ဆူးငှက်
တကယ်တော့ ကျွန်တော်တို့သည် ကြီးပြင်းခဲ့သော ဘဝသက်တမ်းမှ နေ့ရက်များစွာကို “ညလူ” များအဖြစ်နှင့်ပဲ ဖြတ်သန်း ခဲ့ကြသည်။ ကျောင်းသားအရွယ်ကလည်း ညမှာမှ စာကျက်မည်။ သို့မဟုတ် ညဈေး တန်းသွားချင်သွား၊ သို့မဟုတ် ထိုအချိန်က ဆူဖြိုး လှသော မန္တလေး၏ ပွဲဈေးတန်းများ၏ အငြိမ့်ခုံများမှာ အချိန်ကုန်ချင်ကုန်၊ သို့မဟုတ် စာတစ်အုပ်ကို ခုတုံးလုပ်ကာ အလင်းဆိုင် လက်ဖက်ရည်စားပွဲများ၌ သန်းခေါင်ကျော်ချင် ကျော်ခဲ့ကြသည် မဟုတ်ပါလား။
ထိုအခါ ရေဒီယိုမှ နံနက်ချိန်ခါ တေးသံသာသည် ဝဲနံတောင်းမှ ယာနံတောင်း စောင်းအိပ်သည့် အချက်ပေးသံလောက် အောက်မေ့ခဲ့သည်။ ထို့ကြောင့် နံနက်(၉)နာရီ ဆိုတာ ပုံမှန် အိပ်ရာနိုးထချိန်။ သည်အချိန်မှထသော်လည်း စားစရာ သောက်စရာကို ဈေးရောင်းမထွက်မီပင် အဆင်သင့်စီစဉ်ပေးဖို့ ဘယ်သော အခါမျှ မပျက်ကွက်ခဲ့သော မိဘကျေးဇူးကလည်း ချော့သိပ်ပေးခြင်းတစ်မျိုး ဖြစ်ပါ၏။
သတင်းစာတိုက်ကြီးတစ်တိုက်တွင် ညအယ်ဒီတာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော ဆရာသမားတစ်ဦးက သတင်းစာ တိုက် ပိတ်သွားသော်လည်း ညဖောင်ပရု(ပ်) ကြည့်မပြီးမချင်း မှေးမရသောမျက်စိ အကျင့်ကို ရေဒီယိုလေးတစ်လုံး အဖော်ပြုကာ ကမ္ဘာအရပ်ရပ်ရှိ လေလှိုင်းပေါင်းစုံ နားထောင်ပြီးမှ အိပ်ရာဝင်လို့ ရသည်ဟု ဆိုခဲ့ဖူး၏။ ကျွန်တော်တို့ မျက်လုံးများကတော့ ထိုကဲ့သို့ လေးနက်သည့် လုပ်ငန်းများကြောင့်မဟုတ်ဘဲ အပျော်အပါးများကြောင့် အကျင့်ပါနေမှုအပေါ် ဂုဏ်ယူစွာ ပြောဆိုနေရခြင်းကဖြင့် စပ်ဖျဉ်းဖျဉ်းနိုင်လှပါသည်။ ထားပါတော့။
ထိုစဉ်ကာလများက နံနက်စောစောထဖြစ်သည့် နေ့ရက်များကိုတော့ လက်ချိုးရေတွက် မှတ်မိနေပါသေး၏။ ဇာတ်ပွဲကြည့် ပါသနာပါလှသော ဖခင်က တစ်ရေးနိုးလျှင် မိမိအား နိုးကာ ဇာတ်ပွဲ၏ နှစ်ပါးသွား စခန်းချအမီ သွားပြီး နောက်ပိုင်းဇာတ်တော်ကြီးများကို အရသာခံကြည့် တတ်၏။ ထို့ကြောင့် မိမိလည်း အရုဏ်မတက်မီ နိုးထခဲ့ရသော နေ့ရက် များ ရှိခဲ့ဖူးပါသည်။ သံပတ်ပေးနာရီမှ နံနက် (၃) နာရီ ကလင်ကလင် နှိုးခတ်သံမှာ သားအဖနှစ်ယောက် အိပ်ရာမှ လူးလဲထပြီး ကမန်းကတန်း မျက်နှာသစ်၊ အပေါ်အင်္ကျီလေး ကောက်စွပ်၊ ဖခင်က တဘက်ခေါင်းပေါင်း ကာ နှစ်ယောက်သား ဇာတ်ပွဲသံကြားရာဆီ ခပ်သွက်သွက်သွားကြတော့ ဒေါ်အုန်းကြည် အကြော်ဖိုက မီးတရဲရဲဖြင့် ဆီကျက်စပြုနေပြီ။ ဒေါ်လှရီ ကောက်ညှင်းပေါင်းအိုးက အငွေ့ချောင်းချောင်းထနေ၏။ ဦးဘစိမ်း လက်ဖက်ရည်ဆိုင်မှာ ကျွန်းထဲက စိမ်းစားဥလှည်းနှစ်စီးရပ်ပြီး ကျောက်ပန်းတောင်းနှစ်ခွက် မှာနေကြပြီ။
