ဩဂုတ် ၂၅ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်အတွင်းမှာရှိတဲ့တ ရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ကျောပိုး အိတ်ချုပ်တဲ့ အထည်ချုပ် စက်ရုံတရုံဟာ လုပ်ငန်းတွေကိုရပ်ဆိုင်းပြီးအပြီးပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ အဲဒီစက်ရုံမှာအလုပ်လုပ် ကိုင်နေကြတဲ့အလုပ်သမားဝန်ထမ်းတွေရဲ့ပြောပြမှုအရ သိရပါတယ်။
အဲဒီစက်ရုံဟာ တရုတ်နိုင်ငံသားလုပ် ငန်းရှင်ပိုင်ဆိုင်တဲ့တွင်ကယ်စ်မြန်မာကုမ္ပဏီလိမီတက်(Twinkle Myanmar)စက်ရုံဖြစ်တယ်လို့ ကနဦးအနေနဲ့ သိရှိရပြီးကျောပိုး အိတ်တွေကိုအဓိကထားချုပ်လုပ်တဲ့စက်ရုံတခုဖြစ်တယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
ဒီလိုစက်ရုံလုပ်ငန်းတွေကိုရပ်ဆိုင်းပြီးပိတ်သိမ်းလိုက်တာဟာ အမေရိကန်ရဲ့ အခွန်ကိစ္စကြောင့်ဖြစ်တယ်လို့လည်းအဲဒီစက်ရုံမှာအလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမားဝန်ထမ်းတွေကပြောပြထားကြပါတယ်။
“အခွန် ၄၅ ရာခိုင်နှုန်းမပေးနိုင်တော့လို့ဆိုပြီးပြောတယ်။စက်ရုံမှာရှိတဲ့အလုပ်သမားတွေအားလုံးကိုတော့နစ်နာကြေးတွေလျော်ကြေးတွေ စက်ရုံဘက်ကပေးပါတယ်။သူဌေးကသဘောကောင်းပါတယ်။လစာလည်းအပြည့်အဝပေးတယ်။ကျော ပိုးအိတ်တွေလည်းလက်ဆောင်ပေးတယ်”လို့ အဲဒီစက်ရုံကမြန်မာအလုပ်သမားဝန်ထမ်းတယောက်က ပြောပြထားပါတယ်။
အခုလိုစက်ရုံကိုပိတ်သိမ်းလိုက်တဲ့အပေါ်မှာဝမ်းနည်းစိတ်မကောင်းဖြစ်မိတယ်လို့လည်း စက်ရုံလုပ် သားတွေကဝမ်းနည်းစကားဆိုထားတာကိုတွေ့ရပါတယ်။
ဒါအပြင်အခုဩဂုတ်လ ၁ ရက်နေ့ကစလို့ မြန်မာအပါအ၀င်နိုင်ငံအများစုကိုအမေရိကန်အစိုးရကအခွန်တိုးမြှင့်ကောက်ခံမယ်ဆိုပြီးသတင်းတွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုအမေရိကန်နိုင်ငံကအခွန်တိုးကောက်တဲ့ကိစ္စရပ်ဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအချို့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပြီး မြန်မာကိုမှီခိုနေတဲ့ တရုတ်လုပ်ငန်းရှင်အချို့ကတော့ စီးပွားရေးပိုင်းဆိုင်ရာမှာထိခိုက်မှုတွေရှိလာနိုင်မယ်လို့ လေ့လာသူတွေကသုံးသပ်ထားကြပါတယ်။
မြန်မာနိုင်ငံအစိုးရဘက်ကတော့အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် အရင်ကတည်းကချမှတ်ထားခဲ့တဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျော့ရုပ်သိမ်းပေးဖို့အထူးမေ တ္တာရပ်ခံထားတယ်လို့ သိရပါတယ်။
“တချို့စက်ရုံတွေလည်းပိတ်မယ်လို့အသံတွေကြားနေရတယ်။ပိုပြီးခံ စားရတာကအခုစက်ရုံပိတ်သွားတော့နယ်ဘက်ကလူတွေအကုန်အ လုပ်လက်မဲ့ဖြစ်ကုန်ကြတယ်”လို့အထည်ချုပ်လုပ်သမတယောက်က သူရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
ဒါအပြင် အမေရိကန်နိုင်ငံကမြန်မာ နိုင်ငံအပေါ်စည်းကြပ်ခွန် ၄၀% ကောက်ခံမယ်ဆိုတာဟာအမေရိကန်ရဲ့အဓိကရည်ရွယ်ချက်က တရုတ်လုပ်ငန်းအများစုကိုရည်ရွယ်တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
“အမေရိကန်စည်းကြပ်ခွန်တွေကြောင့်စက်ရုံတွေကထုတ်နေတဲ့ကုန်ပစ္စည်းတွေရောင်းအားကျမယ်။ရောင်းအားကျရင်ကုန်ထုတ်လုပ်မှုလျော့မယ်။ထုတ်လုပ်မှုလျော့ရင်စက်ရုံလုပ်သားတွေကိုထိခိုက်လာမယ်။စက်ရုံတွေပိတ်သိမ်းသွားရင်အလုပ်လက်မဲ့တွေပိုများလာမယ်” လို့ လေ့လာသူတယောက်က သူရဲ့အမြင်ကို သုံးသပ်ပြောပြထားပါတယ်။
အခုတရုတ်နိုင်ငံသားပိုင်ကျောပိုး အိတ်စက်ရုံပိတ်သိမ်းလိုက်သော် လည်းအချို့သောရန်ကုန်တိုင်းအ တွင်းမှာဖွင့်လှစ်လုပ်ကိုင်နေကြတဲ့အထည်ချုပ်စက်ရုံအချို့ကတော့ သူ့သက်ဆိုင်ရာကဏ္ဍအလိုက်၊ဌာနအလိုက်ဝန်ထမ်းအသစ်တွေနဲ့အ ထည်ချုပ်လုပ်သားအသစ်တွေကိုအများအပြားခေါ်ယူနေတယ်လို့လည်းအထည်ချုပ်စက်ရုံလုပ်သားတွေရဲ့ပြောပြမှုတွေအရ သိရပါတယ်။
စီးပွားရေးအချက်အလက်တွေအရ မြန်မာပြည်ကနေ အမေရိကကိုအများဆုံးတင်ပို့နေတာတွေက အဝတ်အထည်၊ ဖိနပ်၊ ဦးထုတ်၊လျှပ်စစ်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းတွေ အပါအဝင် ငါး၊ပုဇွန် အစရှိတဲ့ ရေထွက်ပစ္စည်းတွေနဲ့ ပရိဘောဂတွေအများဆုံးပါဝင်တယ်လို့ သိရပါတယ်။
ယခုအမေရိကန်ကအခွန်တိုးကောက်သော်လည်း မြန်မာ့အထည်ချုပ်လုပ်ငန်းတွေကို ဥရောပသမဂ္ဂကအခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် ကန်နိုင်ငံရဲ့အခွန်ကိစ္စအကျိုးသက်ရောက်မှုဟာ မြန်မာအ့ထည်ချုပ်လုပ်ငန်းတွေအပေါ် သိပ်ပြီးထိခိုက်မှုမရှိနိုင်ဘူးလို့လည်း အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်ကြတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ အမေရိကန်နဲ့ တိုက်ရိုက်ကုန်သွယ်ရတာတွေဆက် ဆံရတာတွေမရှိသလို အခွန်ကိစ္စကြောင့်လည်းမဖြစ်နိုင်ဘူးလို့ သူက အခုလို ပြောပြပါတယ်။
“မြန်မာ့အထည်ချုပ်လုပ်ငန်းတွေကိုယခင်ကတည်းက ဥရောပသမဂ္ဂက အခွန်ကင်းလွတ်ခွင့်ပေးထားတာလေ၊ဒါနဲ့ပတ်သက်ပြီးအကျိုးသက်ရောက်မှုကမြန်မာ့အထည်ချုပ်လုပ်ငန်းတွေအပေါ်သိပ်ပြီးမရှိနိုင်ဘူးထင်ပါတယ်။မြန်မာအထည်ချုပ်လုပ်ငန်းကနေအမေရိကန်ကိုတင်ပို့တာကလည်းနည်းပါးပါတယ်။အထည်ချုပ်နဲ့ ပတ်သက်ပြီးသိပ်မရှိပါဘူး။အမေရိကန်အခွန်ကမြန်မာ့အထည်ချုပ်လုပ်ငန်းတွေအပေါ်မှာတိုက်ရိုက်အကျိုးသိပ်မသက်ရောက်ပါဘူး။ကျောပိုးအိတ်ဆိုအမေရိကန်ကိုပို့တာရှားပါတယ်။မြန်မာကဆိုရေ ထွက်ပစ္စည်းလောက်ပဲပို့တာရှိတယ်။အခွန်ကြောင့်ဆိုတာကတော့ ဖြစ်ဖို့ရာခိုက်နှုန်းနည်းပါတယ်”လို့ သူရဲ့ အမြင်ကို ပြောပြပါတယ်။
တရုတ်နိုင်ငံသားပိုင်အိတ်ချုပ်စက်ရုံပိတ်သိမ်းလိုက်ခြင်းနဲ့ ပတ်သက်လို့တော့ စက်ရုံဘက်ကသတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးမတွေ့ရပါဘူး။သို့သော်စက်ရုံဝန်ထမ်းတွေဘက်ကတော့ စက်ရုံပိတ်သိမ်းတာမှန်ကန်ကြောင်းပြောဆိုထားမှုတွေကိုတော့တွေ့ရပါတယ်။
ဒါအပြင် မြန်မာနဲ့ အမေရိကန်နိုင်ငံကုန်သွယ်မှုပမာဏဟာ ၂ဝ၂၃ – ၂ဝ၂၄ ခုနှစ်ဘဏ္ဍာနှစ်မှာကုန်သွယ်မှုပမာဏအားဖြင့်အမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိခဲ့ပြီး ၂ဝ၂၄ – ၂ဝ၂၅ ခုနှစ်ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏအားဖြင့်အမေရိကန်ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေမှာတော့ အထည်ချုပ်လုပ်ငန်းအများစုဟာလည်ပတ်လုပ်ကိုင်နေကြသေးတယ်လို့စက်မှုဇုန်အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက VOM က ပြောပါတယ်။
“အထည်ချုပ်လုပ်ငန်းတွေလည်ပတ်နေသေးတယ်လို့ ပြောလို့ရပါတယ်။မနက်နဲ့ ညနေဆိုစက်ရုံဖယ်ရီတွေ ကားကြီး၊ကားငယ်တွေနဲ့
စက်မှုဇုန်ထဲမှာ ဝန်ထမ်းတွေကိုကြို/ပို့လုပ်နေကြတာပဲလေ၊လျှပ်စစ်မီးမမှန်တာတောင် တချို့စက်ရုံတွေဆိုမီးစက်မောင်းပြီးအလုပ်လုပ်နေကြတာကိုတွေ့ရတယ်။ဒါကလုပ်ငန်းရှင်အပိုင်းကပြန်ကြည့်ရင်သူတို့လုပ်နိုင်သေးလို့ပဲလုပ်နေကြတာလို့ပဲပြောရမယ်။ဒီလုပ် ငန်းတွေကရှုံးတယ်၊အရင်းအနှီးအရအကျိုး အမြတ်မရဘူးဆိုဘယ်သူကအရှုံးခံပြီးဆက်လုပ်မလဲ၊သူတို့စက်ရုံတွေလည်ပတ်နေတဲ့အတွက်အထည်ချုပ်လုပ်ငန်းတွေလည်ပတ်နေသေးတယ်လို့ ပြောလို့ရတယ်၊စက်ရုံတရုံ တရုံဆိုဝန်ထမ်းအင်အားကမနည်းဘူးလေ၊အနည်းဆုံးလူ ၄ဝဝ ၊ ၅ဝဝ ပဲ”လို့ ဒဂုံဆိပ် ကမ်းစက်မှုဇုန်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူတယောက်က ဆက်ပြီးပြောပြပါတယ်။
သို့သော်လည်းဈေးကွက်ကျွမ်းကျင်သူတွေကတော့ မြန်မာ့ပို့ကုန်တွေနဲ့ ပတ်သက်ပြီးအမေရိကန်ဈေးကွက်အစားအခြားဈေးကွက်တခုကိုရှာ ဖွေဖို့လိုအပ်တယ်လို့လည်းအကြံပြုထားကြပါတယ်။
Photo – Google
ပုံစာ – ပိတ်သိမ်းခဲ့သည်ဆိုသော ဝါးတရာစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင်ကျောပိုးအိတ်စက်ရုံအားတွေ့မြင်ရစဉ်။
