ပြုံးယမ်း၊ စက်တင်ဘာ-၉-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်အတွက် အဆင့်မြင့်ဒုံးအင်ဂျင် စမ်းသပ်မှုအောင်မြင်ခဲ့ပြီး ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံတော် ထူထောင်ခြင်း ၇၇ နှစ်ပြည့်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကာဗွန်ဖိုက်ဘာ၊ တခြားပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဒီစွမ်းအားမြင့်အင်ဂျင်ဟာ ကြီးမားတဲ့ တွန်းကန်အား ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ ဒီအင်ဂျင်ရဲ့ နဝမအကြိမ်မြောက် နောက်ဆုံးမြေပြင်စမ်းသပ်မှုဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ စမ်းသပ်မှုရလဒ်ကို ချီးကျူးခဲ့ပြီး နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးမှာ အရေးပါတဲ့ ပြောင်းလဲမှုတရပ်လို့ ပြောပါတယ်။
ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွမ်းရည် ချဲ့ထွင်ရေးအတွက် စိန်ခေါ်မှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ပြောဆိုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
စက်တင်ဘာ ၁ ရက်နေ့က ကင်ဂျုံအန်ဟာ ဒုံးကျည် သုတေသနဌာနကို သွားရောက်ခဲ့ပြီး အင်ဂျင်အကြောင်း အချက်အလက်တွေကို စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။ ဒီအင်ဂျင်ကို နောက်မျိုးဆက် ဟွာဆောင်-၂၀ တိုက်ချင်းပစ်ဒုံးကျည်မှာ အသုံးပြုသွားမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မကြာသေးမီက တရုတ်နိုင်ငံမှာ ကျင်းပတဲ့စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်အပြင် ရုရှားသမ္မတ ပူတင်တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ ယူကရိန်းကိုကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားနဲ့ စစ်ရေးအနီးကပ် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။
Ref:NHK
Photo:Yonhap
