ကိုဗစ်ချေးငွေယူပြီး ပြန်မဆပ်တဲ့ စစ်ကိုင်းတိုင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူမယ်

ဩဂုတ် ၁၂ – ၂၀၂၅
SN (VOM)
နိုင်ငံတော်မှ ကိုဗစ် – ၁၉ ချေးငွေ ရယူပြီး ပြန်လည် ပေးဆပ်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က မနေ့ ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။
အဆိုပါ လုပ်ငန်းရှင်တွေအတွက် ၎င်းတို့ရဲ့ လုပ်ငန်းမှာ အထောက်အကူ ပြုစေဖို့ အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေတွေ ထုတ်‌ချေးပေးထားခဲ့တာဟာ သက်တမ်းစေ့ ရောက်ရှိနေပြီ ဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ချေးငွေ ပြန်ဆပ်ရမယ့် ကာလကို အကြိမ်ကြိမ် ထပ်မံ တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ဖြစ်တာကြောင့် ချေးငွေတွေ ပြန်လည် ပေးဆပ်ရမယ့် ကာလကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြန်မဆပ်ပါက စီမံခန့်ခွဲ‌ရေး ပြစ်ဒဏ်တွေအပြင် တရားဥပဒေအရပါ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က “အခုကာလကတော့ အကုန်လုံး ခက်ခဲနေကြတဲ့ အချိန်ပါ။ ငွေကြေးစီးဆင်းမှု ခက်ခဲနေတယ်။ တချို့ လုပ်ငန်းတွေ ရပ်ထားရတာမျိုးရှိတယ်။ SME လုပ်ငန်းရှင်တွေ ဆိုရင်လည်း တော်တော်များများက နေရာအငှားတွေနဲ့ လုပ်နေကြရတာ ဆိုတော့ အဆင်မပြေကြဘူး။ အခုကတော့ စာလည်း ထုတ်ထားပြီဆိုတော့ ဆပ်ရတော့မှာပေါ့လေ။ လက်ရှိကတော့ ကျွန်တော်တို့ဆီ စာမရောက်သေးဘူး။ ပြန်ဆပ်ဖို့ကတော့ ဒီအချိန်ကတော့ အားလုံးက ခက်ခဲနေကြတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ လုပ်ငန်းရှင်တွေ အနေနဲ့ စီးပွားရေး ကျဆင်းခြင်း၊ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ သွင်းကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်း၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်း၊ လောင်စာဆီ ဈေးနှုန်းတွေ ကြီးမြင့်ခြင်း၊ ပြတ်လပ်ခြင်း၊ သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာခြင်း အစရှိတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကိုဗစ်ချေးငွေဟာ လုပ်ငန်းရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနေပြီး ဒါနဲ့ပတ်သက်လို့ သင့်လျော်တဲ့ စနစ်တခု ရေးဆွဲချမှတ်မှသာ အဆင်ပြေနိုင်မယ်လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ဒီကာလမှာက လုပ်ငန်းရှင် အတော်များများက လုပ်ငန်း ဆက်ပြီး လည်တည်နိုင်ဖို့ကို တော်တော်လေး ကြိုးစားနေရတယ်။ ကုန်ကြမ်းဈေးနှုန်းတွေ တက်လာတယ်။ ဒါပေမယ့် တဖက်မှာ ဝယ်လိုအားက မရှိဘူး။ ဒီလို အခြေအနေတွေ ကြားထဲမှာ မနည်း ကြိုးစားရုန်းကန်နေကြရတဲ့ အနေအထား ဖြစ်တယ်။ ဒါကြောင့် ချေးငွေပြန်ဆပ်ကာလ သတ်မှတ်ချက်ကို ပြန်သုံးသပ်ပေးဖို့တော့ လိုပါတယ်” လို့ သူက ပြောပါတယ်။
ကိုဗစ် – ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအနေနဲ့ ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့ နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်တွေအတွက် ချေးငွေသက်တမ်း တနှစ်၊ အတိုးနှုန်း ၁ ရာခိုင်းနှုန်းနဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှာ ငွေကျပ် ၂၀၀ ဘီလီယံကို ထုတ်ချေးပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါချေးငွေ ၂၀၀ ဘီလီယံကို နိုင်ငံတော်ရဲ့ လှည့်ပတ်ရန်ပုံငွေ ကျပ် ၅၀ ဘီလီယံနဲ့ အထွေထွေ ပိုလျှံရန်ပုံငွေမှ ကျပ် ၁၅၀ ဘီလီယံ ထုတ်ချေးပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ထုတ်ချေးပြီးတဲ့နောက် ချေးငွေသက်တမ်း တနှစ်ပြည့်မြောက်ချိန် ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်မှာ ပထမအကြိမ် ခြောက်လ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှာ ဒုတိယအကြိမ် ခြောက်လနဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ တတိယအကြိမ် တနှစ် သက်တမ်းတိုးပေးခဲ့ပြီး စုစုပေါင်း သက်တမ်း သုံးနှစ်အထိ ခွင့်ပြုပေးထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ချေးငွေသက်တမ်း တနှစ် ပြည့်မြောက်ပြီးနောက် စုစုပေါင်း သုံးနှစ်ကြာတဲ့အထိ ချေးငွေသက်တမ်းတွေ တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာတော့ အဆိုပါ ချေးငွေတွေကို ပြန်ဆပ်ဖို့ အစိုးရက အသိပေး ပြောဆိုနေတာဖြစ်ပါတယ်။
အခု ၂၀ ၂‌၅ ခုနှစ်မှာ ချေးငွေ သတ်မှတ်ကာလ များစွာ ကျော်လွန်နေပြီဖြစ်ပြီး လက်ရှိ အချိန်အထိ ချေးငွေ ၇၅ ဘီလီယံခန့်သာ ပြန်လည် ကောက်ခံထားနိုင်သေးတယ်လို့ သိရပါတယ်။
ဒါကြောင့် ပေးဆပ်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းတွေအနက် ငလျင်ဘေးဒဏ်ကြောင့် အမှန်တကယ် ထိခိုက် ခံစားခဲ့ရတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်လုပ်ငန်းတွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်ကုစားရေးလုပ်ငန်း ညှိနှိုင်းကော်မတီ အစည်းအဝေးမှာ အသိပေး ပြောဆိုထားပါတယ်။
လက်ရှိမှာ ချေးငွေ ရယူထားပြီး အဆက်အသွယ် မရရှိတဲ့ လုပ်ငန်းရှင် အရေအတွက်ဟာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ စုစုပေါင်း အယောက် ၄၀၀ ကျော် ရှိနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ ကိုဗစ်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ပြည်ပပို့ကုန် ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့တဲ့အထိ ထုတ်လုပ်မှု ကွင်းဆက်တလျှောက် ပါဝင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို ထုတ်ချေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ ချေးငွေကို စားသောက်ကုန် ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေအပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာကဏ္ဍရှိ ကုမ္ပဏီ/လုပ်ငန်းတွေကိုလည်း ထုတ်ချေးပေးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW