ရေနီမြောင်းဇာတိမြေ (၂)

ဆူးငှက်
တလောဆီကပင် ရန်ကုန်မှ ကွန်ပျူတာပညာရှင်တစ်ယောက်နှင့် တွေ့ဆုံကြပြီး IT နည်းပညာတွေ၊ အင်တာနက်ကိစ္စတွေ ဆွေးနွေးကြရင်း အိမ်အပြန်အတွက် လက်နှိပ်ဓာတ်မီး မပါလာတာ စိုးရိမ်ကြောင့်ကျနေမိ၏။ သို့သော် ကိစ္စမရှိ။ အိမ်မှာ ဓာတ်ခဲ ထရန်စစ္စတာ ရေဒီယိုလေးတစ်လုံးသာ ရှိလို့ သူတို့ IT ကိစ္စ၊ အင်တာနက်ကိစ္စ အသာထားပြီး ကုပ်ကုပ်လေး လှည့်ပြန်ခဲ့ရသည်။
ဤသို့ဖြင့် ကာလယန္တရားသည် မိမိတို့အပေါ် တဝုန်းဝုန်း ဖြတ်ကျော်သွားကြသည်။ ဖြတ်ကျော်နေကြသည်။ လွန်ခဲ့သော နှစ် ၂ဝ ကျော်က ဟောသည် ရေနီမြောင်းပေါင်ပေါ်မှာ ရည်းစားတစ်ယောက်၏ရှေ့နေရေး ထိုင်ရေးအတွက် စက်ဘီးလေးတစ်စီးစီးကာ ပူပန်ခဲ့ရသည်။ အခုရော မိသားစုအတွက် နိစ္စဓူဝ ပူပန်မောပန်းကာ စက်ဘီးလေး ဂျောက်ဂျောက်ဂျက်ဂျက် စီးနေရဆဲဖြစ်ပါသည်။ တော်သေးသည် မြို့ပြ၏ အခန်းကျဉ်း၊ ပုပ်ဟောင်နောက်ဖေးလမ်းကြား၊ စုပြုံမိသားစု၊ ကျိတ်ကျိတ်တိုး ဘတ်စ်ကား၊ မီးခိုးနံ့၊ ညှော်နံ့ ပေါင်းစုံဖြင့် ဘဝအမောကို ရင်ဆိုင်ရတာမဟုတ်ဘဲ၊ ရိုးပြတ် ကောက်သင်းရနံ့၊ လွတ်လပ်လေပြည်အေး၊ လယ်ကန်သင်းနှင့် ဆယ်ပေ မြောင်း၊ သပြေညွန့်နှင့် နှင်းဆီဖူးအထွက်ဆိုသော ချမ်းမြေ့အေးဆေးသည့် ပတ်ဝန်းကျင်မှာမို့ လွတ်လပ်ပွင့်လင်း ကျယ်ကျယ်ဝန်းဝန်း မောလေ၏။
မနက်လင်းလျှင်ပင် ဘက်ထရီအိုးလေး လက်ကဆွဲကာ မြေနီတော လမ်းလေးအတိုင်း သရက်ကုန်းရပ်ကွက်လေးထဲက အားသွင်းဆိုင်ဆီ သွားရသည်။ အားသွင်းဆိုင်မှ ရေဒီယိုလေးတစ်လုံးနှင့် သတင်းနားထောင်နေ တတ်သော ဦးလေးကြီးနံဘေးကပ်ခါ သတင်းတစ်ပိုင်းတစ်စ နားထောင်ရ သည်။ ပြီးလျှင် အောင်ပင်လယ်ကန်ပေါင်ရိုးလမ်းမပေါ်တက်ကာ နန်းရှေ့ လမ်းနှင့်ဆုံသောနေရာရှိ လေထန်ကုန်းဆိုင်မှ စောစောစီးစီး သီဆိုနေသော စီဒီအိုကေ သီချင်းသံ နားဆင်ရသည်။ တကယ်တော့ သည်နေရာသည် ဈေးလေး တစ်ဈေးအသွင် ဖြစ်နေ၏။
