ILO အရေးယူမှု ဘယ်ကို ဦးတည်လဲ

 

AT

 

မြန်မာနိုင်ငံနဲ့ နစက ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ ပုဒ်မ ၃၃ အရ အရေးယူဖို့ ဇွန်လ ၅ရက်က ပြုလုပ်တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILO) ကနေ ဆုံးဖြတ်လိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ နစကဟာ အလုပ်သမား အခွင့်အရေးချိုးဖောက်တာ၊ အလုပ်သမား သမဂ္ဂတွေကို ဖိနှိပ်တာ၊ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး အဓမ္မ လုပ်အားပေးခိုင်းစေတာတွေအတွက် အခု ဆုံးဖြတ်ချက်ကို ချမှတ်တာလို့ သိရပါတယ်။

 

မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်မှာ ပုဒ်မ ၃၃ အရ ILO က အရေးယူပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖူးကာ ဒါဟာ ဒုတိယအကြိမ် ပုဒ်မ ၃၃နဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။

 

အခုလို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နစက ကို စီးပွားရေးအရ ထိခိုက်အောင်လုပ်တာလို့ ပြည်ပရောက် အလုပ်သမား ကိုယ်စားလှယ်တွေက ပြောသလို ခုလို အရေးယူမှုကြောင့် မြန်မာနိုင်ငံ ပြည်သူလူထု အများစုကို စီးပွားရေး အကျပ်အတည်းထဲရောက်စေနိုင်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

 

  • မြန်မာနိုင်ငံကို အရေးယူတဲ့ ILO ပုဒ်မ ၃၃ ဆိုတာ ဘာလဲ၊ ဘယ်လို အလုပ်လုပ်လဲ

ILO ပုဒ်မ (၃၃) ဟာ ILO ရဲ့ စံနှုန်းတွေကို မလိုက်နာတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အရေးယူဖို့ ILO အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်းရာမှာ အသုံးပြုတဲ့ ပုဒ်မ ဖြစ်ပါတယ်။

 

နစက ဟာ ILO ရဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေအပါအဝင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက်အမှတ် (၈၇) နဲ့ အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဌာန်းချက်အမှတ် (၂၉) တို့ကို ထင်ရှားစွာချိုးဖောက်နေတဲ့အပေါ် ILO က သတိပေးချက်တွေ တောက်လျှောက် ပြုလုပ်ခဲ့ပေမယ့် လိုက်နာမှုမရှိတာကြောင့် အခုလို အရေးယူဖို့ ဆုံးဖြတ်တာလို့ သိရပါတယ်။

 

ILO ရဲ့ အခု ပုဒ်မနဲ့ မြန်မာနိုင်ငံကို အရေးယူနိုင်ဖို့ ပြည်ပရောက် အလုပ်သမား ကိုယ်စားလှယ်တွေက ၂၀၂၁ ခုနှစ်ကတည်းက ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက် ကျပြီးနောက်မှာ ILO အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရုပ်သိမ်းတာ၊ ရပ်ဆိုင်းတာအပြင် မြန်မာနိုင်ငံက ရရှိထားတဲ့ ပို့ကုန်ဆိုင်ရာ အခွန်ကင်းလွတ်ခွင့် ရုပ်သိမ်းခံရတာတွေ ကြုံတွေ့နိုင်ပါတယ်။

 

ILO ပုဒ်မ ၃၃ အရ နစက ကို အရေးယူနိုင်တဲ့ နည်းလမ်းတွေထဲမှာ ကုလသမဂ္ဂ အေဂျင်စီတွေက ထောက်ပံ့တဲ့ နည်းပညာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေး၊ စတာတွေကို ရပ်တန့်ပြီး ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် စစ်ဆေးအရေးယူတာ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖူးပါတယ်။

 

ပုဒ်မ ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်မှာ ဘယ်လိုပုံစံနဲ့ အရေးယူမယ်ဆိုတာကို အစိုးရ (NUG)၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်တဲ့ အဖွဲ့ထဲမှာ ဆက်လက်ဆွေးနွေးမယ်လို့ ILO ညီလာခံတက်ရောက်ခဲ့တဲ့ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

 

  • အကန့်အသတ်နဲ့လား အလုံးစုံလား

 

မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ရာမှာ စီးပွားရေးလုပ်ငန်း အချို့ကိုသာ ပစ်မှတ်ထားပြီး အကန့်အသတ်နဲ့ ပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု ချမှတ်သင့်တယ်ဆိုပြီး အတိုက်အခံ အဖွဲ့တွေကြား သဘောထား ကွဲလွဲမှုတွေလည်း ရှိပါတယ်။

 

