စက်တင်ဘာ ၄၊ ၂၀၂၅
Shy V (VOM)
လားရှိုးမှာ နလအ တပ်ဖွဲ့နဲ့ MNDAA တို့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ထပ်မံတွေ့ဆုံကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဆင်နှစ်ကောင် ဟိုတယ်မှာ စက်တင်ဘာလ ၂ ရက်နေ့က စည်းဝေးစတယ်။ MNDAA တွေ လားရှိုးထဲ ဝင်လာတယ်။ အများကြီးပဲ ဝင်လာတာတွေ့တယ်” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
MNDAA တွေ ဝင်လာတော့ နလအ တပ်ဖွဲ့တွေက လမ်းရှင်းပေးနေတာလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။
“အရင်နေ့က ဘာတွေ ဆွေးနွေးကြလဲ မသိဘူး။ မအောင်မြင်ဘူးလို့ ပြောသံပဲကြားတယ်။ စစ်တပ်ဘက်ကေတာ့ ဒီ ၉ လပိုင်း ၉ ရက်နေ့ သိန္နီကို ပြန်ပေးဖို့ ပြောထားတယ်လို့ကြားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
၉ လပိုင်း ၉ ရက်နေ့ ပြန်မပေးရင် တိုက်ယူမယ်လို့ ပြောတယ်လို့ ကြားရပြီး စက်တင်ဘာလ ၁ ရက်နေ့ကတည်းက လားရှိုးမှာ MNDAA တွေကိုတွေ့တယ်လို့ သူက ပြောပါတယ်။
“သိန္နီက နလအတပ်တွေ ဝင်မယ့် သဘောရှိတယ်။ တပ်ရင်း နှစ်ခုပေါ့၊ တပ်ရင်း နှစ်ခုကို ဝင်နေမယ်တဲ့ သိန္နီမြို့ကို။ MNDAA ဘက်ကလည်း နလအ တပ်ဖွဲ့က သိန္နီမှာ ဝင်နေမယ်ဆိုရင် MNDAA ဘက်ကလည်း လားရှိုးမှာ မြို့ထဲ ဝင်နေမှာပေါ့လို့ ပြောသံကြားနေတယ်။” လို့ နယ်စပ်ဒေသခံ တယောက်က ပြောပါတယ်။
ဒါပေမယ့် နလအ လက်အောက်ခံ ဌာဆိုင်ရာ ဝန်ထမ်း တွေကတော့ သိန္နီမြို့ထဲ နေလို့ရပေမယ့် နလအ တပ်က ဝင်နေလို့ မရဘူး ဆိုပြီးတော့ ပြောနေကြတာကြားတယ်လို့ သူက ပြောပါတယ်။
နလအ တပ်ဘက်ကတော့ တဖြည်းဖြည်းတော့ တိုးလာမယ့် အနေအထားတွေ့ရပြီး တရုတ်နိုင်ငံဘက်ကသာ နလအ တပ်ဖွဲ့ကို ထောက်ခံမယ်ဆိုရင်တော့ အခြေအနေက လွယ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့ဘက်ကတော့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ပေးလိုတဲ့ ဆန္ဒ မရှိသလို တခြား မည်သည့် လက်နက်ကိုင် အဖွဲ့မှာ သူတို့ ထိန်းချုပ်နယ်မြေမှာ မနေစေချင်တာကိုတွေ့ရတယ်လို့ မုံးကိုး ဒေသခံ တယောက်က ပြောပါတယ်။
နယ်မြေ ပြန်မပေးလိုပေမယ့် တရုတ် ဖိအားကြောင့် နလအ တပ်ဖွဲ့နဲ့ သဘောတူပြီး ပြည်သူ့စစ် ပုံစံ နေထိုင် သွားမယ့် အနေအထားတွေ့ရပေမယ့် အတူ ပူးပေါင်းတိုက်ပွဲ ဝင်ခဲ့တဲ့ မဟာမိတ် တပ်ဖွဲ့တွေရှိနေတာကြောင့် ရုတ်ချည်း ပြောင်းလဲ ပစ်တာမျိုးမဟုတ်ပဲ မသိမသာ လှုပ်ရှားနေတာတွေ့ရတယ်လို့ ဆိုပါတယ်။
နလအ တပ်ဖွဲ့နဲ့ နီးစပ်သူတွေတော့ ၂၀၀၈ အခြေခံဥ ပဒေမှာ သတ်မှတ်ထားတဲ့အတိုင်းသာ အတည်ဖြစ်ပြီး ဆုတ်ခွာခိုင်းထားတဲ့ နယ်မြေတွေကနေ မဆုတ်ခွာပါက ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။
Photo : Shy V
