အမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်း အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ်ခံ

ဩဂုတ် ၉ ၊ ၂၀၂၅
GG(VOM.)
အမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်းကို ဩဂုတ် ၈ရက်မှာ ပြင်ဦးလွင်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
ကိုဇော်ဘုန်းဟိန်း ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ကန်ကြောင်း ပေါက်ကိုယ်တော်ကလည်း အတည်ပြုပြောဆိုထားသလို မိသားစုဝင်ဘက်ကလည်း မီဒီယာသမားတယောက်ကိုပြောဆိုထားပါတယ်။
ပေါက်ကိုယ်တော်က “ကိုဇော်ဘုန်းဟိန်းကိုအမိန့်ချလိုက်ပါပြီ။ ၁၁ နှစ်လို့သိတယ်။ကိုဇော်ဘုန်းဟိန်းကိုဝန်းရံတဲ့သူတွေ အနီးကပ်လူတွေ ပြည်ပကိုအားမကိုးပါနဲ့၊တခါတလေ ပြည်ပကြောင့်ဒုက္ခရောက်သွားသူတွေရှိပါတယ်။ပြည်ပကလူတေ်ကဘာမှလုပ်မပေးနိုင်ပါဘူး။အဲတော့ ဦးဇင်းတို့က ကိုဇော်ဘုန်းဟိန်းကို လွတ်ငြိမ်းပဲမျှော်ရတော့မယ်။ဘာပြောပြော ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတော့ ဥပဒေအလုပ် ဥပဒေအတိုင်းလုပ်မှာ ဥပဒေအတိုင်း ဆော်မှာပဲ။အပြစ်ပြောလို့မရဘူး။လွတ်ငြိမ်းကိုပဲမျှော်ရမယ်။ကိုဇော်ဘုန်းဟိန်းကလည်းသူ့ကိုအမိန့်ချပေမယ့် ပျော်ပျော်ကြီးပါဘဲ။ အပြုံးမပျက်ပါဘူး။” လို့ လူမှုကွန်ယက်စာမျက်နာကနေ ပြောဆိုထားပါတယ်။
ကိုဇော်ဘုန်းဟိန်းကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ခ)(၁၅)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က) အပါအဝင် ပုဒ်မအချို့အတွက် အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
ကိုဇော်ဘုန်းဟိန်းအနေနဲ့ ရန်ကုန် တောင်ဒဂုံရဲစခန်းမှာ လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က အမှုဖွင့်တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ အတွက် အမှု ထပ်မံရင်ဆိုင်ရအုံးမှာဖြစ်တယ်လို့သိရပါတယ်။
ဒေါ်မိုးမိုးခိုင်က “အမှုတွေကမပြီးသေးပါဘူးရှင့်။ တရားခွင်မှာဆက်လက်စစ်ဆေးနေပါတယ်။ ထောင်တွင်းတရားရုံးမှအမိန့်ချပြီးရင် ရန်ကုန်တောင်ဒဂုံကအမှုကျန်ပါသေးတယ်ရှင့်။အချိန်တခုရောက်ရင် ပြည်သူတွေကိုသိအောင် ကျွန်မ live လွှင့်ပြီးပြောကြားပေးပါ့မယ်။ ” ဆိုပြီး လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။
ကိုဇော်ဘုန်းဟိန်းကိုတော့ ဇွန်လ ၂ ရက်နေ့မှာ ပြင်ဦးလွင်နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီးနောက် နှစ်လအကြာမှာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဇော်ဘုန်းဟိန်း ထောင်ချခံရတာနဲ့ပတ်သက်ပြီး စစ်တက္ကသိုလ်ဆင်း အရာရှိတယောက်က ” တရားမဝင်သစ်ကယ်ရီလုပ်၊တရားမဝင်လက်နက်ကိုင်ဆောင်ပြီး စစ်တပ်ကိုဖားသလို စပီကာလိုလိုနဲ့ အရက်လေးဝင်လာတာနဲ့
စစ်တက္ကသိုလ် ကျောင်းဆင်းတွေကို အပတ်စဉ်တပ်ပြီး ဆဲလိုက်စိန်ခေါ်လိုက်လုပ်တဲ့ဇော်ဘုန်းဟိန်းဆိုတဲ့ လူတော့ ထောင်(၁၁)နှစ်တဲ့။” ဆိုပြီး လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
မတ်လ ၂၅ ရက်ကလည်း အမျိုးသားရေးလှုပ်ရှားသူ ဦးငါးမင်းဆွေကို အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅ ကအရ အလုပ်နဲ့ထောင်သုံးနှစ်ချမှတ်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW