်တကျ စမ်းသပ် စစ်ဆေးပြီး တနယ်မြေစေးတွေမို့ အဆောက်အအုံ အခြေခံအုတ်မြစ်ချမယ့် ပေ၈၀၀ပတ်လည်ကို အနက်၁၂ပေအထိ မြေသားများ တူးထုတ်ပြီး အုတ်မြစ်ချခဲ့ပါတယ်။ ဒီ့နောက် မြေညီထပ်ကို မြေအောက်မှာ တည်ဆောက်ခဲ့လို့ အဆောက်အအုံကြီးရဲ့ ပထမထပ်က မြေညီပြင်နှင့် အညီဖြစ်ပါတယ်။ ဒီ အဆောက်အအုံကြီးကို ငွေဒင်္ဂါး ၁၂သိန်း အကုန်အကျခံ တည်ဆောက် ခဲ့တယ်လို့ မှတ်သားရတယ်။
အင်္ဂလိပ်အစိုးရက စိုက်ပျိုးရေးသိပ္ပံကို တည်ထောင်ခြင်းနှင့် အတူ အမှုထမ်းအဆင့်အလိုက် နယ်မြေ ရပ်ကွက်ကိုပါ ဖွဲ့စည်းခဲ့တယ်။ ရာထူးအကြီး အသေးအလိုက် အင်ပီရီယယ်ကွာတား (Imperal Qr) ၊ အေဒီအေကွာတား (ADA – Assistant Director of Agriculture Qr) ၊ အက်အေအေကွာတား (SAA – Senior Agricultural Assistant Qr) နှင့် ဂျေအေအေကွာတား(Junior Agricultural Assistant Qr) လို့ ဖွဲ့စည်း နေရာချထား ပေးခဲ့ပါတယ်။
၁၉၂၀ခုနှစ် ပထမကျောင်းသားသပိတ်ကြီး စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသား ကောလိပ်နှင့် အမျိုးသားပညာရေး တောင်းဆိုမှုတွေနှင့်အတူ အထက်ဗမာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ် တစ်ကျောင်း ဖွင့်လှစ်ပေးဖို့ မန္တလေးမြို့မိမြို့ဖတွေဖြစ်တဲ့ ဗဟိုစည်ဦးဘဦး၊ ကျောက်စာ၀န် တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့နှင့်အတူ ဗဟိုအမျိုးသားကျောင်းဆရာကြီးဦးရာဇတ်တို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုကြပါတယ်။ တကယ်လို့ အင်္ဂလိပ်အစိုးရက မလိုက်လျောရင်လည်း မန္တလေးမြို့ လူထုအနေနှင့် ကိုယ့်အလှူငွေနှင့်ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမယ် လို့ တင်ပြကြတယ်။ နိုင်ငံရေး မျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုတယ်။ တစ်ဆက်တည်း ဝံသာနုခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီမှာ ၁၉၂၀ပြည့်နှစ် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ရေး ဥပဒေကြမ်းတင် ခဲ့တယ်။ ပထမအဆင့်အနေနှင့် ၁၉၂၄ခု ဧပြီလမှာ အစိုးရက ဥပေဒကို ပြင်ဆင်ဖို့် အတည်ပြုပေးခဲ့ရပါတယ်။ ဒါ့အပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်ဗမာပြည်မှာ ဥပစာကောလိပ် စတင်ဖွင့်လှစ်ဖို့ ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် အထက်ဗမာပြည်အတွက် ဥပစာကောလိပ် ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်းရပ်ကွက်မှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံ ကျောင်း၀င်း အတွင်းက တစ်ထပ် အုတ်တိုက်နီ ကလေးမှာ ၁၉၂၅ဇူလိုင် ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။
မန္တလေးဥပစာကောလိပ်ကို စိုက်ပျိုးရေးသိပ္ပံကျောင်း၀င်း အတွင်း အခက်အခဲအမျိုမျိုးကြားမှ ချို့ချို့တဲ့တဲ့ ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ်မှာ ဒုတိယကမ္ဘာစစ်မီး တောက်လောင်တဲ့အခါ ဥပစာကောလိပ်ကိုလည်း ပိတ်လိုက်ရ ပါတော့တယ်။ စစ်ကြီးပြီးတဲ့အခါ မန္တလေးဥပစာ ကောလိပ် ပြန်ဖွင့်လှစ်နိုင်ရေးကို ဆရာကြီးဦးရာဇာတ်နှင့် ဆရာဦးကိုလေး (ဇေယျာမောင်)တို့က ပြန်လည်ဦးဆောင် ဆောင်ရွက်ကြပါတယ်။ စစ်ကြီးအပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအစိုးရအဖွဲ့မှာ ဆရာကြီးဦးရာဇာတ်က ၀န်ကြီး တာ၀န်အယူ ရန်ကုန်ရောက်ခိုက် မန္တလေးဥပစာကောလိပ် ပြန်လည် ဖွင့်လှစ်နိုင်ရေးကို ဆရာဦးကိုလေး နှင့့် ထပ်မံကြိုးစား ကြပြန်ပါတယ်။ ဒါကြောင့် ၁၉၄၇ခု မေလ၂၉ရက်နေ့မှာ ဆရာဦးကိုလေး (ဇေယျာမောင်)ကို ကျောင်းအုပ်ကြီး အဖြစ်ခန့်အပ်ပြီး မန္တလေး ဥပစာကောလိပ် ပြန်လည်ဖွင့်လှစ်ဖို့ တာ၀န်ပေးလိုက်ပါတယ်။