အရင်က သည်နေရာသည် “တကယ်တောအစစ်ကဲ့သို့ လယ်တော ဖြစ်လို့မို့” ဟု ဆိုရလောက်သည့် တောအစပ် နေရာ ကလေးဖြစ်သည်။ ရေနီမြောင်း အရှေ့အနောက်လယ်ကွင်းတွေ…။ ခြံတွေ ….။ တောင်ဘက်မှာ အရှေ့ဘက်မှာ အောင်ပင်လယ်တောက တစ်မျှော်တစ်ခေါ်။ နန်းရှေ့လမ်းအတိုင်း အနောက်ဘက် မျှော်ကြည့်လိုက်တော့ သစ်တောဂိတ်တဲလေးသာ ရှိပြီး၊ လူနေအိမ်က ခပ်ကျဲကျဲ။ အနောက်ဘက် နဒီမြောင်းအထိက လူနေအိမ်ခြေမရှိသလောက်ပင် ဖြစ်၏။ ရေမြောင်း အရှေ့တောင်ဘက် ယွန်းယွန်းမှာ သရက်ကုန်း ရွာကလေးရှိမည်။ အရှေ့ဘက်မှာ နန်းဦးလွင်ရွာ ရှိမည်။ ဟိုး.. အရှေ့ ကန်လယ်ကျော်ပါမှ မြို့သာကုန်း၊ ပုဏ္ဏားကုန်း၊ မိုင်ကုန်း၊ ကျီကုန်း ဆိုသော ရွာတွေရှိသည်။ နန်းရှေ့လမ်းမကြီးပေါ်မှာ အမှတ် (၅) ကားနီကျားခေါင်း ဘတ်စ်ကားကြီးတစ်စီး တအိအိဖြတ်သွား၏။ လမ်းပေါ်မှာ ကောက်ရိုးလှည်း လေးငါးစီးက မြောင်းပေါင်အတိုင်း ချိုးဆင်းသွားသည်။ ရေနီမြောင်းထဲမှာတော့ ငါးမျှားနေသူ ၂ ဦးလောက် ရှိမည်။ ဒါက လွန်ခဲ့သော နှစ် ၂ဝ ခန့်က နန်းရှေ့နှင့် အောင်ပင်လယ် လမ်းဆုံ မြင်ကွင်းပဲဖြစ်ပါသည်။
သည်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်မိခင်က အရှေ့တောရွာကလေးဆီ အဝတ်အထည်နှင့် အစားအသောက် အခြောက်အခြမ်းတွေ လပေးစနစ်ဖြင့် ဈေးရောင်း၏။ လပေးဆိုသော်လည်း သီးနှံပေါ်ချိန်မှသာ ငွေပေါ်သည်။ ထိုအချိန်ရောက်လျှင် သူငယ်ချင်းသည် ကျွန်တော့်ကို အဖော်ခေါ်ကာ အရှေ့တောရွာကလေးများဆီ စက်ဘီးတစ်စီးဖြင့် အကြွေးတောင်းသွားတတ်သည်။ မှတ်မှတ်ရရ (၈)တန်းအောင်ပြီးစ နွေရာသီ ကျောင်းပိတ်ရက် .. ။မနက်စောစောတွင် ဆင်တံတားရပ်နေအိမ်မှ စက်ဘီးတစ်စီးဖြင့် ထွက်ကြပြီး နန်းရှေ့ဈေးအတွင်းရှိ ဦးဘကျော့ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ဝင်သောက်ကြသည်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ထက် လူကောင်ထွား၏။ ထို့ကြောင့် စက်ဘီးစီးတိုင်း သူကနင်းသည်။ ကျွန်တော်က ရှေ့ဘားတန်းပေါ်မှ ထိုင်လိုက်ရသည်။ အခုလည်း စက်ဘီးကို သူပဲနင်းပြီး ကျွန်တော်က ထိုင်လိုက်သည်။ နန်းရှေ့ ဦးဘကျော့ဆိုင်က ထွက်ပြီး အရှေ့ဆီသို့ နင်းလာရာ အောင်ပင်လယ် လမ်းဆုံရောက်လျှင် ကျွန်တော်က ခြေကျင်နေပြီ။
