ဆူးငှက်
တကယ်တော့ ကျွန်တော်က သီချင်းဆို ပါရမီမပါလှပါ။ ငယ်ရွယ်စဉ်ကာလ ဝါဆိုပန်းကပ်ပွဲတွင် ရပ်ကွက်တီးဝိုင်းလေးက အနောက်ပြင် တောင်သမန်တိုက် သဖန်းကျောင်း၌ တီးမှုတ်ဖျော်ဖြေတော့ ထပ်တရာလန်းသီချင်းက ပင်တိုင်ပါဝင်သည်။ ထိုသီချင်းကို ဦးလေးဖြစ်သူ ကိုကျော်သီဆိုသောအခါ”ငွေစမ်းရောင် မြူးယှက် ကူးနေ ကြည်နူးအေးမြသီတာရေ” ဟု သီဆိုစဉ် ကျနော်တို့ ကလေးတဖော်က ကိုကျော် ကိုင်ထားသည့် မိုက်နား နီးနိုင်သမျှနီးအောင် ကပ်ပြီး “ကြည်နူးအေးမြသီတာရေ” ဟု အလုအယက် စကင်းလိုက်ကြသည်။ ထို စာသားလေး ၅လုံးကို စကင်းလိုက်သည်ကိုပင် ကျနော့အသံက ဘယ်လိုမှ ကီးမကိုက်တော့ ကိုကျော်က မျက်စောင်းထိုးပြီး မေးဖြင့်ငေါ့၍ နောက်ဆုတ် အပြင်ထွက်ခိုင်းသည်။
ဟော.. အဖေအမေနှင့် နွေအခါ ရွာပြန်ကြလို့ အလှူတွေမှာ တောင်ရပ်တီးဝိုင်း အလှူလှည့် တီးမှုတ်တော့ တီးဝိုင်းနောက်တွင် ဝါးလုံးကိုင်ပြီး ဒုတ်တိုနှင့် နှက် စည်းချက်လိုက်ရာတွင်လည်း ကျနော်က ပါလိုက်သေးသည်။ ရွာ၏ မောင်းဆိုင်းတီးဝိုင်းက ဝါးလုံးလျှိုထမ်းသည့် ပတ်မကြီးကို တဗိန့်ဗိန့်တီးရင်း တီးလုံးအရုန်းကျ “ဟုတ်ပေ့ဗျို” ဟု အော်ရတော့လည်း ကျနော့အသံက ကီးမကိုက်ဘဲ ချွန်ထွက်နေသည်။ ထိုအခါ တီးဝိုင်းခေါင်းဆောင် ကာလသားခေါင်း ကိုအောင်မောင်းက မျက်လုံးပြူးပြပြီး သတိပေးလို့ အသံတိတ်လိုက်ရပြန်၏။
အခုတော့ သီချင်းတွေကို ဌာန်ကရိုဏ်းကျကျ မဆိုတတ်ပေမင့် “ကီး”ဟုဆိုသည့် သဘောတော့ ရိပ်စားမိသလိုရှိနေပါပြီ။ အရပ်တီးဝိုင်းမှာ ထပ်တရာလန်းသီချင်းကို “အေးမြသီတာရေ” ဟု ကီးကိုက် စည်းကိုက် စကင်းလိုက်နိုင်ပါပြီ။
ထို့အတူ ရွာက မောင်းဆိုင်း ခါးပြတ်ဝိုင်းလေးနောက်မှာ ကလေးတွေနှင့် ဝါးတလုံးကိုင်၍ တဖြောင်းဖြောင်းတီး စည်းဝါးလိုက်ရင်း “ဟုတ်ပေဗျို” ဟု အသံမှန် ကီးမှန် အော်နိုင်ပါပြီ။ တခုပါပဲ ရွာမှာ အရင်လို အလှူအတန်းတွေရှိပြီး ဆိုင်းသံ ဗုံသံ သီချင်းသံတွေ ဝေစည်နေဖို့တော့လိုသည်။ ဘာပဲပြောပြော ရွာလေး အေးချမ်းသာယာဖို့ နေ့ညမပြတ်ဆုတောင်းနေရပါ၏။
ဆူးငှက်