ဆရာဦးကိုလေး(ဇေယျာမောင်)လည်း ကျောင်းအုပ်ကြီး တာ၀န်နှင့် စစ်ကြီးကြောင့် ပျက်စီးသွားတဲ့ ပရိဘောဂများ၊ ကျောင်းဆောင်များ ပြန်လည်ရရှိရေးကို အခက်အခဲ အမျိုးမျိုးကြားက ကြိုးစားမှုကြောင့် စစ်ကြီးအတွင်း စစ်ဘက်က ကြေးနန်းဌာနအဖြစ် သိမ်းယူထားတဲ့ စိုက်ပျိုးရေးသိပ္ပံက ရတနာပုံအဆောင်နှင့် စစ်ဘက်က ဆေးရုံအဖြစ် သိမ်းယူထားတဲ့ စိုက်ပျိုးရေးသိပ္ပံ ပင်မဆောင်ကြီးကို ဥပစာကောလိပ်က အသုံးပြဖို့် ၁၉၄၇ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ ရရှိခဲ့ပါတယ်။ ရတနာပုံအဆောင်ကို ကျောင်းသားအိပ်ဆောင်အဖြစ် အသုံးပြုပြီး ပင်မဆောင်ကြီးကို စိုက်ပျိုးရေးဌာနနှင့် ညှိနှိုင်းပြီး ပင်မဆောင်ရဲ့ အပေါ်၂ထပ်ကို ကောလိပ်ကျောင်းအဖြစ်နှင့် အောက်ဆုံး မြေအောက်ထပ်ကို စိုက်ပျိုးရေးဌာနက ရုံးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ဒီလိုနဲ့ ၁၉၂၅ခုနှစ် ဇူလိုင်လ ၄ ရက်နေမှာ စိုက်ပျိုးရေးသိပ္ပံ၀င်းအတွင်းက တစ်ထပ် အုတ်တိုက်နီကလေးမှာ ကျောင်းသူ ကျောင်းသား ၃၁ဦးနှင့် ချို့တဲ့ ခက်ခဲစွာ ဖွင့်လှစ်ခဲ့ရတဲ့ မန္တလေး ဥပစာကောလိပ်ဟာ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ စိုက်ပျိုးရေးသိပ္ပံထံက လွှဲပြောင်းရယူခဲ့တဲ့ ခံ့ညားထယ်ဝါလှတဲ့ တိုင်လုံးကြီး၆လုံးနှင့်ဆင်ဝင်ပါ ပင်မအဆောက်အအုံကြီး မှာ မန္တလေးယူနီဗာစီတီ ကောလိပ်အဖြစ် ကျောင်းသူကျောင်းသား ၁၂၇ယောက်နှင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ယခု မန္တလေးတက္ကသိုလ်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်မှာ နှစ်၁၀၀ပြည့်မှာ ဖြစ်ပြီး မန္တလေးတက္ကသိုလ်ရဲ့ ခံ့ညားထယ်ဝါလှတဲ့ တိုင်လုံးကြီး၆လုံးနှင့်ဆင်ဝင်ပါ ပင်မအဆောက်အအုံကြီးကတော့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကပဲ နှစ်၁၀၀ပြည့်ခဲ့ပါပြီ။ အခု နှစ်၁၀ဝပြည့်ပြီး ၃လနှင့် ၆ရက်အကြာ ၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁၂နာရီ ၅၂မိနစ်မှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဆိုးကြီးမှာ စံနစ်တကျတည်ဆောက်ခဲ့တဲ့ အဆောက်အအုံကြီးဟာ ၁၉၃၀ ပဲခူးငလျင်၊ ၁၉၄၂ ကမ္ဘာစစ်ဘေး၊ ၁၉၄၆ စစ်ကိုင်းပထမငလျင်၊ ၁၉၅၆ စစ်ကိုင်း ဒုတိယငလျင်၊ ၁၉၇၅ ပုဂံငလျင်နဲ့ ၂၀၁၂ ရွှေဘိုငလျင်ဘေးတွေကို ကျော်ဖြတ်ကာ နှစ်၁၀ဝပြည့်ထိ ကြံ့ကြံ့ခံနိုင်ခဲ့သလို အခုငလျင်ဘေးမှာလည်း ငလျင်ကြောင့် အဆောက်အအုံပြိုပျက်တာ မဟုတ်ဘဲ သဘာဝဘေးကာကွယ်မှု ကြိုတင် စီမံခန့်ခွဲခြင်း စီမံချက် အားနည်းမှုကြောင့် ကြုံတွေ့ရတဲ့ မီးဘေးကြောင့် ဘုံးဘုံးလဲလုနီး ပျက်စီး ဆုံးရှုံးခဲ့ရပါပြီ။ မိခင် ပင်မအဆောက်အအုံကြီးခမျာ သူ့ရင်ခွင်မှာ ထွေးပွေ့ကြီးပြင်း လူရာဝင်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ကြီး လာမယ့် ဇူလိုင်လမှာ အနှစ်၁၀ဝပြည့်တဲ့အထိ ကြံ့ခိုင်သန်စွမ်းခံ့ညားစွာ မစောင့်နိုင်ရှာတော့ပါလား။ အခုတော့ တကိုယ်လုံး မီးလောင်ရာဗလပွနဲ့ အသက်ကင်းမဲ့စွာ အမှောင်ထဲ ငုတ်တုပ်။
(ဆက်ရန်)
ဆူးငှက်