ထို့ကြောင့် ခဏနားရ၏။ အကယ်၍ မုန်တိုင်းဇရပ်အနီး ရန်ကင်းလမ်းထဲရှိ သူဦးကြီး ဦးရန်ကင်းထံ ခေတ္တ ဝင်သေးလျှင်တော့ အောင်ပင်လယ်လမ်းဆုံမှာ မနားတော့။ အောင်ပင်လယ် လမ်းဆုံမှာ နားပါမှလည်း သက်သာသည်။ အဘယ့်ကြောင့်ဆိုသော် မြို့သာ ကုန်းမှသည် ဟိုး… တောင်ဘက်လယ်တောတွေထဲထိ သွားရဦးမည် မဟုတ်ပါလား။ သည်တုန်းက အောင်ပင်လယ်လမ်းဆုံနှင့် ရွာအကြား ကန်လယ်မှာက ဘာမျှမရှိသည့် လယ်ကွင်းကြီးကိုပဲ ဖြတ်ရသည်။ တောင်လေက တဝေါဝေါ။ ရွာရောက်တော့ သူငယ်ချင်း၏ ဆွေမျိုးအိမ်၌ နားကြသေး၏။ ရွာဓလေ့ ရွာထုံးစံအတိုင်း ဧည့်သည်မို့လာလျှင် ရေနွေးကြမ်း တည်ကြ၊ လက်ဖက်သုပ်ကြ၊ ရွာအိမ်ဆိုင်ပြေးပြီး မုန့်တွေ ဝယ်ကြနှင့် ဧည့်ဝတ်ကျေလှသည်။ အများအားဖြင့် မန္တလေးဈေးချို မုန့်စုံတန်းမှ ရောင်းချသည့် ကြက်တူရွေးနှုတ်သီးခေါ် ဂျလေဘီမုန့် များကို ကျွေးသည်။
ရွာကအိမ်မှာ သာကြောင်း မာကြောင်းပြေ …၊ အရောင်းအဝယ် ကောင်းကြောင်းပြော..၊ ရေနွေးတစ်ပန်းကန် နှစ်ပန်းကန် တဖူးဖူး မှုတ်သောက်၊ လက်ဖက် တစ်စွန်း နှစ်စွန်း ကော်စား၊ ဂျလေဘီလေး တစ်မြို့ နှစ်မြို့ မြို့ပြီးနောက် လယ်တောထဲ ဆင်းကြရသည်။ သည်အချိန် လယ်တောထဲဆင်းတာက လယ်ယာလုပ်ငန်းခွင် ဝင်နေလို့မဟုတ်။ လယ်ယာသိမ်းပြီးနောက် လယ်ကန်သင်း မြောင်းတွေမှာ ငါးဖမ်းနေကြ သောကြောင့်ဖြစ်သည်။ ငါးဖမ်းသည်ဆိုရာမှာလည်း လယ်ကွင်းဘေး ချောင်းတွေ မြောင်းတွေကို လေလံဆွဲယူကြပြီး မြောင်းဘေး၊ ချောင်းဘေး မိသားစုလိုက် တဲထိုးနေထိုင်ကြကာ ငါးပက်ကြခြင်းဖြစ်၏။ရန်ကင်းတောင်ခြေအတိုင်း တောင်မြောက်သွယ်တန်းနေသော တူးမြောင်းကြီးရှိသည်။
ထိုမြောင်းကြီးမှ လက်တံမြောင်းတွေက အရှေ့အနောက် သွယ်တန်း၏။ ၁ဝ ပေမြောင်းဟု ရွာက ခေါ်ကြသည်။ ထိုဆယ်ပေမြောင်းမှ လယ်ကွင်းတွေထဲ ဖြတ်ပေါက်သော မြောင်းတွေထဲမှာ ငါးတွေရှိသည်။ ငါးပက်မည့်သူများက မြောင်းများကို လေလံဆွဲယူကြသည်။ ကျွန်တော်တို့သည် လယ်ကွင်းထဲက ငါးပက်သူများ၏ တဲများဆီ သွားရတာ အလွန်ပျော်ကြသည်။ တဲများမှာ ရောက်သည်ဆိုလျှင်ပဲ ကျောက်တုံးသုံးတုံးဖိုခုံလောက်ဆိုင်ထား ကာ ထင်းမီး မပြတ်ထိုးထားပြီး မှိုင်းဝနေသော မြေရေနွေးကရား အငွေ့တထောင်းထောင်းကို ခဏချကာ ဆီချေးဝနေသော ဒယ်အိုး တစ်လုံးကို တယ်သည်။ ထို့နောက် မြေပဲဆုံဆီ စစ်စစ်ထည့်ပြီး ဆီကျက်လျှင် ချက်ချင်း အနားရှိ အင်တုံပဲ့ထဲမှ စားဖို့ချန် ထားသော ငါးသုံးကောင်းကို ဆယ်ယူကာ ခေါင်းချက်ချင်းထုပြီး ဒယ်အိုး၌ တရှဲရှဲကြော်၏။
