ဇူလိုင် ၂၉ ၊ ၂၀၂၅
GG (VOM)
ပဲခူးတိုင်း ၊ အုတ်တွင်းမြို့နယ် နဲ့ ထန်းတပင်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုမှာ လူလေးယောက် ရေစီးနဲ့မျောပါပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေစီးနဲ့မျောပါသေဆုံးသူတွေက ထန်းတပင်မြို့နယ်မှ တယောက် ဖြစ်ပြီး အုတ်တွင်းမြို့နယ်ရှိ မြင်းစုရွာ ၊ ရှမ်းဝါးတီးရွာ နဲ့ ပေါင်းလောင်းတိန်ရွာတို့မှ သုံးယောက်ဖြစ်ကြောင်း သေဆုံးတဲ့အထဲမှာ အသက် ၁၇ နှစ်အရွယ်ကောင်လေးလည်းပါတယ်လို့သိရပါတယ်။
” ရေစီးကတအားသန်တော့ ပါသွားတာ။ရှမ်းဝါးတီးကကောင်လေးဆိုနွားနဲ့ အတူရေဘေးရှောင်သွားတာကို နွားကလန့်ပြီးတော့ မျှောပါသွားတာ။ရေကခုထိလည်းတက်တုန်းပဲ ။” လို့ ဒေသခံကပြောပါတယ်။
လက်ရှိအချိန်ထိ စစ်တောင်းမြစ်ရေမြင့်တက်နေလို့ ထန်းတပင်မြို့နယ်နဲ့ အုတ်တွင်းမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေဆဲဖြစ်ပြီး အချို့အနိမ့်ပိုင်းကျေးရွာတွေမှာဆိုရင် အိမ်တွေနစ်မြုပ်နေပြီဖြစ်ကာ ရေဘေးသင့်သူတွေအတွက် သောက်ရေသန့်နဲ့ ထမင်းဗူးတွေ လိုအပ်နေတယ်လို့သိရပါတယ်။
ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရတဲ့ရွာတွေကတော့ ထန်းတပင်မှာဆိုရင် သောက်ရေခပ်ချောင်းနဲ့ စစ်တောင်းမြစ် ဆုံရာအနီးက ဒိုးသောင်ကျေးရွာ တောင်ဘက်ကမ်း/မြောက်ဘက်ကမ်း ၊ ကြို့ပင်ဆိပ်၊ သဖန်းချောင်း၊ ဥယျာဥ်စု ၊ ချောင်းဝ၊ပဲဲပုပ် စတဲ့ရွာအချို့မှာ ရေကြီးမှုကြုံတွေ့နေရတယ်လို့သိရပါတယ်။
အုတ်တွင်းမှာဆိုရင် စစ်တောင်းမြစ်ကမ်း အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ ချောင်းနားရွာ ၊သာဝရ၊ ဘန့်ဘွေးပင်ကျေးရွား၊ခေါင်းရမ်းကျေးရွာ၊အောင်းကြီးကျေးရွာ၊မြင်းစုကျေးရွာ၊လေးအိမ်စုရွာ၊ကုလားရွာ၊ရှမ်းဝါးတီးရွာ၊အုန်းပင်ရွာ၊ရွာသစ်ရွာ၊ဇီးဖြူခင်အလယ်ရွာ ၊ စတဲ့ မြစ်ကမ်းဘေးရှိ ကျေးရွာတွေမှာ ရေဝင်ရောက်နစ်မြုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
” အခုက ရေကတက်နေတုန်းပဲ။အကူအညီတွေလိုနေတယ်။အဓိကသောက်ရေသန့်တွေလိုနေတာ ။ထမင်းဗူးတွေလိုတယ်။ရွှေ့ပြောင်းထားသူတွေရော အိမ်မှာကျန်သူတွေရော အတွက်လိုအပ်နေတာပါ။” လို့ မြေပြင်ကူညီရေးလုပ်နေသူကပြောပါတယ်။
ထန်းတပင် နဲ့အုတ်တွင်းအပြင် တောင်ငူမြို့နယ်မှာလည်း အနိမ့်ပိုင်းနဲ့ ရပ်ကွက်အချို့မှာရေကြီးမှုတွေဖြစ်ပွားနေပြီး မြစ်ရေတိုးလာနေကြောင်း ၊ မုန်းမြို့မှာလည်း ရေကြီးနေပြီး ရွှေကျင်နဲ့ မဒေါက်မြို့၊ပဲခူးမှာလည်း ရေကြီးမှုတွေဖြစ်ပွားနေပါတယ်။
ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းတိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်မြင့်နေပြီး ၂၄ နာရီအတွင်း ပေဝက်ခန့်ထပ်တက်လာနိုင်တယ်လို့သိရပါတယ်။စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကိုလည်း ၅ ပေခွဲကျော်လွန်နေပြီး ၂၄ နာရီအတွင်း ၂ လက်မခန့်ထပ်တက်လာမယ်လို့ဆိုပါတယ်။
ရွှေကျင်မြစ်ရေကလည်း ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်လွန်နေပြီး ၂၄ နာရီအတွင်း ပေဝက်ခန့်ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒမှ သတိပေးထားပါတယ်။
ဓာတ်ပုံ – Badan Sai