စက်တင်ဘာ ၇ – ၂၀၂၅
SN (VOM)
မန္တလေးမြို့မှာ ကလေးတွေကို ဖမ်းဆီးနှိပ်စက် တောင်းရမ်းခိုင်းနေတဲ့ အဖွဲ့တွေ ပေါ်ပေါက်နေပြီး သက်ဆိုင်ရာအနေနဲ့ ဥပဒေနဲ့အညီ ဖမ်းဆီး အရေးယူဖို့ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့တွင်း လူစည်ကားရာ လမ်းမကြီးတွေဖြစ်တဲ့ ၂၆ လမ်း၊ ၇၈ လမ်း၊ ၃၅ လမ်း၊ လမ်း ၈၀၊ ၆၂ လမ်းနဲ့ ဘူတာကြီးနဲ့ သိပ္ပံလမ်းတလျှောက် စတဲ့ နေရာတွေမှာ ကလေးငယ်တွေ အဖွဲ့လိုက် တောင်းရမ်းနေတတ်ပြီး အဆိုပါ နေရာတွေဟာ ယာဉ်အသွားအလာများတဲ့ နေရာတွေဖြစ်တာကြောင့် လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်တွေသာမက လမ်းသွားလမ်းလာတွေပါ ယာဉ်အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
“မန္တလေးမီးပွိုင့်တွေမှာ ကလေးတွေ စိတ်မပါဘဲ တောင်းနေတာ ခဏခဏမြင်ရတယ်။ တချို့ကလေးတွေဆို မျက်လုံးတဖက် မမြင်ရတာတို့ ဒဏ်ရာတွေနဲ့တွေ့ရတယ်။ သူတို့နောက်ကွယ်မှာ အတင်းခိုင်းစေသူတွေ ရှိကိုရှိရမယ်။ မြင်ရတာ စိတ်မချမ်းသာဘူး။ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ နောက်ကွယ်က ခိုင်းစေသူတွေကို ဖမ်းဆီး အရေးယူသင့်တယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။
လတ်တလော လူမှုကွန်ရက်ပေါ်မှာလည်း ဒဏ်ရာ ဗရပွနဲ့ လိုက်လံ တောင်းရမ်းနေတဲ့ မန္တလေးမြို့က ကလေးငယ် တယောက်ရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့နေတာဖြစ်ပြီး အဆိုပါကလေးကို ကူညီပေးဖို့ တောင်းဆိုနေကြတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။
အဆိုပါ ကလေးငယ်ရဲ့ ဓာတ်ပုံ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့အပြီးမှာတော့ ဒေသအခြေစိုက် ပရဟိတအဖွဲ့ တဖွဲ့မှ ကလေးငယ်ကို သွားရောက် ခေါ်ယူခဲ့ပြီး လက်ရှိမှာ လိုအပ်တဲ့ ဆေးဝါး ကုသပေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်အသင်းအနေနဲ့ ဒီကလေးကို လမ်းဘေးမှာတွေ့လို့ ဆေးကုပေးဖို့ ခေါ်လာတာပါ။ ကလေးအသက်က ရှစ်နှစ်လောက်ရှိမယ်။ အဲဒီ ကလေးရယ်၊ နောက်ထပ် နို့စို့အရွယ် ကလေးတယောက်ရယ်၊ သူတို့ အမေရယ်ပေါ့။ သုံးယောက်လုံးကို ခေါ်လာပြီး ဆေးကုပေးနေပါတယ်။ လောလောဆယ်တော့ သက်ဆိုင်ရာ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ပေါင်းစပ်ပြီး ကူညီပေးနေတာပါ” လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာများစွာ ရရှိထားတဲ့ ကလေးငယ်ကို ဆေးခန်းပြသရာမှာတော့ အရေးပေါ် အခြေအနေဖြစ်တာကြောင့် ဆေးရုံ ချက်ချင်းတင်ဖို့ ဆရာဝန်က ညွှန်ကြားခဲ့အတွက် ဆေးရုံကို ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
“မျက်လုံးက စိုးရိမ်ရ အခြေအနေပါ။ သွေးပြည်တွေ ထွက်နေရှာတယ်။ ဒီအတိုင်း ပစ်ထားရင် အန္တရာယ်များပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ကလေးငယ်တွေ တောင်းရမ်းခိုင်းတဲ့ ဖြစ်စဉ်မှာ ကလေးခြောက်ယောက်အမေ မုဆိုးမကို ကလေးတွေနဲ့ အကြပ်ကိုင်ပြီး သားအမိတွေ အားလုံးကို ငွေကြေး တောင်းရမ်းခိုင်းတာလို့ သိရပြီး နောက်ထပ် ကလေး လေးယောက်ကတော့ ခိုင်းစေသူအဖွဲ့ဆီမှာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
“ဒါကြီးက ဂိုဏ်းတွေနဲ့ လုပ်နေတာ။ ဘယ်သူမှ မဖြေရှင်းပေးနိုင်သေးဘူး ဖြစ်နေတယ်။ အဲဒီလို ကလေးတွေဆိုတာ အများကြီးပဲတဲ့။ ဒါပေမယ့်လည်း ဘယ်သူကမှ ရေဆုံးမြေဆုံးလိုက်ပြီး မကူညီပေးနိုင်ကြဘူး ဖြစ်နေတယ်” လို့ နောက်ထပ် မန္တလေးမြို့ခံတယောက်က ပြောပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လှုပ်ရှားသူတယောက်က ကလေးသူငယ်ဆိုတာဟာ နိုင်ငံတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်ပြီး သူတို့ကို မွေးရာပါ အခွင့်အရေးတွေ ရရှိအောင်၊ သူတို့ ရသင့် ရထိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေ ရရှိအောင် နိုင်ငံတော်၊ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်အပြင် ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်တွေ အနေနဲ့လည်း ပံ့ပိုးပေးသင့်တယ်လို့ ဆိုပါတယ်။
“ကလေးတွေကို တောင်းရမ်းခိုင်းတာ၊ အသုံးချတာ၊ ညှင်းပန်း နှိပ်စက်တာနဲ့ ပတ်သက်လို့ ဥပဒေရှိပါတယ်။ အဲဒီလိုမျိုး နှိပ်စက်ညှင်းပန်း အခိုင်းခံနေရတာမျိုး မြင်ရင် ဘယ်သူမဆို ဝင်ရောက် ဟန့်တားပေးဖို့ လိုပါတယ်။ သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားပေးဖို့လည်း လိုပါတယ်။ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူတိုင်း လူတိုင်းမှာ လူမှုရေးအရ တာဝန်ရှိပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ် တောင်းရမ်းနေသည်ကို တားမြစ်ရန် ပျက်ကွက်ခြင်း၊ ကလေးသူငယ်ကို တောင်းရမ်းစေခြင်း၊ မိမိတောင်းရမ်းရာမှာ ကလေးသူငယ်ကို အသုံးပြုခြင်းတို့ကို ပြုလုပ်ပါက ပုဒ်မ (၁၀၂)အရ အရေးယူခြင်း ခံရမှာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
“ဒီ ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ အမှုအခင်း ဖြစ်ပြီဆိုရင် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကတော့ ကျွန်တော့် တယောက်တည်းရဲ့ အမြင်အရတော့ အခုအချိန်အထိ အားရ ကျေနပ်စရာ မတွေ့ရသေးပါဘူး။ အလားတူ တချို့သော သက်ဆိုင်ရာ ဌာနတွေကလည်း ကလေးသူငယ်တွေနဲ့ ပတ်သတ်လို့ ကိုင်တွယ် ဆောင်ရွက်တဲ့ နေရာမှာ ကလေးအခွင့်အရေးကို ထည့်သွင်းစဉ်းစားတာမျိုး အင်မတန် နည်းပါးနေပါသေးတယ်” လို့ ကလေးအခွင့်အရေး လှုပ်ရှားသူက ပြောပါတယ်။
“ကလေးသူငယ်” လို့ ဆိုရာမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၃ (ခ) အရ အသက် (၁၈) နှစ်မပြည့်သေးသူတိုင်း ကလေးသူငယ်အဖြစ် အကျုံးဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ (၁၁၇) အရ ကလေးသူငယ် ဥပဒေပါ ပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Photo – Kyaw Gyi (MDY)
