ဩဂုတ် ၂၅၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ထဲ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက နလအ တပ်ဖွဲ့ ဝင်ရောက်လာပြီး တပ်ဖြန့်နေရာယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှော်ဆီစာ ကနေ နလအ စစ်ကြောင်းတွေ ဝင်လာချိန် မြို့ဝင်ပန်းတင်တံတားမှာ အမျိုးသမီး တယောက် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“”ကနဦး သိရတာနော်။ ခုက အမျိုးသမီးပဲလည်း ပြောနေတယ်။ တိုက်ပွဲ ဖော်ဆောင်တဲ့ ပုံစံတော့ မဟုတ်ဘူး။ နေရာဖြန့်ယူနေတာဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
ကာမိုင်းနဲ့ ဖားကန့် လမ်း ပေါ်လည်း သူတို့ နေရာ ယူကုန်ပြီဆိုတာလည်း သေချာတယ်လို့ သူက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသမီးက စစ်ကြောင်းကို ပြန်လှည့်အကြည့် ပစ်ခတ်ခံရတာဖြစ်ပြီး စစ်ကြောင်းကို ထွက်ကြည့်တဲ့ ရဲတွေပါ ပစ်ခတ်ခံရတာရှိတယ်လို့ သိရပြီး ဖားကန့် ဘောလုံးကွင်းဘက်မှာလည်း လက်နက်ကြီး ကျကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ယမန်နေ့ညက လုံးခင်း နှစ်မျက်နှာ ဘုရားအနီး လက်နက်ကြီးကျလို့ ကျောက်ဝိုင်းက လူတွေ ထိတ်လန့် စိုးရိမ်က ထွက်ပြေးကြရတယ်လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“လက်နက်ကြီးက လုံးခင်း ကျောက်ဝိုင်းမှာကျတာတော့ မဟုတ်ဘူး။ တခြားနေရာကျတာ။ နှစ်မျက်နှာဘုရားဘက်” လို့ သူက ပြောပါတယ်။
ဒီမနက် အစောပိုင်း ၂ နာရီခန့်ကလည်း ဂရေ့စ်ဆေးရုံနားမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တာရှိပေမယ့် မပေါက်ကွဲဘူးလို့ သူက ပြောပါတယ်။
ယမန်နေ့ညကတော့ လက်နက် ပစ်ခတ်သံတွေ ဆူဆူညံညံ ကြားနေရပြီး လယ်ပြင် အလက ပေါ်ကနေ လက်နက်ကြီး ပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာတော့ မကြာခဏ တိုက်ပွဲတွေရှိနေပြီး လက်နက်ကြီးကျရောက်ကာ ဒေသခံတွေ ထိခိုက်မှုလည်း မကြာခဏ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
Video Crd# KMT (လုံးခင်းကျောက်ဝိုင်းအနီး လက်နက်ကြီးကျရောက်မှု)
