ဩဂုတ် ၉ ၊ ၂၀၂၅
GG (VOM)
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်၊ အစည်းအရုံးဝင်အဖြစ်လျှောက်ထားဆဲ အနုပညာရှင်နဲ့ အတတ် ပညာရှင်တွေ ပါဝင်တဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယို ဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေ ကိုသာ ရိုက်ကူးခွင့်ပေးပြီး ဆင်ဆာကြည့်ရှုခွင့်ထောက်ခံချက် ပေးတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၈ ရက်မှာ အသိပေးလာပါတယ်။
အဆိုပါ ဆောင်ရွက်ချက်စနစ်သစ်ကို လာမယ့် အောက်တိုဘာလ ၁ ရက် မှစပြီး စတင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ခုလိုသတ်မှတ်လိုက်တဲ့အပေါ် ဒါရိုက်တာ ညိုမင်းလွင်က “ဒါကြီးက ဘယ်လိုစိတ်ကူးနဲ့လဲတော့ကျွန်တော်လည်းမသိပါဘူး။ကျွန်တော်တို့တလျှောက်လုံးသိထားခဲ့တာက ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်လျှောက်ထားဖို့ဆိုတာသတ်မှတ်ထားတဲ့ရုပ်ရှင်၊ဗီဒီယိုကားအရေအတွက်ပြည့်အောင်ရိုက်ဖူးထားမှရမယ်။ အဲဒီလိုမရိုက်ဖူးသေးပဲနဲ့ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်လျှောက်ထားလို့မရဘူး။ခုက အဲဒီလိုအစည်းအရုံးဝင်အဖြစ်လျှောက်ထားမှပဲကားထဲမှာခေါ်ရိုက်လို့ရမယ်ဆိုတော့ တကားမှမရိုက်ဖူးလည်းလျှောက်လို့ရနေပြီလား။” လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတော့ ခုလိုဆောင်ရွက်တာက ရုပ်ရှင်လောကသားတွေအတွက် ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနဲ့ အစည်းရုံးဝင်ဖြစ်ဖို့အတွက်က ယခင် သတ်မှတ်ထားတဲ့ အချက်နဲ့အညီသာ ဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။
“စာထဲကအတိုင်းပဲ။ကိုယ့်လူတွေထိမှာစိုးလို့စာထုတ်တာ။ အစည်းရုံဝင်ဖြစ်ဖို့ကသတ်မှတ်အချက်အတိုင်းပဲလေ။လူတိုင်းဘယ်ဝင်လို့ဘယ်ရမလဲ။ဝင်ဖို့ ကားမပြည့်ရင် ကားထည့်ရမယ်ဆိုထည့်ပေါ့။မပြည့်သေးရင်လျှောက်ထားဆဲပေါ့။လျှောက်ထားဆဲဆိုရင်လည်း ခေါ်ရိုက်လို့ရတယ်။သတ်မှတ်ချက်ကို ချိုးဖောက်အရင်အကုန်ဖျက်ကုန်မှာပေါ့။” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးမှတာဝန်ရှိသူဦးအေးကြူလေးကပြောဆိုပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ၁၉၉၆ ရုပ်ရှင်ဥပဒေပါပြဌာန်းချက်များအရ ရုပ်ရှင်နှင့်ဆက်စပ် သော လုပ်ငန်းလိုင်စင်များ လျှောက်ထားပါက ထောက်ခံချက်ပေးရခြင်း၊ အများပြည်သူကို ပြသမယ့် ရုံတင် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို အစရှိသည်တို့ ရိုက်ကူးတဲ့အခါရိုက်ကူးခွင့်ပေးခြင်း၊ ဆင်ဆာကြည့်ရှုပေးပါရန် ဆင်ဆာအဖွဲ့ကို ထောက်ခံ တင်ပြပေးခြင်းကို နိုင်ငံတော်တည်ဆဲဥပဒေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဖွဲ့စည်းပုံ ပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရကြောင်း ထုတ်ပြန်စာမှာ အသိပေးထားပါတယ်။
ရုပ်သံတွေ ရိုက်ကူးပြီး အွန်လိုင်းကနေ ထုတ်လွှင့်နေတဲ့ ဆယ်လီတွေအနေနဲ့လည်း ဆင်တာတင်မယ်ဆိုပါက အစည်းရုံးဝင်ဖြစ်ဖို့လိုအပ်ပြီး ဆင်တာမတင်ရင်တော့ မလိုအပ်ဘူးလို့သိရပါတယ်။
” ဆင်ဆာတင်ရင်လိုတာပေါ့။မတင်ရင်တော့ မလိုဘူးပေါ့။တချို့ထုတ်လွှင့်နေတာတွေလည်း ဆင်တာတင်တာရှိတယ်။မတင်ဘဲ ထုတ်လွှင့်နေတာရှိတယ်။အဲဒါတွေကပြောရမှာနည်းနည်းရှုပ်တယ်။ ” လို့ ဦးအေးကြူလေးက ထပ်မံပြောပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယိုနဲ့ တေးသီချင်းတွေကို ရိုက်ကူးထုတ်လွှင့်မယ်ဆိုရင် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံ တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူရမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိမှာ AWS+ နဲ့ cmapp.tv. အက်ပလီကေးရှင်း နှစ်ခုကို စည်းမျဥ်း စည်းကမ်းချက်မလိုက်နာဟုဆိုကာ ဥပဒေနဲ့အညီအရေးယူဖို့ဆောင်ရွက်နေကြောင်း၊ အဆိုပါAWS+ နဲ့ cmapp.tv တို့က စိစစ်ရေးအဖွဲ့ထံတင်ပြထားခြင်းမရှိဆဲ့ ရုပ်ရှင်ဇာတ်ကားကို အက်ပလီကေးရှင်းကနေထုတ်လွှင့်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ကအသိပေးထားပါတယ်။