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေနဲ့ ကနေဒါ နိုင်ငံတွေဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ မိသားစုတွေ၊ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကို အရေးယူတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ဖြစ်ပါတယ်။

 

အခု ပုဒ်မ ၃၃နဲ့ အရေးယူဖို့ ဆုံးဖြတ်ပြီးနောက်မှာ အဲ့ဒီ လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ပိုတိုးလာနိုင်ပေမယ့် မြန်မာဟာ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းလို နိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေနဲ့ အဲ့ဒီနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်ရှိနေနိုင်ပါတယ်။

 

အလုံးစုံ စီးပွားရေးပိတ်ဆို့မှု ချမှတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း၊ နိုင်ငံတကာနဲ့ ငွေကြေးလွဲပြောင်းမှု၊ စိုက်ပျိုးရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ၊ လောင်စာဆီ တင်သွင်းမှု စတာတွေကို ပိတ်ဆို့မှာ ဖြစ်ပါတယ်။

 

စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း အများအပြား မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ပြီး နစကရဲ့ ဝင်ငွေ ထိခိုက်နိုင်သလို တဖက်မှာလည်း ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတို့ကြောင့် ပြည်သူလူထု ဆင်းရဲတွင်းထဲ ပိုပြီး ကျရောက်နိုင်ပါတယ်။

 

  • ILO အရေးယူမှု ဘယ်လောက်ထိရောက်နိုင်လဲ

ILO ဟာ အခု ပုဒ်မနဲ့ စစ်တပ်အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်က အရေးယူဖို့ ဆုံးဖြတ်ဖူးပါတယ်။

 

နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ နည်းပညာနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ရပ်ဆိုင်းတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အထူးသဖြင့် အထည်ချုပ်နဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပြန်လည်ဆန်းစစ်စေတာတွေ ရှိခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်က ထပ်တိုး ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အထူးသဖြင့် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းခဲ့ပါတယ်။

 

၁၉၉၀ ခုနှစ်နှောင်းပိုင်းတွေက မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းမှာ အလုပ်အကိုင်ပေါင်း ၈၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပေမယ့် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် အလုပ်သမား ၅၀,၀၀၀ ကျော်ဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ပါတယ်။

 

၁၉၉၉ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုဟာ ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကာ အကျိုးဆက်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါးတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံခဲ့ရပြီး ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ အခြား သယံဇာတတွေကို ဈေးပေါပေါ ရောင်းချခဲ့ရပါတယ်။

 

အဲ့ဒီ ကာလတွေအတွင်း သံတမန်ရေးမှာ မြန်မာနိုင်ငံအနေနဲ့ အထီးကျန်လာပြီး တရုတ်နိုင်ငံအပေါ် ပိုမို မှီခိုလာရတာကို တွေ့ရပါတယ်။

 

စီးပွားရေး ကျဆင်းမှုတွေနဲ့ ကြုံလာရတဲ့ ပြည်သူလူထုဟာ ၂၀၀၇ ခုနှစ်မှာ အုံကြွခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲအချို့ ဖြစ်ခဲ့ပါတယ်။

 

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ ၂၀၂၁ မှာ ၁၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

 

မြန်မာကျပ်ငွေ တန်ဖိုးဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး အခြေခံစားသောက်ကုန်နဲ့ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူအများစု ရင်ဆိုင်နေရတာပါ။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့ လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းအချို့အပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။

 

ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေကနေ အနောက်နိုင်ငံတွေ ထွက်ခွာသွားပေမယ့် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဆက်လက်ရောင်းချပြီး နစက ဟာ စီးပွားရေးအရ အသက်ဆက်နေဆဲ ဖြစ်တာကို တွေ့ရပါတယ်။

 

သံတမန်ရေးမှာလည်း နစကဟာ တရုတ်၊ ရုရှားလို နိုင်ငံတွေရဲ့ ထောက်ခံမှုကို ဆက်လက် ရရှိထားပါတယ်။

 

အတိုက်အခံတွေဟာ ILO ယန္တရားကို နိုင်ငံရေးအရ အသုံးချနေတာလို့ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ပြောကြောင်း ကြားသိရပါတယ်။

 

အခု ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်မလား၊ ပြည်သူတွေ ဆင်းရဲတွင်းပိုနက်ပြီး ဒုက္ခပင်လယ်ဝေမလား စောင့်ကြည့်ရမှာပါ။

 

အကျိုးဆက်ကိုတော့ သက်ဆိုင်သူတွေအားလုံး တာဝန်ယူရမှာ ဖြစ်ပါတယ်။

 

AT

 

ဆောင်းပါးပါ သဘောထားတွေဟာ စာရေးသူရဲ့ အာဘော်သာဖြစ်ပြီး VOM  ရဲ့ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW