SM
မြန်မာ့လူ့ဘောင်ရဲ့ အနာဂတ်ကို ထမ်းဆောင်မယ့် လူငယ်ထုဟာ လက်ရှိအချိန်မှာ အကြီးမားဆုံးသော စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၉ခုနှစ်က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်တချို့ရဲ့ ပညာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် ကျောင်းဆက်မတက်ဖြစ်တော့တဲ့ လူငယ်ဦးရေဟာ သိသိသာသာ မြင့်တက်လာပြီး သူတို့ရဲ့ အခြေအနေကို သေသေချာချာ သုံးသပ်ဖို့ လိုအပ်လာပါတယ်။
ပထမဆုံးအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ထားခဲ့ရတဲ့အတွက် ပညာသင်ကြားမှု စနစ်တစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အွန်လိုင်းသင်ကြားရေးစနစ်ကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြပေမယ့် အင်တာနက်ချိတ်ဆက်မှု အခက်အခဲ၊ နည်းပညာပစ္စည်း ကန့်သတ်ချက်နဲ့ ဆရာ၊ ဆရာမတွေရဲ့ ကျွမ်းကျင်မှု အားနည်းချက်တွေကြောင့် ထိရောက်မှု မရှိခဲ့ပါဘူး။
အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ မိသားစုက လူငယ်အများစုဟာ ဖုန်း၊ ကွန်ပျူတာ မပိုင်ဆိုင်နိုင်တာကြောင့် သင်ကြားမှု အခွင့်အလမ်းနဲ့ အလှမ်းဝေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပညာရေးစနစ်ကနေ အလိုအလျောက် ထွက်ခွာခဲ့ရသူတွေ များပြားလာခဲ့ပါတယ်။
အမျှော် အမြင်ရှိတဲ့ မိဘတွေကတော့ ပညာရေးအဆက်ပြတ်မသွားအောင် လုံးလစိုက်ထုတ်ခဲ့တာတွေလည်း မြင်တွေ့ရပါတယ်။ တချို့မိဘတွေကတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပညာရေးဆိုတာကို လွတ်ချလိုက်ကြပါတယ်။
အဲဒီအချိန်မှာ လူငယ်တချို့ဟာ အချိန်မတန်ခင် ကြုံရာကျဘမ်းလုပ်ငန်းခွင်တွေထဲ ရောက်ကုန်ကြတာတွေ့ရပါတယ်။ ဒီနေရာမှာလည်း ကောင်းရောင်း၊ကောင်းဝယ် အလုပ်ခွင်တွေထဲရောက်သွားတာတွေရှိသလို မသမာတဲ့လုပ်ငန်းခွင်တွေထဲ ရောက်သွားတာလည်းရှိပါတယ်။ယောင်္ကျားလေး၊မိန်းကလေး ခွဲပြီး မရေးတော့ပါဘူး။ရေးပြစရာတော့ အများကြီးရှိပါတယ်။
ကျွန်တော်တို့လက်တကမ်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာကိုပဲ ကျောင်းနေအရွယ် လုပ်သားလေးတွေ မြင်တွေ့နိုင်ပါတယ်။ အများစုက အခြေအနေအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်တော့တဲ့သူတွေများပါတယ်။
ဒုတိယအချက်အနေနဲ့၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအခြေအနေဟာ ပညာရေး အခွင့်အလမ်းတွေကို ထပ်မံ ထိုးနှက်ခံခဲ့ရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို CDM လုပ်ခိုင်းတာ၊ ပြည်တွင်းရေး မငြိမ်မသက်မှုတွေကြောင့် စီးပွားရေးကျဆင်းလာတာ ၊မိသားစုဝင်ငွေတွေ ထိခိုက်ခဲ့ရပါတယ်။ မိဘတွေဟာ သားသမီးတွေကို ကျောင်းဆက်ထားဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။
တချို့မိဘတွေဟာ စားဝတ်နေရေးအတွက် သားသမီးတွေကို အလုပ်ခွင်ထဲ အတင်းအကျပ် ဝင်ရောက်စေခဲ့တာမျိုးတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေကြောင့် ကျောင်းတွေဟာ စစ်ဘေးရှောင်စခန်းတွေလို ဖြစ်လာတာ၊ စစ်ပွဲတွေကြောင့် ကျောင်းတွေ ဖျက်ဆီးခံရတာ စတဲ့ အခြေအနေတွေဟာ ကျောင်းသားလူငယ်တွေအတွက် ဘေးအန္တရာယ်ဖြစ်စေတာကြောင့် ပညာရေးကို စွန့်လွှတ်လိုက်ကြရပါတယ်။ အများစုကတော့ မတည်ငြိမ်သေးတဲ့ ဒေသတွေပဲဖြစ်ပါတယ်။
ဒီအခြေအနေနှစ်ခုရဲ့ ပေါင်းစည်းမှုကြောင့် ပညာရေးစနစ်ကနေ လွတ်ထွက်သွားတဲ့ လူငယ်တွေဟာ လက်ရှိမှာ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်နေရပါတယ်။ ကျောင်းပြန်တက်ခွင့်ရချိန်မှာ အရွယ်ကကြီး အတန်းကငယ်နေတော့ မတက်ချင်ကြတော့တာကြောင့် သာမာန်အရပ်သားတွေလို ကျောင်းပြင်ပရောက်သွားတာ ဒုနဲ့ဒေးပါ။
ပညာမတတ်မြောက်တဲ့အတွက် အလုပ်ကောင်းကောင်း မရရှိနိုင်ဘဲ အနာဂတ်မှာ စီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်ရှိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့အတွက် စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်ထုရဲ့ ပညာရေးပေါ်မှာ မူတည်နေတာကြောင့် ဒီလိုလူငယ်တွေ ပညာရေးကနေ ဝေးကွာသွားတာဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုတခုပါပဲ။
ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့က အဓိကအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေး တည်ငြိမ်လာမှသာ ပညာရေးစနစ်ကို ပြန်လည် ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပညာရေးစနစ်ကနေ ထွက်ခွာသွားတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေပေးတာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးအပ်တာ စတဲ့ ကာလတို အစီအစဉ်တွေကိုလည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
တည်ငြိမ်တဲ့မြို့ပြတွေ၊ ကျေးလက်တွေမှာတော့ လက်ရှိအစိုးရက ပညာရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့နေကြတာ မြင်တွေ့ရပါတယ်။ ပညာရေးဆိုတာ တနေရာထဲ ကောင်းနေရုံနဲ့မပြီးသေးပါဘူး။ တနိုင်ငံလုံးလွှမ်းခြုံနိုင်မှလည်း နိုင်ငံ့အနာဂါတ်ကောင်းမွန်လာမှာဖြစ်သလို လူငယ်အရင်းအမြစ်တွေလည်း ဆုံးရှုံးမှုနည်းသွားမှာဖြစ်ပါတယ်။
ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ လူငယ်တွေရဲ့ ပညာရေးကို ကွယ်ပျောက်စေခဲ့ပြီး သူတို့ရဲ့ အနာဂတ်ကိုလည်း မှောင်မိုက်စေခဲ့ပါတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် လူမှုအဖွဲ့အစည်း၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအားလုံး ပူးပေါင်းပါဝင်ပြီး အနာဂတ် မျိုးဆက်သစ်တွေရဲ့ ပညာရေး အခွင့်အလမ်းတွေကို ပြန်လည်ဖန်တီးပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ သူတို့ရဲ့ အနာဂတ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်လို့ပါပဲ။
ကျောင်းနေအရွယ်ကလေးတိုင်း ဘယ်နေရာရောက်ရောက် စာသင်ကို သင်နိုင်ရပါမယ်။
ပွင့်သောပန်းတိုင်း လန်းနိုင်ကြပါစေ။
SM(VOM)