ဆုံဆီစစ်စစ်မှာ ငါးကြော်နံ့လေး သင်းလာချိန်တွင် ထမင်းအိုး မည်းတူးလန်ထဲမှ အရှေ့တောဆန်ဖြင့် ချက်ထားသည့် ထမင်းတွေ နှုတ်ခမ်းပဲ့ဇလုံကြီးထဲ ထည့်၊ ဒယ်အိုးထဲက ငါးကြော်ဆီတွေဆမ်း၊ ဆားဖြူးကာ နယ်ဖတ်ပြီး လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး ငါးကြော်များဖြင့် ထမင်းဆီဆမ်းစားရသည့် အရသာက ဘာနှင့်မျှ မလဲနိုင်။ တစ်ခါတစ်ရံ လယ်ကန်သင်းရိုးမှာ ပေါက်နေသော ငရုတ်သီး တောင့်လေးတွေ ခူးပြီး ရှူးရှူးရှဲရှဲ မြှုပ်စားရတော့ ထမင်းပိုမြိန်သည်။ တစ်ခါတစ်ရံ အိမ်ရှင်၏ အိုးထဲမှ ခရမ်းချဉ်သီးလုံးကွဲနှင့် ငါးဆားနယ်ချက် ယူစားကြသေး၏။
ဤသို့ဖြင့် လယ်ကွင်းထဲက ချောင်းတွေ မြောင်းတွေအထဲအထိ နှစ်ခေါက်က သုံးခေါက် ကြွေးတောင်းလိုက်ကာ ထမင်း ဆီဆမ်းနှင့် ငါးကြော် လေးငါးခြောက်ကောင် ဗိုက်ထဲရောက်ပြီးနောက် တဲရှင်မိသားစုနှင့် ရင်းနှီးသွားတော့၏။ ထိုအခါ အိမ်အပြန်တွင် လျှော်ကြိုးဖြင့် ပါးဟက် ဖောက်ကာ ငါးတွေ သီပေးတတ်သည်။ ဟင်းရွက်တွေ ခူးပေးတတ်သည်။ လယ်ပုစွန်လုံးတွေ နှိုက်ပေးတတ်သည်။ ကျွန်တော်တို့ကလည်း လယ်ကွင်း ထဲထိ မိသားစုလိုက် ပြောင်းရွှေ့ကာ ငါးရှာကြသည့် သူတို့ကလေးတွေနှင့် စကားစမြည်ပြောဖြစ်သည်။ မန္တလေးမှအလာတွင် ကလေးတွေအတွက် မုန့်ပဲသွားရေစာလေးတွေ ဝယ်ပေးဖြစ်သည်။
ကျွန်တော်သည် မြို့သာကုန်း လယ်ကွင်း တွေထဲက မိသားစုကို ကြည့်ပြီး ဖတ်ဖူးသော လူရွှန်း၏ ဝတ္ထုတိုလေးတစ်ပုဒ်ကို သတိရနေမိ၏။ လူရွှန်း၏ ဝတ္ထုတိုရေးကို စိုးမြိုင်က “နေရာဟောင်း” ဟု ဘာသာပြန်ပြီး၊ လူရွှန်းလက်ရွေးစင်စာပေ အတွဲ(၁)၊ အမှတ်(၁)တွင် ပါရှိသည်။ ဆရာဒဂုန်တာရာက “မွေးရပ်မြေ” ဟု ဘာသာပြန်ပြီး ၁၉၅ဝ တွင် တာရာမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့၏။ သို့သော် ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသည့် “မူးယစ်ဝေ သော နွေဦးညများ” မှသာ “မွေးရပ်မြေ” ကို ဖတ်ဖူးပါသည်။
(ဆက်ရန်)

Related posts

Leave a Comment

VOM News

FREE
VIEW