ရွှေတချောင်းအနောက်ဘက် ပျံကျဈေးတန်းမှာတော့ မီးခွက်တလက်လက်ဖြင့် ကားလမ်းပိတ်မျှ ရောင်းဝယ်ဖောက်ကားနေကြပါ ပကော။ ဟော ၈၅ လမ်းထိပ်၊ ဦးကာက လက်ဖက်ခြောက်တိုက်ရှေ့မှာ အမှတ်(၈) ကားက “တောင်မြို့၊ တောင်မြို့” ဟု တစာစာဟစ်ရင်း ဂီယာတဒီးဒီး ထိုးနေပြီ။ ယိုးဒယာဈေးဝင်း ကျုံးပေါ်တော်မူ ဓမ္မာရုံပွဲမှ မြို့တော်ဝင်းမြိုင်၏ နှစ်ပါးသွား ခွန်းထောက်သံက ကျွန်တော်တို့ ခြေလှမ်းများကို ပိုသွက်စေ၏။
ရုံတော်ကြီး ဒေါ်စင်းရုံဆီချက်ဆိုင်မှ ခေါက်ဆွဲပြုတ်နံ့က တစ်လမ်းလုံး သင်းနေသည်။ မြင်းမူလေယာဉ်ပျံကားက နံပါတ်(၃) ကားပင် လူပြည့်နေ၏။
ဤသို့ဖြင့် ဇာတ်ပွဲမှာ သားအဖနှစ်ယောက် သံဃာစင်နံဘေး မင်းလမ်းပေါ်ရောက်တော့ နှစ်ပါးသွားက စခန်းချနေပြီ။ “ကွမ်းဆော်” နောက်ပိုင်းဇာတ်ကို ကြည့်ရှုအပြီး ဇာတ်ပေါင်းကြတော့ ဓမ္မာရုံက ဆွမ်းကြီး လောင်းတာ ပြီးလုပြီဖြစ်၏။ အား … မနက်(၆)နာရီ။
ဇာတ်ပွဲအပြန် ၈၁ လမ်းမှာ၊ ၂၉ လမ်းမှာ ပျားပန်းခပ် လှုပ်ရှားနေပါပြီ။ မြင်းလှည်းတွေ တခွပ်ခွပ်ပြေးနေပြီ။ တရုတ်တန်း ဈေးသည်တချို့ ဈေးတောင်းအခွံဆောင်းကာ ဈေးနုတ်ရေတွက်ရင်း အိမ်ပြန်ကြပြီ။ ဘတ်စ်ကားများက အင်ဂျင်ပင်ဆူတော့မည်။ ၈၂ လမ်းထိပ်၊ သံဂဟေဆိုင်မှာ သံတံခါးတစ်ချပ် ဂဟေဆော်ပြီးပြီ။ ဝှာရုံဓာတ်ပုံတိုက်မှာ မနေ့က ရိုက်ပြီး ဖလင်များ ခဲထိုးပြီးနေ၏။ ၂၉ လမ်း ဘုံဆိုင်တွင် ညရောင်းဖို့အတွက် ဘီအီးစည်ကို ဖွင့်နေပြီ။ ၂၉ လမ်းထောင့်က ကီးရော့ဆိုင်လေးတွင် ဘကြီးမောင်က မိုးဝေမဂ္ဂဇင်းများကို အဖုံးချုပ်ပြီး နဂါးစာပေတံဆိပ်တုံးကို တဒုံးဒုံး ထုနေသည်။
ထီးတိုင်ဈေးပင် ဈေးကွဲလုပြီ။
ကျွန်တော်တို့သားအဖသည် ထုံးဘူးတန်းက သက်သာလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ဝင်ပြီး တိုကင်(၄) ပြားဝယ်ကာ နံပြား တစ်ချပ်၊ လက်ဖက်ရည်တစ်ခွက်စီ မှာတော့ နံပြားမရတော့သဖြင့် ဗန်းမုန့်တစ်လုံးစီ ကောက်ကိုင်လိုက်ရသည်။ အချိန်က ဘာရှိဦးမလဲ၊ မနက်(၇)နာရီ။
အိမ်ပြန်ရောက်တော့ အမေ ဈေးရောင်းထွက်သွားပြီ၊ အိမ်မှာ ထမင်းဟင်း အားလုံးချက်ပြီးပြီ၊ ဆွမ်းတော်တင်ပြီးပြီ။ ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်များ ဆွမ်းလောင်းပြီးပြီ။ ကျွန်တော်အခါတိုင်း အိပ်ရာမှ ထနေကျ မနက်(၉)နာရီရောက်ဖို့ လိုသေးပါလား။ ထိုမနက်ပိုင်းအတွင်း မှာပင် အလုပ်တွေအများကြီး လုပ်ပြီးကြပြီ။ လူတွေအားလုံး ခြေလှမ်းသွက်သွက် လှမ်းသွားကြတာ ခရီးအတော် အတန် ရောက်ကုန်ကြပြီ မဟုတ်ပါလား။ တအင်းအင်း ညည်းညူအပျင်းဆန်ကာ အိပ်ရာထဲ ဘယ်ပြန် ညာပြန် လူးလဲအိပ်နေသော ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအတွင်း မနက်စောစောထသူများက သူတို့ဘဝကို ခိုင်ခံ့စွာ တည်ဆောက်၊ ရှေ့ရောက်ကုန်ကြလေပြီ။
သို့သော် ထိုအသိ၊ ထိုအတွေးကား ထိုစဉ်၊ ထိုကာလက တွေးခဲ့ သောအတွေး၊ သိခဲ့သောအသိ မဟုတ်။ ယခုမှ ပြန်လှန်သတိရ နောင်တရ နေခြင်းပင် ဖြစ်ပါ၏။
(ဆက်ရန်)
